မှားတတ်ဘိခြင်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

၁၂၆၉ ခုနှစ်က မြန်မာသတင်းစာကြီး တစ်စောင်တွင် သမီအရင်း နှင့် အဘအရင်းတို့ မှားယွင်းကြောင်းဖတ်ရ၍ ရေးဖွဲ့ထားသော သံချိုကဗျာ ဖြစ်သည်။

မှားတတ်ဘိခြင်း ပြင်ဆင်ရန်

တိရစ္ဆာန်ဘာသာတို့၊ ဝိပ္ပလ္လာ သံဝါသဖြင့်၊ ဆန္ဒတူပျော်မငြီးနိုင်ဘု၊ သမီးအဖေနှင့်၊ သား အမေမှားနေကြတဲ့၊ များပေစွကာမဂုဏ်။

လေးရပ်ဘုံအပါယ်သားတို့၊ တရားကိုမဆင်ခြင်လို့၊ သားနှင့်ပင် မယားလင်ဖြစ်သတဲ့၊ ကြင်ချစ်မှုလူသတ္တဝါတို့က နမူနာဆံတရိပ်ကဲ့သို့၊ ဉာဏ်မိစ္ဆာ စိတ်မှာငြိလို့၊ ဣတ္ထိယံဟူသမျှတို့၊ ရူပ သဒ္ဒါ နှင့်၊ ဂန္ဓာရုံပန်းနံ့သာအငွေ့ရယ်နှင့်၊ လှမ်းဖဿရစမ်းခါတွေ့ချင်ကြ၊ မှန်း၍အာရုံ။

မိန်းမစုတွေတို့၊ သိန်းကုဋေအနန္တောပ၊ သံယောဇဉ်သဘောဝင်စားလို့ လင်းသားမစုံဘိသူက၊ မယားရှိသည် မရှိသည် မရွေးသည့်ပြင်၊ ခလေးကိုချော့မြှူရမ်းပြီး၊ ရမ်းကြီးဖမ်းသူဖမ်း၊ ရဟန်းပျက်သူဖျက်ကြ၊ ကမ်းတက်၍ လူ့ပြည်ဘုံ၊ အသရေဂုဏ်ချွတ်ယွင်း။

မဖွယ်ရာသူငယ်မှုကို၊ ဘယ်သူ့ကိုဘယ့်နှယ်ဟု၊ ကဲ့ရဲ့ကာမဆိုသေးကြနှင့်၊ ကိုယ်ရေးကိုယ်တယကြုံတော့၊ ကာမဂုဏ်အာရုံမညီးနိုင်ဘု၊ ဘုံထီးဖြူ ပလ္လင်ထိပ်ကယ်က၊ ဘိသိက်တော်ခံပေးရှာသည့်၊ အနဋ္ဌာ ဂန္ဓမင်းသော်မှ၊ ထံရင်းဝယ်ဖျော်ဖြေတဲ့ ကတော်တွေဖော်ရွေစုနှင့်၊ မေထုနာသူ့မှာ မှောက်သော်ကြောင့်၊ ခုလောက်ပင် စည်းစိမ်ရှိသည်ဟု၊ မသိရှာငါမှောက်မှားလေခြင်း၊ ဖောက်ပြားသည့် စေတနာကြောင့်၊ ယောက်ျားတကာ မယားရှာအုံးလိမ့်မည်၊ ဆံထုံးပြင် သျှောင်မရှိစေနှင့်၊ မှောင်ကိလေအလွန်မြတ်သည်ဟု၊ အများမသဒ္ဒါပေါင် ဓားစာကွပ်မယ်တဲ့၊ ဘုရားအလျာတောင် ငါးရာဇာတ်မှာကွယ်၊ မှားတတ်ဘိခြင်း။

ခက်ဆစ် ပြင်ဆင်ရန်

၁။ ဝိပ္ပလ္လာ = ဖောက်ပြန်သော။

၂။ သံဝါသ = ပေါင်းဖော်ခြင်း။

၃။ ဉာဏ်မိစ္ဆာ = မှားသောဉာဏ်။

၄။ ရူပ = ရုပ်အဆင်း။

၅။ သဒ္ဒါ = အသံ။

၆။ ဂန္ဓာ = အနံ့။

၈။ ဖဿာ = အတွေ့အထိ။

၉။ အနိဋ္ဌာဂန္ဓာ = အနိဋ္ဌဂန္ဓာမင်းသား။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

[၁]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။