မှိုသိမ် ပြင်ဆင်ရန်

မှိုသိမ်ကို ရုက္ခဗေဒ အလိုအရ အက်စကိုမိုင်စီးတီးဟု ခေါ် သည်။ အပင်၏ အရွက်များ၊ အသီးများ၊ စိုထိုင်းသည့် အဝတ် အစားနှင့် စိုထိုင်းသည့်စားစရာများပေါ်တွင် မကြာခဏ အကွက်ကလေးများ ရှိတတ်သည်ကို တွေ့ကြရ၏။ တစ်ခါ တစ်ရံတွင် ထိုအကွက်ကလေးများသည် အတော်ကြီးသည်ကို တွေ့ရသည်။ ထိုသို့ဖြစ်ရခြင်းသည် မှိုသိမ်များ စွဲနေကြခြင်း ကြောင့် ဖြစ်သည်။ မှိုသိမ်သည် ရုတ်တရက် ဖြစ်ပေါ်လာတတ် ၏။ မှိုသိမ် နှစ်မျိုးရှိရာ တစ်မျိုးတွင် အမှုန့်ကလေးများ ပါရှိ၍ ကျန်တစ်မျိုးတွင် မွေးနုကလေးများ ပါရှိသည်။

အမှုန့်ကလေးများ ပါရှိသော မှိုသိမ်သည် အပင်စိမ်းများတွင် ဖြစ်ပေါ်တတ်ပြီးလျှင် မွေးနုကလေးများ ပါရှိသော မှိုသိမ်သည် အရွက်များ၊ သို့မဟုတ် အသီးကလေးများပေါ်တွင် ဖြစ်ပေါ် တတ်သည်။ အပွင့်ပွင့်သော အပင်မျိုးပေါင်း ၁၅ဝဝ ခန့်တွင် အမှုန့်ကလေးများပါရှိသော မှိုသိမ်များ ဖြစ်ပေါ်တတ်သည်။

တစ်ခါတစ်ရံတွင် ပင်စည်နှင့် အသီးများပေါ်၌ ပန်းပွင့်နှင့် တူသော အပိမ့်များ ဖြစ်ပေါ်လာတတ်သည်။ ထိုအပိမ့်များသည် စင်စစ်အားဖြင့် မှိုမျှင်ကလေးများ ဖြစ်ပြီးလျှင် ထိုအမျှင်ကလေး များမှ တစ်ဖန် အမျှင်တိုကလေးများသည် ဖြာထွက်နေကြ၏။ ထိုအမျှင်တိုကလေးများတွင် စုတ်ယူနိုင်သော အဂ‡ါကလေးများ ပါရှိရာ ထိုအဂ‡ါကလေးများဖြင့် ပင်စည်နှင့် အသီးများကို စုတ်ယူကြသည်။ ထိုသို့ ဖြစ်ပေါ်ခြင်းကို ကန့်မှုန့်များ ဖြူပေး ခြင်းဖြင့် ကာကွယ်နိုင်သည်။

မွေးနုကလေးများ ပါရှိသော မှိုသိမ်များသည် အရွက်နှင့် အသီးကလေးများပေါ်တွင် အဝါစက်ကလေးများ အဖြစ် ဖြစ် ပေါ်လာတတ်သည်။ ယင်းတို့သည် သခွား၊ ဂေါ်ဘီထုပ်၊ ကြက်သွန်နီနှင့် ဆလတ်ပင်တို့တွင် ဖြစ်ပေါ်တတ်သည်။ ဗော်ဒိုးမစ်စချာ ပက်ဖျန်းပေးခြင်းဖြင့် ယင်းတို့ကို ကာကွယ် နိုင်သည်။

စိုထိုင်းသည့် အပူပိုင်းဒေသရှိ တိုင်းပြည်များတွင် မှိုသိမ်များ ဖြစ်ပေါ်တတ်၏။ ထိုဒေသမျိုးရှိ တိုင်းပြည်များ၌ အဝတ်အစား များကို သွေ့ခြောက်စွာ မထားနိုင်လျှင် မှိုသိမ်များ ဖြစ်ထွန်းလာ တတ်သည်။ သမပိုင်းဒေသရှိ တိုင်းပြည်များ၌ပင် အဝတ်အစား များကို တာရှည်စွာ စိုထိုင်း၍နေစေလျှင် မှိုသိမ်များ ဖြစ်ပေါ် လာတတ်သည်။

စိုထိုင်းသည့် တိုင်းပြည်များတွင် စာအုပ်များကို သေတ္တာ တွင် ထည့်၍ ပါရာဖော်မဲလဒီဟိုက် အမှုန့်များကို ဖြူးမထား လျှင် မှိုသိမ်များ ဖြစ်ပေါ်လာတတ်သည်။ အမှုန့်ကလေးများပါရှိသော မှိုသိမ်သည် အဲရီဆစ်ပါစီအီး မှိုမျိုးရင်းဝင်ဖြစ်၍ မွေးနုကလေးများပါရှိသော မှိုသိမ်သည် ပါရိုနိုစပိုရာစီအိး မှိုမျိုးရင်းတွင် ပါဝင်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)