မွန်တက်ဆိုရီ

အီတလီ ကျောင်းဆရာမ၊ ဒဿနိကပညာရှင်နှင့် သမားတော်

မာရီယာ မွန်တက်ဆိုရီ (အင်္ဂလိပ်: Maria Montessori) သည် ၁၈၇၀ ပြည့်နှစ် တွင်မွေးဖွားပြီး ၁၉၅၂ ခုနှစ်တွင်ကွယ်လွန်ခဲ့သည်။ အီတလီမှကျောင်းဆရာမတစ်ဦးဖြစ်ပြီး ဆရာဝန်တစ်ဦးလည်း ဖြစ်သည်။ ငယ်ရွယ်သောကလေးများကို သင်ကြားရာတွင် ယနေ့တိုင်လူသိများခဲ့သည့် မွန်တက်ဆိုရီနည်းကို တီထွင်ခဲ့သူလည်းဖြစ်သည်။ ထိုနည်းကို ရောမမြို့တော်တွင် ၁၉၀၇ ခုနှစ်၌ စတင်မိတ်ဆက်ပေးခဲ့ပြီး ကမ္ဘာအနှံ့ပျံ့နှံ့သွားခဲ့ရသည်။ မာရီယာ မွန်တက်ဆိုးရီးသည် အီတာလျံ အမျိုးသမီး ပညာရေး သုတေသီဖြစ်၍ မွန်တက်ဆိုးရီး ပညာသင်ကြားနည်းကို တီထွင်သူဖြစ်သည်။ ၁၈၉၄ ခုနှစ်တွင် ရောမ တက္ကသိုလ်မှ ဆေးပညာဘွဲ့ကို အီတာလျံ အမျိုးသမီးထဲတွင် ပထမဦးဆုံး ရရှိသူဖြစ်ပေသည်။ ဒေါက်တာ မွန်တက်ဆိုးရီးသည် စိတ် ပျော့ညံ့သော ကလေးများကျောင်းတွင် ကျောင်းဆရာမကြီး အဖြစ် အမှုထမ်းနေစဉ် ပညာသင်ကြားရေး နည်းသစ်များကို စမ်းသပ်ကြည့်ရာ အောင်မြင်ကြောင်း တွေ့ရလေသည်။

Maria Montessori
Montessori in 1913
မွေးဖွားMaria Tecla Artemisia Montessori
(1870-08-31)ဩဂုတ် ၃၁၊ ၁၈၇၀
Chiaravalle, Marche, Italy
ကွယ်လွန်မေ ၆၊ ၁၉၅၂(1952-05-06) (အသက် ၈၁)
Noordwijk, South Holland, Netherlands
ထာဝရ နားခိုရာနေရာNoordwijk, Netherlands
နိုင်ငံလူမျိုးအီတလီ
ပညာရေးUniversity of Rome La Sapienza Medical School
အလုပ်အကိုင်Physician and educator
ကျော်ကြားမှုအရင်းခံFounder of the Montessori method of education
သားသမီးMario Montessori Sr.
လက်မှတ်

ထိုနောက် သာမန် ကလေးသူငယ်များကိုလည်း မိမိတီထွင်သော ပညာသင်ကြားရေး နည်းသစ်များဖြင့် သင်ကြားပေး ရလျှင် ပို၍ အောင်မြင်ရမည်ဟူသော ယုံကြည်ချက်ဖြင့် ၁၉ဝ၇ ခုနှစ် တွင် ရောမမြို့၌ မွန်တက်ဆိုးရီး စာသင် ကျောင်းကို စတင် တည်ထောင်လေသည်။ ထိုကျောင်းကို ကလေးဂေဟာဟူ၍ ကင်ပွန်းတပ်သည်။ ၁၉၂၂ ခုနှစ်တွင် အစိုးရက ဒေါက်တာ မွန်တက်ဆိုးရီးကို ပညာဝန်အဖြစ် ခန့်အပ်လေသည်။

မွန်တက်ဆိုရီကို အီတလီနိုင်ငံ၊ အန်ကိုနာပြည်နယ်၊ ချာရာဗီးလ်မြို့တွင် မွေးဖွားခဲ့သည်။ ရောမတက္ကသိုလ်တွင် ဘွဲ့ရခဲ့ပြီး၊ ၁၈၉၄ ခုနှစ်တွင် ဆေးပညာဘွဲ့ကိုပထမဦးဆုံးရရှိသည့် အီတလီအမျိုးသမီးတစ်ဦးဖြစ်လာသည်။ တက္ကသိုလ် စိတ်ရောဂါကု ဆေးခန်းတွင် ဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ရာမှ ဉာဏ်ရည်ဖွံ့ဖြိုးမှုနည်းသည့်ကလေးများအား ပညာသင်ကြား ပေးရေးကို စိတ်ဝင်စားလာခဲ့သည်။ သူမသည် ဉာဏ်ရည်ဖွံ့ဖြိုးမှုနည်းသည့်ကလေးများကို သင်ကြားပေး၍ရကြောင်း ပညာရှင်များ လက်ခံလာစေရန် စည်းရုံးသိမ်းသွင်းလုပ်ဆောင်ပြလာနိုင်သည်။

၁၉၀၁ ခုနှစ်တွင် မွန်တက်ဆိုရီကို ရောမစိတ်ရောဂါကုကျောင်းတွင် ကျောင်းအုပ်အဖြစ်ခန့်အပ်လိုက်သည်။ ထိုကျောင်းသည် ဉာဏ်ရည်မမီသည့် ကလေးများအား ကျောင်းအိပ်ကျောင်းစားအဖြစ်ထားကာ လက်ခံကုသပေးသည့်ကျောင်းဖြစ်သည်။ ပြင်သစ်မှ ကျောင်းဆရာများဖြစ်ကြသည့် ဂျင်းအီတတ်၊ အီဒေါ့ဆီဂျမ်းတို့နှင့်ပူးပေါင်းပြီး ကလေးများ၏စိတ်ကို လှုံ့ဆော်ပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေကြသည်။ ဉာဏ်ရည်မမီသူများအား ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ရန် လေ့ကျင့်သင်ကြားပေးကြသည်။ သူမလုပ်ဆောင်ချက်များသည် နိုင်ငံအနှံ့သတင်းပျံ့နှံ့သွားပြီး ဤကျောင်းမှ အရွယ်ရောက်ဖွံ့ဖြိုးသည့် အဆင့် ၆ ကို အောင်မြင် သည့်ကျောင်းသားများအား အီတလီပုဂ္ဂလိကကျောင်းများမှ လက်ခံသည်အထိ အောင်မြင်မှုရ ခဲ့သည်။

မွန်တက်ဆိုရီနည်း

ပြင်ဆင်ရန်

မွန်တက်ဆိုရီ၏နည်းသည် သာမန် အသိဉာဏ်ရှိသည့်ကလေးများနှင့် သင့်လျော်သည်ဟု သူကယုံကြည်သည်။ သို့ဖြစ်ရာ ၁၉၀၇ ခုနှစ်တွင် ပထမဦးဆုံး မွန်တက်ဆိုရီကျောင်းကို ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်းကို သူက "ကလေးဂေဟာ" ဟုအမည်ပေးခဲ့ပြီး ရောမမြို့ဆင်းရဲသားရပ်ကွက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ တစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်းမှ မွန်တက်ဆိုရီ၏ကျောင်းသားများ ကို လာရောက်ကြည့်ရှုလေ့လာရသည် အထိအောင်မြင်ခဲ့သည်။ အသက် ၅ နှစ် မပြည့်သေးသည့်ကလေးငယ်များသည် အရေး အဖတ်တတ်မြောက်စေရန် သင်ကြားရမည့်အစား ကိုယ်ကြိုက်ရာ ကစားခြင်း၊ ကလေးကိုဒဏ်ဖြစ်စေမည့် ဖိအားပေး သင်ကြားမည့် အစား စိတ်ဖွံ့ဖြိုးရေးကိုဦးစားပေးပြီး သင်ကြားနည်းစနစ်များကို လူတိုင်းကစိတ်ဝင်စားလာကြသည်။

မွန်တက်ဆိုရီသည် သူ့ပညာရေး စနစ်ကို လွတ်လပ်မှုအပေါ်အခြေခံထားသည်။ ကလေးများအတွက် သီးသန့် စီစဉ်မှုပြု လုပ်ထားသည့် ပတ်ဝန်းကျင်တွင် သင်ကြားသူဆရာအနေဖြင့် မဟုတ်ဘဲ ထိန်းသိမ်းကြီးကြပ်သူ ဆရာက လွတ်လပ်စွာ ကလေး အလိုကျ လှုပ်ရှားခွင့်ပေးခြင်းသည် မွန်တက်ဆိုရီနည်း၏ အဓိကကျသည့်အချက်ဖြစ်သည်။

စာသင်ခန်းတစ်ခန်းတွင်ရှိသည့် ဆရာကို သူမက စီစဉ်ညွှန်ကြားသူ ဒါရိုက်တာတစ်ယောက်အနေဖြင့်သာ လက်ခံသည်။ သူတို့အလုပ်သည် ကလေးများကို သင်ကြားရန်မဟုတ်။ ကလေးများဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့စိတ်ဝင်စားပြီး သင်ယူချင်သည့် အကြောင်းအရာကို ညွှန်ကြားပြသပေး ရန်သာဖြစ်သည်။ မွန်တက်ဆိုရီက ကလေးသည် အသစ်အဆန်းကို သင်ယူချင်စိတ်ရှိပြီး၊ ပိုမိုခက်ခဲသည့်အကြောင်းအရာများကို ထပ်မံလေ့လာသင်ယူလိုစိတ်ရှိလျှင် နည်းမှန်လမ်းမှန်ဖြင့် သင်ယူခွင့်ရှိရေး ဒါရိုက်တာက လမ်းပြပေးရန် ဖြစ်သည်။

နောက်ပိုင်းကာလများ

ပြင်ဆင်ရန်

ကလေးဂေဟာ၏ အောင်မြင်မှု သည် နောက်ထပ်ကလေးဂေဟာပေါင်း များစွာဖြစ်ထွန်းလာစေသည်သာမက အမေရိကန်နှင့် ဥရောပတွင်ပါ ကလေးဂေဟာများနှင့် ကလေးဆရာအတတ်သင်ကျောင်းများကို ဖြစ်ပေါ်လာစေခဲ့သည်။

၁၉၃၄ ခုနှစ်တွင် မွန်တက်ဆိုရီသည် ဖက်ဆစ်စနစ်လွှမ်းမိုးသည့် အီတလီမှ ထွက်ပြေးပြီး၊ စပိန်နိုင်ငံ ဘာစီလိုးနားတွင် နေထိုင်ခဲ့သည်။ ၁၉၃၆ ခုနှစ် စပိန်ပြည်တွင်းစစ်ဖြစ်သည့်အချိန်တွင် နယ်သာလင်သို့တစ်ဖန်ပြောင်းရွှေ့သွားရပြန်သည်။ အမ်စတာဒန်မြို့အနီးရှိ လာရင်အရပ်တွင် ဆရာအတတ်သင်ကျောင်းလေးတစ်ကျောင်းကို ဖွင့်လှစ်ရာ အတော်လေးဩဇာကြီးမား သည့် ကျောင်းဖြစ်သွားရသည်။

၁၉၃၉ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ မွန်တက်ဆိုရီသည် အိန္ဒိယနှင့် သီဟို (ယခု သီရိလင်္ကာ) တို့တွင်နေထိုင်ပြီး နယ်သာလင်သို့ မပြန်မချင်း ဆရာအတတ်ပညာကျောင်းများဖွင့်လှစ်ကာ နည်းစနစ်များကို လေ့ကျင့်သင်ကြားပေးသွားသည်။ သူမသည် ဆရာများကို "ငြိမ်းချမ်းရေးလက်နက်" အဖြစ်သဘောထားသူဖြစ်သည်။ သူ့သင်နည်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို တစ်ဘက်တစ်လမ်းမှ ဆရာများ သို့မဟုတ် ဒါရိုက်တာများသည် အကောင်အထည်ဖော်ပေးနိုင်လိမ့်မည်ဟုယူဆထားသည်။ ပညာသင်ကြားရေးသည် ငြိမ်းချမ်းရေး အသွင်ဆောင်သဖြင့် ဆရာများကို သူမက ငြိမ်းချမ်းရေး လက်နက်အဖြစ်အသုံးချရန် စိတ်ကူးရသွားခြင်းဖြစ်သည်။

သူ့သင်ကြားနည်းစနစ်တွင် ဘာသာရေးသည်လည်း အခရာကျသည်။ ဘာသာတရားတွင် ရိုမင်ကက်သလစ်ဘာသာကို အလေးပေးသင်ကြားနိုင်စေရန် ပြဋ္ဌာန်းထားသည်။ သူမရေးသားသွားသည့် ထင်ရှားသောကျမ်းများမှာ - The Montessori Method, 1912; Pedagogical Anthropology, 1913; The Absorbent Mind, 1949; and The Child in the Family, 1970 တို့ဖြစ်သည်။

 
မွန်တက်ဆိုရီသည် ဆရာများကို "ငြိမ်းချမ်းရေးလက်နက်" အဖြစ်သဘောထားသူဖြစ်သည်။

မွန်တက်ဆိုးရီး ပညာသင်ကြားနည်းကို ကမ္ဘာအရပ်ရပ်ရှိ စာသင်ကျောင်းများ၌လည်း လိုက်နာကျင့်သုံးလျက် ရှိကြသည်။ ဒေါက်တာ မွန်တက်ဆိုးရီးသည် ဥရောပတိုက်ရှိ ပညာရေး စနစ်များကို လေ့လာရာ၌ စာသင်သား ကလေးများကို ချုပ်ချယ်လွန်းသည်ဟု ထင်မြင်သဘောရရှိခဲ့လေသည်။ တင်း လွန်းလျှင် ပြတ်၊ မာလွန်းလျှင် ဆတ်ဟု ဆိုသကဲ့သို့ ကလေးများအပေါ်တွင် ပညတ်ချက်များလွန်းပါက စည်းကမ်း ပေးရာ မရောက်ဘဲ လူတို့၏ ပင်ကို အရည်အချင်းကို ဖျက်ဆီးရာရောက်မည်ဟူ၍လည်း ယုံကြည်၏။ ထိုကြောင့် မွန်တက်ဆိုးရီး ပညာသင်ကြားနည်းတွင် ပထမ အဓိက အခြေခံချက်မှာ ကလေးများကို လွတ်လပ်စွာ လှုပ်ရှား ခွင့် ပေး၍ ထိန်းကျောင်းခြင်းပင် ဖြစ်သည်။ သို့ရာတွင် ကလေး များသည် မိမိတို့ရရှိသော လွတ်လပ်စွာ လှုပ်ရှားခွင့်ကို ကျင့်သုံးသည့်အခါ၌ စည်းကမ်းမဲ့ မဖြစ်စေရန် သတိချပ် ရသည်။ ကလေးများကို မိမိတို့ စိတ် ကြိုက်ရာ ရွေးချယ် လုပ်ကိုင်စေခြင်းအားဖြင့် ကိုယ့်ကံကြမ္မာ ကိုယ်တိုင် ဖန်တီး နိုင်ခြင်း၊ မကြောက်မရွံ့ လုပ်ကိုင်ဝံ့ခြင်း၊ သူတစ်ပါးအား အခွင့်အရေးပေးရန် ဆန္ဒဖြစ်ပေါ်ခြင်း စသော အရည်အချင်း များနှင့် ပြည့်စုံလာနိုင်သည်ဟူ၍လည်း သဘောပေါက်ခဲ့သည်။

ကလေးများသည် အတန်းဆရာ၏ အခြိမ်းအခြောက်၊ အမြှောက် အပင့်ကြောင့် မဟုတ်ဘဲ မိမိတို့ ဝါသနာပါရာကို လုပ်ကိုင်စေ ခြင်းဖြင့် စိတ်ပါဝင်စားမှုကို ထိန်းပေး နိုင်သည်။ သို့ဖြစ်၍ မွန်တက်ဆိုးရီး၏ ကျောင်းတွင် လွတ်လပ်မှုကို အဓိက ထားလေသည်။

မွန်တက်ဆိုးရီး ပညာသင်ကြားနည်းတွင် ဒုတိယ အဓိက အခြေခံချက်မှာ အာရုံ ခွဲခြားသိမှုအတွက် လေ့ကျင့်ခန်းများ ဖြစ်သည်။ မွန်တက်ဆိုးရီးသည် ကလေးများအဖို့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် စသော အင်္ဂါအရပ်ရပ်တို့ဖြင့် အာရုံခံစားရာ၌ ခွဲခြားသိတတ်ရန်အတွက် အလွယ်ကူဆုံးနှင့် အသင့်လျော်ဆုံး ပစ္စည်း ကရိယာများကို တီထွင်ထားသည်။ ကလေးကို ဆရာ၏ အကူအညီမပါဘဲ ထိုပညာပေး ပစ္စည်းကရိယာများဖြင့် ကစား စေသည်တွင် အာရုံ ခွဲခြားသိလာမှုကို အလိုအလျောက် ရရှိ နိုင်လေသည်။ ပုံစံအားဖြင့် သူ့အပိုင်းနှင့်သူ အထူအပါးညီမှ ဆက်စပ်၍ရအောင် ခွဲစိတ်ဖြတ်တောက်ထားသော ကစားစရာ တစ်ခုကို ကလေးအား ပြန်လည် ဆက်စပ်ခြင်းအားဖြင့် ပုံပန်း သဏ္ဌာန်တစ်ခုနှင့် တစ်ခုကိုသော်လည်းကောင်း၊ အထူအပါး တစ်ခုနှင့် တစ်ခုကိုသော်လည်းကောင်း ခွဲခြား၍ သိမြင်လာ နိုင်ပေသည်။ ထိုနည်းတူ အခြားအာရုံများအတွက်လည်း သင့်ရာ ပစ္စည်းကရိယာများဖြင့် လက်တွေ့ ခွဲခြားသိမြင် လာစေရန် ကလေးတို့အား သင်ကြားရလေသည်။

စာရေးစာဖတ်ကို သင်ကြားရာ၌လည်း စက္ကူကပ်ပြား ပေါ်တွင် သဲစက္ကူ(ကော်ပတ်စက္ကူ)ဖြင့် အက္ခရာ စာလုံးကို ဖော်၍ ကပ်ထားသည်။ ထိုသဲစက္ကူအက္ခရာပေါ်တွင် ကလေး ၏လက်ဖြင့် ထပ်ရေးဆွဲစေ၍ နှုတ်မှ ထိုအက္ခရာ အသံထွက်ကို ရွတ်ဆိုစေသည်။ ရောင်စုံပုတီးစေ့များ၊ ဂေါ်လီလုံးများဖြင့်လည်း အပေါင်း၊ အနုတ်၊ အရေအတွက် စသည်တို့ကို လက်တွေ့ သင်ပြသည်။ ယင်းသို့အားဖြင့် ကလေးတို့သည် အရေး၊ အဖတ်၊ အတွက်ကို သင်ကြရာ၌ အလုပ်ဟူ၍ မထင်မှတ်ဘဲ ကစားနေသည်ဟူ၍ပင် ထင်မှတ်စေရာ ရောက်ပေသည်။

မွန်တက်ဆိုးရီး ပညာသင်ကြားနည်းတွင် တတိယ အခြေခံ ချက်မှာ နေ့စဉ်ဆောင်ရွက်ရသည့် ကိစ္စများ အတွက် လက်တွေ့ လေ့ကျင့်ခန်းများ ဖြစ်၏။ ကလေးသည် ကြယ်သီးတပ်ခြင်း၊ ဖိနပ်ကြိုးတပ်ခြင်း၊ တံမြက် လှည်းခြင်း၊ ဆေးကြောခြင်း၊ အရောင်တင်ခြင်း အစရှိသည့်ဖြင့် လက်တွေ့ လုပ်ငန်းများကို သင်ကြား လေ့လာရလေသည်။ ထိုအလုပ်များသည် လူကြီး များအဖို့ မခက်ခဲသော်လည်း မိမိတို့၏ ကိုယ်အင်္ဂါအစိတ် အပိုင်းများကို ကျင်လျင်စွာ အသုံးမပြုတတ်သေးသူ ကလေး များအဖို့မူကား လွယ်ကူသော အလုပ်မဟုတ်ချေ။ အကြိမ်ကြိမ် အမှားမှား အယွင်းယွင်းဖြစ်ရပြီးမှ အမှန်အတိုင်း လုပ်ဆောင် နိုင်မည်ပင် ဖြစ်သည်။ ထိုသို့အားဖြင့် ကလေးတို့၏ စိတ်ကူး ဉာဏ် ထက်သန်လာ၍ မိမိကိုယ်ကို မိမိအားကိုးစိတ် ပေါ်ထွက် လာမည်ဟူ၍ ဒေါက်တာ မွန်တက်ဆိုးရီးက ယုံကြည်လာ လေသည်။

၁၉၁၂ ခုနှစ်တွင် ထုတ်ဝေသော မွန်တက်ဆိုးရီး ပညာ သင်ကြားနည်းစာအုပ်၌ ကလေးဂေဟာ ကျောင်းများတွင် အသက်သုံးနှစ်မှ ခြောက်နှစ်အရွယ်အထိ ကလေးတို့ကို အထက် ဖော်ပြပါနည်းများဖြင့် မည်ကဲ့သို့ လက်တွေ့စမ်းသပ် သင်ကြား ၍ မည်မျှ အောင်မြင်ကြောင်းကို ရေးသားထားသည်။ ဒေါက်တာ မွန်တက်ဆိုးရီးသည် ၁၉၅၂ ခုနှစ် မေလ ခြောက် ရက်နေ့တွင် ကွယ်လွန်လေသည်။