ယာဉ်
တစ်နေရာမှ တစ်နေရာသို့ လူကိုဖြစ်စေ၊ ကုန်ကိုဖြစ်စေ သယ်ယူပို့ဆောင်ပေးသော ကိရိယာကို ယာဉ်ဟုခေါ်သည်။ အထူးသဖြင့် ယာဉ်၌ ဘီးများ များသောအားဖြင့် ပါလေ့ရှိ သည်။ ယာဉ်သည် သမိုင်းမတင်မီ ခေတ်ကပင် ပေါ်ပေါက်ခဲ့ လေသည်။ ယာဉ်ကို ကုန်းကြောင်း၊ ရေကြောင်းနှင့်လေကြောင်း ဟု သုံးမျိုးခွဲခြားနိုင်သည်။
ရှေးဦးအစက လူသည် ကုန်များကို ကိုယ်ပိုင် သယ်ယူ ပို့ဆောင်ပေးခဲ့ရသည်။ ထိုသို့ ပြုလုပ်ပေးရာတွင် ကုန်ကို ခေါင်းပေါ်တွင် ဖြစ်စေ၊ ကျောပေါ်တွင်ဖြစ်စေ တင်၍ တစ်နေ ရာမှ တစ်နေရာသို့ ပင်ပန်းစွာ ပို့ပေးခဲ့ရလေသည်။ ယခုတိုင် လည်း အချို့တောင်ပေါ်သားများသည် ကုန်များကို တောင်းတွင် ထည့်ပြီးလျှင် ထမ်း၍ ဖြစ်စေ၊ ရွက်၍ဖြစ်စေ ပို့ပေးနေရသေး သည်။ ထို့နောက်တွင် ထမ်းပိုးများကို ထွင်လာနိုင်ကြသဖြင့် ကုန်များကို ထမ်းပိုး၏ အစွန်းနှစ်ဘက်တွင် ချိတ်ဆွဲ၍ဖြစ်စေ၊ ထိုအစွန်းနှစ်ဘက်တွင် ချိတ်ဆွဲထားသည့် တောင်းများတွင် ထည့်၍ဖြစ်စေ ထားပြီးလျှင် ထမ်းပိုးကို အလယ်မှ ပခုံးဖြင့် ထမ်း၍ တစ်နေရာမှ တစ်နေရာသို့ ပို့ပေးလာနိုင်ခဲ့ကြသည်။ အချို့နေရာများတွင် စွတ်ဖားများကို ထွင်လာနိုင်ကြသဖြင့် ဇွတ်ဖားများဖြင့် ကုန်များကို ပို့ပေးခဲ့ကြလေသည်။
ထို့နောက် ကုန်းပေါ်တွင် သွားလာရာ၌ အသုံးပြုနိုင်ရန် ဘီးများကို ထွင်လာနိုင်ကြပြန်သည်။ ရှေးဦး ဘီးများသည် သစ်ပင်ကြီးတစ်ပင်၏ ပင်စည်ကြီးကို သာမန်အားဖြင့် အဝိုင်း လိုက် ကန့်လန့်ဖြတ်ထားခြင်းမျှသာ ဖြစ်သည်။ ပြီးမှ ထို သစ်ပြားဝိုင်း၏ အလယ်ဗဟိုတွင် အပေါက်ဖောက်ကာ ထို အပေါက်အတွင်းသို့ ဝင်ရိုးကို တပ်ထားကြသည်။ ထိုသို့ ဘီးကို ထွင်နိုင်ခဲ့ခြင်းမှာ ရှေးနှစ်ပေါင်း လေးငါးထောင်ခန့်က ဖြစ်သည်။ ထိုသို့ ဘီးကိုထွင်နိုင်သောအချိန်တွင် လူသည် နွားနှင့် မြည်းများကိုပါ ယဉ်ကျေးအောင် မွေးမြူလာနိုင်ပြီး ဖြစ်သဖြင့် ထိုဘီးတပ်ယာဉ်များပေါ်တွင် လူကိုဖြစ်စေ၊ ကုန်ကိုဖြစ်စေ တင်ဆောင်ကာ တစ်နေရာမှ တစ်နေရာသို့ ပို့ပေးနိုင်ခဲ့ကြသည်။ နွားများအား ယာဉ်များတွင် အသုံးပြုခဲ့ ကြောင်းကို အီဂျစ်နိုင်ငံရှိ မှတ်တမ်းများတွင် တွေ့နိုင်ပေသည်။ ထိုသို့ ပြုလုပ်နိုင်ခဲ့သော အချိန်သည် ခရစ်မပေါ်မီ ဘီစီ ၂၇ဝဝ ခန့်က ဖြစ်၏။ မြင်းများကို အသုံးပြုနိုင်ခဲ့ကြသည်မှာ ထိုထက် နောက်ကျလေသည်။ အသုံးပြုသောအခါတွင်လည်း အထူး သဖြင့် စစ်များတွင်သာ အသုံးပြုခဲ့ကြကြောင်း တွေ့ရလေသည်။ ပထမတွင် ဗက်ဗီလုံးပြည်သားများက ဘီစီ ၂၁ဝဝ ခန့် က မြင်းများကို စတင်၍ အသုံးပြုခဲ့ကြကြောင်း တွေ့ရသည်။ ထို့နောက် နှစ်ပေါင်း ၄ဝဝ မျှ ကြာသောအခါတွင် အာရှ တိုက်မှ မြင်းများကို အီဂျစ်ပြည်သို့ ယူဆောင်လာကြပြီးလျှင် စစ်ရထားများကို ဆွဲစေခဲ့ကြသည်။ ( ဘီး--။) လူနှင့် ကုန်များကို တစ်နေရာမှ တစ်နေရာသို့ ပို့ပေးခြင်း သည် လူ၏တိုးတက်မှုတစ်ရပ်ပင် ဖြစ်သည်။ အတွေ့အကြုံ နည်းသူများသည် အောက်ကျ နောက်ကျဖြစ်၍ ကျန်ရစ်ခဲ့ကြ လေသည်။ ဂရိလူမျိုးများ နေထိုင်ရာတွင် တောင်ကြီးများ ကာရံလျက်ရှိသဖြင့် တစ်ဦးနှင့်တစ်ဦး တွေ့ကြုံရန် လွန်စွာ ခဲယဉ်းခဲ့ကြသည်။ ရောမမြို့ကြီးကမူ အင်ပါယာချဲ့နိုင်တိုင်း လမ်းများကိုလည်း ဖောက်ပေးခဲ့လေသည်။ ယခုအခါ၌ ထင်ရှား လျက်ရှိသည့် လန်ဒန်၊ ပါရစ်၊ နယူးယော့၊ ကွန်စတန်တီနိုပယ် စသော မြို့ကြီးများကို ကြည့်လျှင် မြို့အတွင်း၌ ယာဉ်အမျိုး မျိုး သွားလာနိုင်သည့် လမ်းမကြီးများ ရှိနေပြီးလျှင် ထိုမြို့ကြီး များသည်လည်း မြစ်များပေါ်၊ ပင်လယ်ကမ်းရိုးတန်းများပေါ် တွင် တည်ရှိနေကြသဖြင့် သွားလာရာ၌ လွယ်ကူသည့်အပြင်၊ ကုန်များကို ပို့ဆောင်ရာတွင်လည်း လွယ်ကူ၍ စရိတ်သက်သာ ကြလေသည်။
ကမ္ဘာ့တိုင်းပြည် အသီးသီးမှာပင် အိမ်၌ ယဉ်ကျေးအောင် မွေးမြူထားကြသော တိရစ္ဆာန်များကို လူနှင့် ကုန်များအား သယ်ဆောင်ပေးကြရာ၌ အသုံးပြုကြသည်ကို တွေ့ရလေသည်။ သဲကန္တာရအနီးနေ လူများသည် သယ်ယူပို့ဆောင်ရေးအတွက် ကုလားအုပ်များကို အသုံးပြုကြရာ၊ ကုလားအုပ်များကို သဲ ကန္တာရ သင်္ဘောများဟုပင် ခေါ်စမှတ်ပြုကြသည်။ ကမ္ဘာ့အရှေ့ ဘက် နိုင်ငံများတွင် ဆင်များကို ယဉ်ကျေးအောင် မွေးမြူကြ ပြီးလျှင် လေးလံသည့်ဝန်များကို သယ်ဆောင်စေကြသည်။ မြန်မာနိုင်ငံရှိ သစ်ဆွဲဆင်များကဲ့သို့ ဖြစ်၏။ ထို့အတူ တောင် အမေရိကတိုက်၌ လားမားကောင်များကို ယာဉ်များ ဆွဲစေ သည်။ တိဗက်ပြည်တွင် စာမရီကောင်များကို ဝန်ဆောင် တိရစ္ဆာန်များအဖြစ် အသုံးပြုကြသည်။ ဗဲလဂျီယမ်နိုင်ငံတွင်မူ ခွေးများကို လှည်းများ အဆွဲခိုင်းကြသည်။
ချောင်းများ မြစ်များအနီး၌ နေထိုင်ကြသူများကလည်း လူတို့ ဘီးများကို မထွင်နိုင်ကြသေးမီနှင့် မြည်းများကို ယဉ် ကျေးအောင် မပြုလုပ်နိုင်သေးမီကပင်လျှင် သစ်ပင်၏ပင်စည်ကို ထွင်း၍ဖြစ်စေ၊ တိရစ္ဆာန်၏ အရေအတွင်းသို့ လေသွင်းပြီးလျှင် ဖြစ်စေ ပျဉ်ပြားတစ်ချပ်ဖြင့် လှော်ခတ်ပေးလျှင် လိုသည့်နေရာ သို့ သွားနိုင်ကြောင်း သိခဲ့ကြလေသည်။ ထိုသို့ သစ်ပင်၏ ပင်စည်ကို ထွင်းတတ်ကြရာမှ လှေများနှင့် ရွက်သင်္ဘောများ ကို လုပ်နိုင်သည်အထိ တိုးတက်လာခဲ့ကြသည်။ အီဂျစ်လူမျိုး တို့သည် သူတို့၏လှေများဖြင့် နိုင်းမြစ်အတွင်း သွားလာနိုင်ကြ ရုံမက မြေထဲပင်လယ်အထိ သွားလာနိုင်သော လှေကြီးများကို ပါ လုပ်နိုင်လာကြသည်။ ဖီနီရှန်တို့ကမူ သူတို့၏ လှေကြီးများ နှင့် ရွက်သင်္ဘောများပေါ်တွင် သူတို့တိုင်းပြည်မှ ကုန်များကို တင်ဆောင်ကာ ဂရိလူမျိုးတို့ နေထိုင်ရာသို့ သွားရောက်၍ ရောင်းဝယ်ဖောက်ကားကြသည်။ သို့သော် ထိုစဉ်က ကမ်းမမြင် လမ်းမမြင်သော ပင်လယ်သမုဒ္ဒရာတို့သို့ကား မသွားနိုင်ခဲ့ကြ သေးချေ။ ၁၃ဝဝ ပြည့်နှစ်တွင်မှ အိမ်မြေ|ာင်ကို အသုံးပြုလာနိုင် ကြကာ ပင်လယ်သမုဒ္ဒရာများသို့ သွားလာနိုင်ခဲ့ကြသည်။ အိမ်မြေ|ာင်ကို မထွင်နိုင်ကြသေးမိီက နေ့အခါတွင် ကုန်းပေါ်ရှိ အမှတ်အသားများနှင့် ညဉ့်အခါတွင် ကြယ်များကိုသာ လမ်း ညွှန်အဖြစ် အသုံးပြုခဲ့ကြရသည်၊ ၁၄၉၂ ခုနှစ်တွင်မူ ကမ္ဘာ ကျော် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သော ကိုလံဗပ်သည် အတ္တလန္တိတ် သမုဒ္ဒရာကြီးကို ဖြတ်ကျော်နိုင်ခဲ့လေသည်။ နောက်နှစ်ပေါင်း ၃ဝ ကြာသောအခါတွင် မဂျဲလင်ဆိုသူက ကမ္ဘာကိုပင် ပတ်နိုင် ခဲ့လေသည်။
ကူးသန်းသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးသည် ၁၈ ရာစုနှစ်တိုင်သည်အထိ ခဲယဉ်း၍ စွန့်စားမှုတစ်ရပ် ဖြစ်ခဲ့သေး သည်။ ထိုရာစုနှစ်သို့ ရောက်သောအခါတွင်မူ သွားလာရေးနှင့် ပို့ဆောင်ရေးတွင် လွယ်ကူလာသဖြင့် စီးပွားရေးတော်လှန်မှုကြီး လည်း ဥရောပတိုက်နှင့် အမေရိကတိုက်တွင် ဖြစ်ပေါ်ခဲ့လေ သည်။
အင်္ဂလန်နိုင်ငံတွင် စီးပွားရေးတော်လှန်မှုကြီးသည် ၁၈ ရာစုနှစ် အလယ်ပိုင်းလောက်တွင် စတင်ဖြစ်ပေါ် ခဲ့လေသည်။ ထိုအချိန်တွင် မြို့တော်ဖြစ်သောလန်ဒန်မြို့မှ ကျောက်လမ်းမကြီး များသည် အဘက်ဘက်သို့ ဖြာထွက်လျက် ရှိသည်ကို တွေ့ရ လေသည်။ တူးမြောင်းများကလည်း ဝန်ကျယ်များဖြစ်သည့် ကျောက်မီးသွေးနှင့် သံကဲ့သို့သော ပစ္စည်းများကို ကုန်ချော ပြုလုပ်ပေးသည့် စက်ရုံကြီများရှိရာသို့ စရိတ်သက်သာစွာနှင့် ပို့ဆောင်ပေးနိုင်ကြလေသည်။
၁၉ ရာစုနှစ် အစပိုင်းလောက်တွင် ရေနွေးငွေ့ဖြင့် မောင်း နှင်သော မီးရထား၊ မီးသင်္ဘောများ စသော ကုန်းကြောင်းနှင့် ရေကြောင်းယာဉ်များ ပေါ်ထွက်လာကြပြန်သဖြင့် ကူးသန်း သွားလာရေးနှင့် ကုန်စည်များ ပို့ဆောင်ရေးတွင် ပို၍ လွယ်ကူ လာရုံမက စရိတ်လည်း ပို၍ သက်သာလာသည်။ ထိုကြောင့် နေရာအနှံ့အပြားမှ ကုန်ကြမ်းများကို ကုန်ချောဖြစ်လာသော အခါတွင်လည်း လိုသည့်နေရာများသို့ ပို့ဆောင်ပေးနိုင်လာ လေသည်။
ရေနွေးငွေ့ဖြင့် မောင်းနှင်သော ယာဉ်များ ပေါ်ပြီးနောက် တွင် လျှပ်စစ်ဓာတ်အားဖြင့် ခုတ်မောင်းသော ဓာတ်ရထားနှင့် ထရော်လီ ဘတ်စကားတို့ကိုပါ ထွင်လာကြပြန်သည်။ ဓာတ် ရထားသည် သံလမ်းပေါ်တွင် ပြေး၍ လျှပ်စစ်ဓာတ်အားကို အပေါ်၌ သွယ်တန်းထားသော ဓာတ်ကြိုးတစ်ချောင်းမှ ရရှိ သည်။ မြန်မာနိုင်ငံတွင် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဓာတ် ရထားများ ရှိခဲ့ဘူးသည်။ ထရော်လီဘတ်စကားမှာ လျှပ်စစ် ဓာတ်အားကို အပေါ်၌ သွယ်တန်းထားသည့် ဓာတ်ကြိုး နှစ်ချောင်းမှ ရ၍ ရိုးရိုးလမ်းမပေါ်တွင် ပြေးနိုင်သည်။ ဒုတိယ ကမ္ဘာစစ်မဖြစ်မီက ရန်ကုန်မြို့တွင် ထရော်လီဘတ်စကား များဖြင့် လူများကို သယ်ယူပို့ဆောင်ပေးခဲ့ဖူးလေသည်။ ကုန်းကြောင်းယာဉ်များတွင် မြင်းများကို ဆွဲစေသည့် မြင်းရထားများလည်း အပါအဝင်ဖြစ်သည်။ ယခုအခါတွင်မူ မြင်းရထားများသည် မြို့ကြီးများတွင် ပပျောက်သလောက် ရှိနေ ပေပြီ။ မြင်းရထားနှင့် နွားလှည်းများအစား မော်တော်ကားများ ကို အသုံးများလျက် ရှိပေသည်။ ကိုယ်ပိုင်မော်တော်ကားများကို အဖိုးကြီးပေးကာ ဝယ်၍ စီးနင်းနိုင်ကြသော သူများလည်း ရှိသည်။ သာမန် လုပ်စားကိုင်စားများကမူ ကိုယ်ပိုင်မော်တော် ကားများကို မစီးနိုင်ကြသည့်တိုင်အောင် မော်တော်ဘတ်စကား များဖြင့် လိုရာသို့ သွားလာနိုင်ကြသည်။ မော်တော်ကားများ တွင် အတွင်းမီးအား အင်ဂျင်စက်များကို အသုံးပြုထားသည်။ အတွင်းမီးအားကို ရစေရန်အတွက် ဓာတ်ဆီကို အသုံးပြုကြ ရသည်။ ကုန်များကိုမူ လော်ရီကားများဖြင့် တစ်နေရာမှ တစ်နေရာ၊ တစ်မြို့မှ တစ်မြို့သို့ သယ်ယူပို့ဆောင်ပေးနိုင်ကြ လေသည်။ လူတို့သည် ကုန်းကြောင်းတွင် အသုံးပြုနိုင်သည့် စက်ဘီးများကိုလည်း တီထွင်လာကြပြီးနောက် ဓာတ်ဆီဖြင့် မောင်းနှင်သည့် မော်တော်ဆိုင်ကယ်ခေါ် မော်တော်စက်ဘီးကို လည်း တီထွင်လာကြသည်။
၁၈ ရာစုနှစ် အလယ်ပိုင်းလောက်သို့ ရောက်သောအခါ လေကြောင်းသွားလာရေးကို စိတ်ဝင်စားလာကြသဖြင့် ဉာာဏ် ကြီးရှင်များက လေကြောင်းသွားလာနိုင်ရေးကို ကြိုးစားကြံစည် ခဲ့ကြလေသည်။ ကြိုးစားသည့် အတိုင်းလည်း လေယာဉ်များ ကိုပင် တီထွင်လာနိုင်ကြရာ ယခုအခါ ကမ္ဘာအရပ်ရပ်သို့ လေယာဉ်များဖြင့် လူနှင့်ကုန်များကို လွယ်ကူလျင်မြန်စွာ ပို့ ဆောင်ပေးနိုင်နေလေပြီ။
ယခုအခါ နိုင်ငံအသီးသီးမှာပင် ဒီဇယ်စက်ဖြင့် မောင်းနှင် သော မော်တော်ကား၊ မီးရထားနှင့် မီးသင်္ဘောများကို တွေ့နေ ရပေပြီ။ ခေတ်မီသော မြို့ကြီးများ၌ လျှပ်စစ်မီးရထားများကို အကျိုးရှိစွာ အသုံးပြုနေကြပေပြီ။ သိပ္ပံပညာ၏ လက်ရှိလျင် မြန်စွာ တိုးတက်နေသော အခြေအနေအရ ကုန်းကြောင်း၊ ရေ ကြောင်း၊ လေကြောင်း သယ်ယူပို့ဆောင်ရေးတို့၌ အနုမြူအား ကို အသုံးပြုသော အနုမြူယာဉ်များကို တွေ့ရမည့်အချိန်ကား မဝေးလှတော့ချေ။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)