မှိုမျိုး
တန်းမြင့်အပင်မျိုးများတွင် ပါလေ့ရှိသော ကလိုရိုဖီ ခေါ် စိမ်းရောင်ဒြပ် မပါရှိသည့် အပင်မျိုး အားလုံးသည် မှိုမျိုးတွင် ပါဝင်ကြ၏။ ယင်းတို့၌ ပင်စည်၊ အရွက်နှင့် အပွင့်များ မရှိကြ ချေ။ ထိုအပင်မျိုး သည် နေရာတိုင်းတွင် ပေါက်ရောက်နိုင်၏။ မှိုမျိုးတွင် အမျိုးပေါင်း ၂၅ဝဝဝဝ မျှ ပါဝင်ရာ၊ ယင်းတို့သည် အရွယ်နှင့် ပုံသဏ္ဌာန်တွင် အမျိုးမျိုး ရှိကြလေသည်။ ထိုမှိုမျိုး များအနက် သုံးပုံတစ်ပုံခန့်ကိုသာ အမည်ပေး နိုင်သေးသည်။
တဆေးနှင့် ဗက်တီးရီးယားခေါ် မှိုမျိုးသည် သေးငယ်လွန်း သဖြင့် သာမန်မျက်စိနှင့် မမြင် နိုင်၍ မှန်ဘီလူးဖြင့် ကြည့်ယူရ ပေသည်။ အချို့မှုမျိုးကမူ အချင်း နှစ်ပေမကပင် ရှိတတ်ကြ သည်။ မှိုမျိုးသည် အရွယ်တွင် အမျိုးမျိုး ရှိသကဲ့သို့ ပုံသဏ္ဌာန် လည်း အမျိုးမျိုး ရှိသည်။
မှိုမျိုးတွင် စိမ်းရောင်ဒြပ် မပါရှိသဖြင့် ကိုယ်တိုင်အစာကို လုပ်မယူနိုင်ချေ။ ထိုကြောင့် အစာအတွက် အခြားသက်ရှိ သက်မဲ့အပင်နှင့် တိရစ္ဆာန်များကို အမှီပြု၍ ဖြစ်ထွန်းလာကြ ရသည်။ သက်ရှိအပင်နှင့် တိရစ္ဆာန်များကို အမှီပြု၍ ဖြစ်ထွန်း လာကြသော မှိုမျိုးကို ပရဆိုက်မှိုမျိုးဟု ခေါ်၍ သက်မဲ့၊ သို့မဟုတ် ဆွေးမြည့်နေသော အပင်နှင့် တိရစ္ဆာန်များကို အမှီပြု၍ ဖြစ်ထွန်းလာကြသော မှိုမျိုးကို ဆာပရိုဖိုက်မှိုမျိုးဟု ခေါ်သည်။ ပရဆုက်မှိုမျိုးသည် များသောအားဖြင့် ဘေးဖြစ်စေ တတ်ကြပြီးလျှင် အသုံးဝင်သည့် အပင် အမြောက်အမြား ပျက်စီးစေတတ်သည်။ ပရဆိုက်မှိုမျိုးများအနက် မှိုသိမ်နှင့် ဗက်တီးရီးယား ပါဝင်သော မှိုမျိုးသည် အရေးကြီး၏။ အချို့ သော ပရဆိုက်မှိုမျိုးတို့သည် လူ၊ တိရစ္ဆာန်နှင့် အပင်များကို ရောဂါ ဖြစ်စေကြသည်။ ဆပရိုဖိုက် မှိုမျိုးများကမူ အပုပ်အစပ် များကို ရှင်းလင်း သုတ်သင်ပေးကြသဖြင့် လူ့အကျိုးကို သည်းပိုးပေးကြသည်ဟု ဆိုရပေမည်။ သို့သော် ဘေးဖြစ်စေ တတ်သော ဆပရိုဖိုက် မှိုမျိုးလည်း ရှိသေးသည်။
အချို့သော မှိုမျိုးကို ဆေးဖက်ဝင်ပစ္စည်းအဖြစ်ဖြင့် သုံးနိုင်၍ အချို့ကို ဆိုးဆေးအဖြစ်ဖြင့် အသုံးပြုနိုင်လေသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)