မှတ်ပုံတင်ကြေးနန်းစာသည် အစိုးရရုံး/ဌာနများ၊ စစ်ဘက်ရုံး/ဌာနများ အချင်းချင်း ရေဒီယိုဆက်သွယ်‌ရေးစနစ်ဖြင့်သော်လည်းကောင်း၊ အခြားသော ဆက်သွယ်ရေးနည်းဖြင့်သော်လည်းကောင်း သက်ဆိုင်ရာ ဆက်သွယ်ရေးဌာနတစ်ခုခုမှ မှတ်ပုံတင်၍ ပေးပို့သည့်ကြေးနန်းစာ ဖြစ်သည်။ ယျေဘုယျအားဖြင့် မှတ်ပုံတင်ကြေးနန်းစာကို ပြန်တမ်းဝင်အရာရှိဖြစ်သည့် ဦးစီးအရာရှိများ၊ အုပ်ချုပ်မှုအရာရှိများနှင့် သက်ဆိုင်ရာအရာရှိများသာ ပေးပို့ခွင့်ရှိသည်။

ရေးသားနည်း မှတ်ပုံတင်ကြေးနန်းစာရေးသားရာတွင် သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေးနန်းစာပုံစံတွင် အစားထိုးရေးသားရသည်။ တိုတိုနှင့်လိုရင်းရောက်အောင် ရေးရပြီး စကားပြောဆန်ဆန်နှင့် စကားပြေဆန်ဆန်ဖြစ်အောင် မရေးသားရပါ။ ဝှက်စာဖြင့်ပို့သည့်စာများတွင် သတ်မှတ်ထားသည့် ဝှက်စာသင်္ကေတများကို အသုံးပြု၍ ရေးရသည်။ စာပိုဒ်အမှတ်စဉ်များကို ကွင်းစကွင်းပိတ်ဖြင့် ရေးရပြီး ယျေဘုယျသင်္ကေတများမှာ အောက်ပါအတိုင်းဖြစ်သည်-

  • (ပ) = ပေးပို့သည့်ရုံး/ဌာန
  • (လ) = လိပ်မူသည့်ရုံး/ဌာန
  • (တ) = မိတ္တူဖြန့်ဝေလိုသည့်ရုံး/ဌာန
  • ဦး(နံပါတ်) = ပေးပို့သည့်ရုံး/ဌာနအသေးစိတ်
  • လဝ၂ = လုံခြုံမှုအဆင့်အတန်း

မှတ်ပုံတင်ကြေးနန်းစာတွင် ရက်စွဲနှင့် အချိန်ကိုဖော်ပြရာ၌ အောက်ပါပုံစံအတိုင်းဖော်ပြရသည်- ၂၀၂၀ ခုနှစ်၊ ဇွန်လ ၉ ရက်၊ ညနေ ၄ နာရီ = ၂၀ ဇွန် ၀၉၁၆၀၀ မှတ်ပုံတင်ကြေးနန်းစာအား လိပ်မူသည့်ရုံး/ဌာနမှ အရေးယူစေလိုသည့် ဦးစားပေးအဆင့်အတန်းကို သက်ဆိုင်ရာအရာရှိမှ သတ်မှတ်ပေးရကာ အောက်ပါအတိုင်းသတ်မှတ်ထားရှိသည်-

  • ရိုးရိုး = သာမန်ကြေးနန်းစာအရေးယူသည့်အတိုင်း (ယျေဘုယျအားဖြင့် ၂၄ နာရီအတွင်း)
  • အရေးကြီး = သာမန်ထက်ပို၍ မြန်မြန်ရောက်စေလိုသည့်ကိစ္စ
  • အမြန် = အမြန်ထက်ပို၍ မြန်မြန်ရောက်စေလိုသည့်ကိစ္စ
  • အရေးပေါ် = အရေးယူဆောင်ရွက်ရန် အလွန်အရေးကြီးသည့်ကိစ္စ
  • အမြန်ဆုံး = ချက်ချင်းအရေးယူဆောင်ရွက်ရန်ကိစ္စ

မှတ်ပုံတင်ကြေးနန်းစာပါ အကြောင်းအရာကို အခြားသူများအား အသိပေးခြင်းကို ကန့်သတ်လိုသည့်အခါ လုံခြုံမှုအဆင့်အတန်းအား သတ်မှတ်လေ့ရှိသည်။ သက်ဆိုင်ရာအရာရှိက သတ်မှတ်ပေးရသည်-

  • ရိုးရိုး (အတိုကောက် ယ ဟုရေးသည်)
  • ကန့်သတ် (အတိုကောက် ကသ ဟုရေးသည်) = အများပြည်သူ သိရှိစေရန် မသင့်သော ကိစ္စများ
  • အတွင်းရေး (အတိုကောက် လဝ၃ ဟုရေးသည်) = ဌာနအတွင်း ကိစ္စရပ်များ၊ ပုဂ္ဂိုလ်ရေးရာ အရေးယူဆောင်ရွက်ခြင်းကိစ္စရပ်များ
  • လျှို့ဝှက် (အတိုကောက် လဝ၂ ဟုရေးသည်) = စစ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဌာနဆိုင်ရာ မှတ်တမ်း၊ လျှို့ဝှက်ညွှန်ကြားချက်များ အစရှိသည်
  • ထိပ်တန်းလျှို့ဝှက် (အတိုကောက် လဝ၁ ဟုရေးသည်) = နိုင်ငံတော်အကြီးအကဲများ၏ ခရီးစဉ်များ၊ အနာဂတ်စီမံကိန်းများ၊ စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များ အစရှိသည်

ဦးစားပေးအဆင့်အတန်းနှင့် လုံခြုံမှုအဆင့်အတန်းတို့ကို သက်ဆိုင်ရာအရာရှိများသည် ၎င်းတို့ရာထူးအဆင့်အလိုက် သတ်မှတ်နိုင်သည့်အဆင့်များ သတ်မှတ်ထားရှိသည်။