စန္ဒီ၊ ပရမီသွာ၊ ဗိဿဏိုး အစရှိသော ဗြဟ္မဏပုဏ္ဏားတို့ ကိုးကွယ်သော နတ်ကြီးတို့ကို အကြီးအမှူးထား၍ အမျိုးမြတ် သော ပုဏ္ဏားတို့၏ အယူဝါဒအားဖြင့် ကျင့်ဝတ်သိက္ခာပုဒ်နှင့် ပုဏ္ဏားတို့ ကို လှူဒါန်းပူဇော်ပြီးလျှင်၊ တိရစ္ဆာန်သတ္တဝါတို့ကို သတ်၍ လည်ချောင်းသွေးဖြင့် ထိုအကြီးအမှူးထားသော နတ် တို့အား ပူဇော်ခြင်းသည် ယဇ်မည်၏။ ဤသို့ဖြင့် အပူဇော်ခံ ရသော နတ်ကြီးတို့ နှစ်သက်၍ အလိုရှိရာအကျိုးကို ပေးနိုင် သည်ဟု ထင်မှားကြကုန်၏။ သာကီဝင်မင်းတို့၏ အဦးအစ ဥက္ကာကရာဇ်မင်းကြီး မဖြစ်မီ ရှေးအခါ၌ (၁) သဿမေဓ- အခွန်အတုတ်ကို ဆယ်ဖို့တစ်ဖို့ ခံခြင်းလည်း တစ်ပါး၊ (၂) ပုရိသမေဓ-သူရဲသူခက်တို့အား ခြောက်လတစ်ကြိမ် ရိက္ခာ ပေးခြင်းလည်းတစ်ပါး၊ (၃) သမ္မာပါသ-ဆင်းရဲသားတို့အား အရင်း ဥစ္စာပေး၍ သုံးနှစ်လည်မှ အရင်းအတိုင်းသာ ယူခြင်း လည်းတစ်ပါး၊ (၄) ဝါစာပေယျ-ချစ်ဖွယ်သောစကားကို ဆိုခြင်းလည်းတစ်ပါးဟူ၍ သင်္ဂဟတရားလေးပါး ရှိကုန်၏။ သင်္ဂဟတရားလေးပါးဟူသည်ကား အကြီးအအုပ် အစိုးရ ပြုလုပ်ကုန်သော သူတို့သည်၎င်း၊ ပြည့်ရှင်မင်းတို့သည်၎င်း မိမိတို့အုပ်စိုးသော တိုင်းပြည်နိုင်ငံကို စည်ပင်သာယာအောင် စောင်မကြည့်ရှု ချီးမြေ|ာက် သူကောင်းပြုနည်းပင်တည်း။ ဤကဲ့သို့ မဟာသမ္မတမင်းမှ ဥက္ကာကရာဇ်မင်းတိုင်အောင် ဆင်းသက်၍လာသော သင်္ဂဟတရားလေးပါးဖြင့် လူတို့စည်းစိမ် ချမ်းသာ ကြီးကျယ်၍၊ ထိုလူတို့၌ရှိသော ဥစ္စာပစ္စည်းတို့ကို အလှူခံလိုသော ယုတ်မာသော ပုဏ္ဏားတို့သည် ဥက္ကာကရာဇ် မင်းကြီးထံဝင်၍ ကျွန်တော် ပုဏ္ဏားပညာရှိတို့ အမျိုးစဉ်ဆက်မှ လာသော လူတိုင်းကို မပြောမပြရသော လျှို့ဝှက်၍ထားသော အလွန်ကောင်းသော ဗေဒင်နည်းသည် ရှိ၏။ ဤနည်းအတိုင်း ပြုလျှင် ဧကန်သေသည့်အခြားမဲ့၌ နတ်ပြည်သို့ ရောက်သည်ဟု အကျိုးလိုအောင် ဥက္ကာကရာဇ်မင်းကြီးကို လူရှင်းရာ၌ တိုးတိုး ဝင်ရောက် တင်လျှောက်သည်။ ထိုဥက္ကာကရာဇ်မင်းကြီး ယုံကြည် ၍ ဤပုဏ္ဏားတို့ ဆိုသည့်အတိုင်းပြုသဖြင့် အစဉ်အဆက်လာ သော သင်္ဂဟတရားလေးပါး ပျောက်၍ ယဇ်ကြီးငါးပါး ဖြစ်သည်။

သင်္ဂဟတရားလေးပါးကို ပျောက်အောင် ဖျက်ပုံကား- (၁) သဿမေဓဆိုသည်မှာ 'သဿမေဓ'မဟုတ် ပါဌ်ပျက် ဖြစ်သည်။ အဿမေဓဆိုမှ မှန်သည်။ 'အဿ'ကား မြင်းဟော၊ 'မေဓ'ကား သတ်ခြင်းဟော။ အဆင်းငါးပါးရှိသော မြင်းကို သတ်၍ ယဇ်ပူဇော်ရမည်။ ပုဏ္ဏားတို့ကိုလည်း များစွာ လှူဒါန်း ရမည်။ (၂) ပုရိသမေဓဆိုသည်လည်း ယောက်ျားကိုသတ်၍ ယဇ်ပူဇော်ရမည်။ ပုဏ္ဏားတို့ကိုလည်း များစွာ လှူဒါန်းရမည်။ (၃) သမ္မပါသ ဆိုသည်ကား ပုဏ္ဏားတို့ကို လှူဒါန်ရန် ယဇ်ပူဇော်ရန် ဥစ္စာပစ္စည်းတို့ကို လှည်းရထားတို့ဖြင့် များစွာ တင်ယူ၍ သူရဿတီမြစ် မြေကြီးထဲသို့ ဝင်၍ ငုပ်ရာအရပ်သို့ သွား၍၊ ရောက်လျှင် ဝန်စုတို့ကို တိုက်ဆောင်ခဲ့သော လှည်း ရထား ထမ်းပိုးကျည်းကလန့်များကို ချွတ်ပြီးလျှင် သူရဿတီ မြစ်ညာကို ဆန်၍ ပစ်ရမည်။ ထိုထမ်းပိုးကျည်း ကလန့်ကျရာ အရပ်၌ ယဇ်တိုင်စိုက်၍ ယဇ်ပူဇော်ရမည်။ သမ္မာသဒ္ဒါ ထမ်းပိုးကျည်းကလန့်ကို ဟောသည်။ ပါသသဒ္ဒါပ ရှေးရှိ သော အပဓာတ်၊ ပစ်လွှတ်ခြင်းကို ဟောသည်။ (၄) ဝါစာပေယျ ဆိုသည်ကား စလုံးနှင့်မဟုတ်၊ ဇနှင့် ဝါဇပေယျဆိုရမည်။ 'ဝါဇ'သဒ္ဒါ ထောပတ်ဟော။ 'ပေယျ' သဒ္ဒါ သောက်ခြင်းဟော။ ကောင်းလှစွာသော ထောပတ်ကို ပုဏ္ဏားတို့အား တိုက်၍ ယဇ် ပူဇော်ရမည်။ (၅) နိရဂ္ဂဠ ဆိုသည်ကား တံခါးကျည်းမင်းတုပ် မရှိဆို လိုသည်။ ဤယဇ်ပူဇော်လိုသောသူသည် မိမိအိမ် အစရှိသော ဥစ္စာပစ္စည်းတို့ကို အပိတ်အပင်မရှိ၊ တံခါး ဟင်းလင်းထားဖွင့်၍ ပုဏ္ဏားတို့အလိုရှိရာ ယူစေရမည်။

ဤသို့ ပုဒ်ပါဌ် အက္ခရာအနက်အဓိပ္ပာယ်နှင့်တကွ ဖျက် ဆီးပြီးလျှင် တင်လျှောက်သောစကားကို နာယူ၍ ဥက္ကာကရာဇ် မင်းကြီးသည် ဤယဇ်ကြီးငါးပါးကို ပူဇော်သည်မှ စ၍ သင်္ဂဟ တရား လေးပါးပျောက်ပြီးလျှင် ယဇ်ငါးပါး လောက၌ အထင် အရှား ဖြစ်သည်။ ရှေးအထက်က လောကမှာ အနာရောဂါသုံးခု သာ ရှိသည်။ ဤယဇ်ကို ပူဇော်သည်မှစ၍ ရှစ်ပါးသော အနာ ရောဂါတို့ ရောက်လာကုန်သည် ဟူ၍ သုတ္တနိပါတ်၊ ဗြဟ္မဏ ဓမ္မိကသုတ်၌ လာရှိ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)