ယမိုက်

အဘိဓမ္မာပိဋကတ်မှကျမ်းတစ်ကျမ်း
(ယမိုက် (ယမက) မှ ပြန်ညွှန်းထားသည်)

ကထာဝတ္ထုကျမ်းကို ဟောတော်မူပြီးသည့်နောက် ယမိုက်ကျမ်းကို ဆက်လက်ဟောကြားပါသည်။ ယမိုက်ဆိုသည်မှာ ယမကဟူသောပါဠိမှ ဆင်း သက် လာသော ဝေါဟာရ ဖြစ်၍ “အစုံ”ဟု အဓိပ္ပာယ်ရသည်။ အနုလုံနှင့်ပဋိလုံ၊ အမေးနှင့်အဖြေ၊ သန္နိဋ္ဌာန်နှင့်သံသယ စသည်ဖြင့် အစုံအစုံဟောကြားထားသည့်ကျမ်းဟု ဆိုလိုပေသည်။ (ယမက-ယမိုက်အစုံ)။

အမှန်စင်စစ် ခန္ဓာ အာယတန ဓာတ် သစ္စာစသောတရားတို့ကို-

  • (က) ပုဂ္ဂိုလ်အားဖြင့်လည်းကောင်း၊
  • (ခ)ဘုံဌာနအားဖြင့်လည်းကောင်း၊
  • (ဂ) ပုဂ္ဂိုလ်ဘုံနှစ်မျိုးရောသောအားဖြင့်လည်းကောင်း၊

ခွဲခြမ်းစိတ်ဖြာ ဝေဖန်ဟောကြားထားသည့်ကျမ်း ဖြစ်ပေသည်။

ဘုရားရှင်သည် အထက်အဘိဓမ္မာငါးကျမ်းတို့ဖြင့် ပရမတ္ထတရားနှင့် သမုတိသစ္စာတရားနှစ်ပါးတို့ကို ပြည့်ပြည့်စုံစုံ ဝေဖန်ပိုင်းခြား ဟောကြားတော်မူလေသည်။ သို့ရာတွင် ပုဂ္ဂိုလ်သတ္တဝါဟူသော သမုတိသစ္စာတရားနှင့် ခန္ဓာ, အာယတနစသော ပရမတ္ထသစ္စာတရားနှစ်ပါးတို့ အချင်းချင်း ဆက်သွယ်ကြပုံ၊ သုံးဆယ့်တဘုံဟူသော ဩကာသလောကကြီးနှင့် ထိုသစ္စာတရားနှစ်ပါးတို့ ဆက်သွယ်ပုံတို့ကို ဟောရန်ကျန်နေပေသည်။ ထို့ကြောင့် ၎င်းတို့အချင်းချင်း မည်သို့မည်ပုံ ဆက်သွယ်တည်ရှိနေကြပုံကို ယမိုက်နည်းဖြင့် ဆက်လက်ဟောရခြင်းဖြစ်ပေသည်။ [၁]

ယမကကျမ်း၌ အဘိဓမ္မာဝေါဟာရတို့၏ အဓိပ္ပာယ် သတ်မှတ်ချက်ကို ပို၍ သေချာတိကျစေရန်၊ အစုံ, အစုံအားဖြင့် အမေးအဖြေပြု၍ ဟောကြားထားသည်။ ဥပမာအားဖြင့် “ကုသလဓမ္မအားလုံးတို့သည် ကုသလမူလဖြစ်သလော၊ သို့တည်းမဟုတ် ကုသလမူလအားလုံးတို့သည် ကုသလဓမ္မဖြစ်သလော” စသဖြင့် အစုံပြု၍ မေးဖြေထားသည်။ မူလ, ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, သင်္ခါရ, အနုသယ, စိတ္တ, ဓမ္မ, ဣန္ဒြိယဟူ၍ ယမိုက် ၁၀-ကျမ်းရှိသည်။

  1. ကျမ်းပြုမှူး ဦးအေးနိုင်၊ ဒု-ကျမ်းပြုမှူး ဦးညွန့်ဇော်။ ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့်