မြန်မာမင်းများလက်ထက်တွင် ယိုးဒယားနိုင်ငံ နှင့် အဆက်အဆံရှိကြသည့် အလျောက် ယိုးဒယားဝန်ရာထူးကိုလည်း သီခြားခန့်အပ် ထားလေ့ရှိပါသည် ။

ကုန်းဘောင်ခေတ်ဦးကာလ ယိုးဒယားစစ် ပြင်ဆင်ရန်

ကုန်ဘောင်ခေတ်ဦးကာလ အလောင်းမင်းတရားလက်ထက် ၁၇၅၉ ခုနှစ် ဇူလိုင်လတွင် ယိုးဒယားသို့ စစ်ချီတက်ခဲ့သည် ။ စစ်ချီရြခင်းအကြောင်းမှာ ထားဝယ်မြို့စားနှင့် ပက်သက်မှုရှိပါသည် ။ ထားဝယ်မြို့စားသည် ယိုးဒယာဒတို့၏ အထောက်အပံ့ဖြင့် မြန်မာဘုရင်အား ခြားနားခဲ့သည် ။ အလောင်မင်းတရားပိုင် သင်္ဘောတော်ကိုပင် တနင်္သာရီကမ်းခြေသို့ ယူဆောင်သွားခဲ့၏ ။ သို့ဖြင့် ကြည်းကြောင်း ၊ ရေကြောင်း ချီခဲ့ကြခြင်းဖြစ်ပါသည် ။ သို့သော် အယုဒ္ဓယကို ဝန်ရံတိုက်ထိုက်စဉ် အတွင်း အလောင်းမင်းတရား၏ ကျန်းမာရေးအခြေအနေကြောင့် ပြန်လည်ဆုတ်ခွာလာခဲ့ကြရာ လမ်းခရီး မုတ္တမနယ် ကင်းရွာ အရောက် ၁၁ မေ ၁၇၆၀ တွင် အလောင်းမင်းတရားနတ်ရွာစံခံသည်။ သားတော် မြေဒူးမင်းလက်ထက်တွင် ခမည်တော်လက်ထက် မအောင်မြင်ခဲ့သည့် ယိုးဒယားသို့ စစ်ချီခဲ့ပြန်ပါသည် ။ ထာဝယ်မြို့စား ရွှေတောင်စားက မြန်မာဘုရင်အား ခြားနားပုန်ကန်သဖြင့် ၃၀ နိုဝင်ဘာ ၁၇၆၄ ခုနှစ်တွင် မဟာနော်ရထာ ဦးဆောင်ကာ သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည် ။ မြန်မာတပ်များသည် ၂၈ မေ ၁၇၆၇ တွင် အယုဒ္ဓယကို သိမ်ပိုက်နိုင်ခဲ့ပါသည် ။ ယင်းနောက်ပိုင်းတွင် ယိုးဒယားဝန်ရာထူး သီးခြားပေါ်ပေါက်လာခဲ့ပါသည်။

ယိုးဒယားဝန် နေမျိုးသီရိဇေယျသင်္ကြန် ပြင်ဆင်ရန်

ပထမဆုံးခန့်အပ်ခံခဲ့ရသည့် ယိုးဒယားဝန်မှာ နေမျိုးသီရိဇေယျသင်္ကြန်ဖြစ်သည် ။ မကွေးမြို့ကို မြို့စားအရာ ပေးအပ်ခံခဲ့ရသူလည်းဖြစ်၏ ။ ယိုးဒယားဝန် နေမျိုးသီရိဇေယျသင်္ကြန်သည် ၁၃ ဒီဇင်ဘာ ၁၇၆၉ ခုနှစ်တွင် ကောင်းတုံမြို့၌ ကျင်းပသည့် တရုတ်မြန်မာ ငြိမ်းချမ်းရေး ဆွေးနွေပွဲသို့ တက်ရောက်ခဲ့သူ ဖြစ်သည် ။

စဉ့်ကူးမင်းလက်ထက် ပြင်ဆင်ရန်

စဉ့်ကူးမင်း ( ၁၇၆၆ - ၁၇၈၂ ) လက်ထက် ယိုးဒယားဝန်အဖြစ် ခန့်အပ်ခံရသူမှာ ကျော်ခေါင်ကျော်သူ ဖြစ်သည်။ သူ၏ သမီး တောင်တွင်းကြီးမြို့စား သီရိဒေဝီမှာ စဉ့်ကူးမင်း၏ မိဖုရားဖြစ်ရာ ယိုးဒယားဝန်မှာ ဘုရင့်ယောက္ခမတော်စပ်သူ ဖြစ်ပါသည်။ ထို့အတူ ဘိုးတော်ဘုရား၏ မိဖုရားတစ်ပါးဖြစ်သော ရေနံချောင်းမြို့စား သီရိစန္ဒာမဟေမှာလည်း ယိုးဒယားဝန်ကျော်ခေါင်ကျော်သူ၏ သမီးဖြစ်ပါသည် ။

ယိုးဒယားဝန်ရာထူးအပြောင်းအလဲ ပြင်ဆင်ရန်

ယိုးဒယားဝန် ကျော်ခေါင်ကျော်သူသည် ဗဒုံမင်း ( ၁၇၈၂ -၁၈၁၉ ) လက်ထက်၌ ဆက်လက် တာဝန်ထမ်းရွက်ခဲ့ဟန်တူပါသည် ။ သို့သော် စစ်ကိုင်းမင်း နန်းတက်စ ၁၈၁၉ ခုနှစ်တွင် နေမျိုးရွှေတောင်လှသူအား ယိုးဒယားဝန်ရာထူးခန့်အပ်ခဲ့၏ ။ သူ့အား ဆက်ခံခဲ့သူမှာ ဦးရွှန်းဖြစ်ဟန်တူပါသည်။ စစ်ကိုင်းမင်းလက်ထက် ယိုးဒယားဝန် နေမျိုးသီဟသူဘွဲ့ခံ ဦးရွှန်းတွင် မိပလူဆိုသူ သမီးတစ်ဦးရှိကြောင်းကိုသာ သိရှိရပါသည် ။

ရတနာပုံခေတ် ပြင်ဆင်ရန်

ကုန်းဘောင်ခေတ်နှောင်းကာလသို့ ရောက်ရှိသောအခါ ယိုးဒယားဝန်ရာထူးကို သီးခြားထားရှိတော့ဟန်မတူပေ။ မင်းတုန်းမင်းလက်ထက်တွင် အတွင်းတော်မြဲ မင်းလှစောစံနုရိန်ကသာ ယိုးဒယားနိုင်ငံနှင့် စပ်လျဉ်းသော အရေးကိစ္စများကို လုပ်ဆောင်ခဲ့ရ၏ ။ ၂၃ ဇန္နဝါရီ ၁၈၅၆ ခုနှစ်တွင် အယုဒ္ဓယတိုင်း ၊ ဒွါရဝတီပြည် ၊ ယိုးဒယားမြို့ ( ဘန်ကောက် ) သို့ သာသနာပြု ဆရာတော်အား လှူးဒါန်ရန် လှူဖွယ်ဝတ္တုများနှင့်အတူ မင်းလှစောစံနုရိန်အား စေလွှတ်ခဲ့သည်။ သူသည်ယိုးဒယား သာသနာပိုင်ဆရာတော်အား လှူဖွယ်ဝတ္တုများ လှူဒါန်းပြီး၁၈၅၈ ခုနှစ် မတ်လတွင် ရတနာပုံ နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့၏။ အဆောင်တော်မြဲ မင်းလှစောစံနုရိန်အား “ ကျွန်တော်မျိုး ယိုးဒယားအမတ် ” ဟူ၍ ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး ( တတိယတွဲ ) တွင် ဖော်ပြထားရာ မင်းလှစောစံနုရိန်သည် မြန်မာဘုရင်ထံ၌ အမှုထမ်းရွက်နေသူ ယိုးဒယားလူမျိုး တစ်ဦး ဖြစ်ဟန်ရှိပါသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉