ရွှေတုတ်၊ ဦး(ယင်းတောဝန်ကြီး)

(ယင်းတောဝန်ကြီး ဦးရွှေတုတ် မှ ပြန်ညွှန်းထားသည်)

ယင်းတောဝန်ကြီး ဦးရွှေတုတ်သည် ဘိုးတော်ဘုရားလက်ထက်တွင် ရွှေပြည်ဝန် လက်ဝဲဝင်းတော်မှူး အမတ်ကြီး၏သမီး ဒေါ်တရုတ်နှင့် လွှတ်တော်စာရေးကြီး ဦးပိုး (အချို့သော မှတ်စုမှတ်တမ်းတို့တွင် ဦးတောဟု ပြဆိုသည်။) တို့မှ ဦးရွှေတုတ်ကို ဖွားမြင်သည်။ ငယ်စဉ်က ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသောကြောင့် မောင်တုတ်ကြီးဟု ခေါ်ဆိုကြသည်။

မောင်တုတ်ကြီးမှာ ငယ်စဉ်ကပင် ဓားခုတ်၊ လှံထိုး ကျွမ်းကျွင်လှသည်။ အဖမှာလည်း နန်းတွင်းမှ ဖြစ်သောကြောင့် ဓားရေးလှံရေးကို စနစ်တကျ သင်ကြားခွင့်ရသည်။ မောင်တုတ်ကြီးအရွယ်ရောက်လာသောအခါ သူ၏ဖခင် ဦးတောက စစ်ဘက်တွင် အမှုထမ်းရန် လမ်းညွှန်တိုက်တွန်းသောကြောင့် စစ်ဘက်တွင် အမှုထမ်းခဲ့ပြီး ရဲစွမ်းရှိသောကြောင့် မကြာမီပင် စစ်သူကြီးအဆင့် ရောက်ရှိလာလေသည်။ ဘကြီးတော်မင်း လက်ထက်တွင် သတိုးမင်းလှကျော်ထင်ဘွဲ့ဖြင့် စစ်သူကြီးမြှောက်တော်မူသည်။ ထိုအခါ သူ့အား လေးစားသမှုဖြင့် ဦးရွှေတုတ်ဟု ခေါ်ဆိုကြလေသည်။


ဦးရွှေတုတ်သည် ယောမင်းကြီးဦးဘိုးလှိုင်၏ ဖခင်ဖြစ်သည်။ ဦးရွှေတုတ်တွင် ကတော်သုံးပါး ရှိလေရာ ဝန်ကတော်မယ်ငြိမ်းနှင့် ရသောသားသည် ယောမင်းကြီး အလောင်းလျာပင်ဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၂၀၇-ခုနှစ်တွင် သာယာဝတီမင်းသည် သားတော်ပြည်မင်း ပုန်ကန်လိမ့်မည် ဟူ၍ သင်္ကာယနံ့မကင်း ဖြစ်တော်မူ၏။ ထို့ကြောင့် ထိုကိစ္စကို စုံစမ်းသည်တွင် သားတော်ပြည်မင်းနှင့် ယင်းတော်ဝန်ကြီး၊ ဆင်ဝန်၊ ညောင်ပင်ကြီးဗိုလ်၊ အဝမြို့ဝန်၊ စစ်ကိုင်းဗိုလ်၊ ဗိုလ်နတ်ကျော်၊ ဆောအတွင်းဝန်ဟောင်း ငရစ်၊ သံတော်ဆင့် လက်ဝဲတို့ နှီးနှောတိုင်ပင်သည်ဟု သတင်းရရှိတော်မူသည်။ ထို့ကြောင့် ဆောအတွင်းဝန်ဟောင်း ငရစ်နှင့် သံတော်ဆင့် လက်ဝဲတို့ကို ဦးစွာပထမ ကွက်မျက်တော် မူသည်။ ယင်းတော်ဝန်ကြီးကို မူကား မြန်မာသက္ကရာဇ် ၁၂၀၇-ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၆)ရက်နေ့တွင် ရွှေနန်းတော်သို့ ခေါ်ယူစစ်မေးတော် မူ၏။ ယင်းတော်ဝန်ကြီးလည်း ပြည်မင်းနှင့်တိုင်ပင်ကြံစီရာ ပါကြောင်း ဖြောင့်ဆိုသည်။ ထို့ကြောင့် သာယာဝတီမင်းသည် ယင်းတော်ဝန်ကြီးအား စံနန်းတော်ဦး မြောက်လှေကားအဆင်းတွင် ကိုယ်တော်တိုင် လက်သုံးတော်လှံဖြင့် ထိုး၍ စံနန်းတော်ပြင်သို့ ယူသွားစေရာ ယင်းတော်ဝန်ကြီးလည်း လက်ဝဲတံခါးပြင်ရောက်လျှင် သေဆုံးသည်။

ဦးဆုပန်၏ ရွှေပြည်ဝန်ကြီး အတ္ထုပ္ပတ္တိ၌ ၁၂၀၆-ခု၊ နယုန်လဆန်း (၇)ရက်၊ ကြာသပတေးနေ့၊ ဘဝရှင်မင်းတရားကြီးဘုရား မင်းတဲဒေးဝန်းရပ် စံနန်းတော်သို့ ထွက်စံတော်မူခိုက်အခါ ယင်းတော်ဝန်ကြီးသည် ကမ္မက္ခယ အနိစ္စသဘော ရွှေ့လျှောပျက်စီးချိန် ရောက်လတ်ရကား၊ အသျှင်ကွက်မျက်၊ ကျေးဇူးတော် ရပ်၊ သက်ပိုင် ဆပ်၍၊ ရုပ်ကလာပ် ဟောင်း၊ လဲပြောင်းကွယ်လွန်ပြီးနောက် ဟူ၍ ဆိုထားလေသည်။

ကွယ်လွန်ချိန်တွင် ယောမင်းကြီးဦးဘိုးလှိုင်မှာ အသက် ၁၇-နှစ် အရွယ်သာ ရှိသေးသည်။ []

  1. ယောမင်းကြီးဦးဖိုးလှိုင်အတ္တုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း - မောင်ထင်၊ စာ-၁၄