ယုဓဉ္ဇယဇာတ်
ဧကာဒသကနိပါတ် - ၄၆၀။ ယုဓဉ္စယဇာတ်
ပစ္စုပ္ပန်ဝတ္ထု
လောကစွန့်ခွါ ဗုဒ္ဓစရိယာ
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားသဘင်ဝယ် စည်းဝေးကုန်သည်ရှိသော် “ငါ့ရှင်တို့... မြတ်စွာဘုရားသည် လူ့ဘောင်၌ နေသည်ဖြစ်အံ့၊ စကြာမင်းဖြစ်ရာ၏၊ ထိုသို့ဖြစ်ပါလျက် စကြာမင်း၏ အသရေကို စွန့်ပယ်ကာ ကာမဂုဏ်တို့၌ အပြစ်ကိုမြင်၍ ညသန်းခေါင် ယာမ်အခါ ဆန္ဒအမတ်ကိုခေါ်၍ ကဏ္ဍကမြင်းကိုစီးလျက် တောထွက်တော်မူ၍ အနောမာမြစ်ကမ်း၌ ရဟန်းပြုပြီးလျှင် ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူရ၏”ဟု စကား စပ်မိ၍ ပြောဆိုနေကြကုန်၏။
ထိုအခါ မြတ်စွာဘုရားကြွလာတော်မူ၍ ထိုအကြောင်း ကိုသိတော်မူလျှင်—
“ရဟန်းတို့...ငါဘုရားသည်ယခုအခါ၌သာ မြတ်သောတောထွက်ခြင်းကို ပြုတော်မူသည်မဟုတ်၊ ရှေးအခါ၌ ဗာရာဏသီပြည်ကြီးကိုစွန့်၍ တောထွက်ဘူးသည်သာတည်း”ဟု မိန့်တော်မူကာ အောက်ပါအတိတ် ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ဥယျာဉ်ထွက်လျှင် သံဝေဝင်
လွန်လေပြီးသောအခါ ရမ္မပြည်ဝယ် သဗ္ဗဒတ္တ မည်သော ရမ္မမင်း မင်းပြုသည်ရှိသော် ထိုမင်းအား သားတထောင်ရှိ၏၊ ယုဓဉ္စယမည်သော သားအကြီးဆုံးကို အိမ် မင်းအဖြစ်ကိုပေး၏၊ ထိုအိမ်ရှေ့မင်းသည် နေ့တိုင်းနေ့တိုင်း ကြီးစွာသော အလှူကြီးကိုပေး၏။ ကာလကြာမြင့်လတ်သော် အိမ်ရှေ့မင်းသည် တနေ့သ၌ မြတ်သောရထားကိုစီးလျက် ဥယျာဉ်ကစား သွား လတ်သော် သစ်ပင်ဖျား မြက်ပင်ဖျား ပင့်ကူအိမ်တို့၌ကပ် ငြိလျက် ပုလဲလုံးသဏ္ဌာန်ရှိသော ဆီးနှင်းပေါက်တို့ကိုမြင်၍ “အချင်းရထားထိန်း ဤအပေါက်တို့ကား အဘယ် အပေါက်တို့နည်း”ဟုမေး၏၊ “အရှင်မင်းသားဆီးနှင်း ပေါက်တို့ဖြစ်ပါ၏”ဟု လျှောက်ထားလေ၏၊ ညချမ်းသောအခါ ဥယျာဉ်တော်မှ ပြန်ခဲ့သည်ရှိသော် ဆီးနှင်းပေါက်တို့ကို မမြင်ပြန်၍ “အချင်းရထားထိန်း... ဆီးနှင်းပေါက်တို့ အဘယ်မှာနည်း”ဟု မေး၏၊ “အရှင်မင်းသားနေ ထွက်သည်ရှိသော် အလုံးစုံသော ဆီးနှင်းပေါက်တို့သည် ပျက်စီး၍ မြေသို့ကျကုန်၏”ဟု...လျှောက်ထားပြန်၏၊ ထိုအခါ မင်းသားသည် ထိတ်လန့်တုန်လှုပ်လျက် သတ္တဝါ သင်္ခါရတို့ကား ဆီးနှင်းပေါက်နှင့်တူကုန်၏တကား။
ခမည်းတော်ထံဝင် ရဟန်းပြုချင်
ငါသည် အိုခြင်း, နာခြင်း, သေခြင်းတို့ မနှိပ်စက်မီလျှင် မယ်တော် ခမည်းတော်တို့ကို တောင်းပန်၍ ရဟန်းပြု ရန်သင့်၏ဟု ဆီးနှင်းပေါက်တို့ ပျက်စီးခြင်းကို အာရုံ ပြု၍ ဘဝသုံးပါးကို ရဲရဲပြောင်ပြောင် တောက်လောင်သော မီးပုံကြီးကဲ့သို့ ရှုဆင်ခြင်ကာ အိမ်သို့မပြန်တော့ဘဲ တရားလွှတ်တော်တွင် တရားစီရင်၍နေသောခမည်းကော်၏ အထံသို့ သွား၍ရှိခိုးလျက်-
“အို-ခမည်းတော် မင်းကြီး... ချစ်အပ်သော အမတ်အပေါင်းခြံရံလျက်နေသော ခမည်းတော် မင်းကြီးကို ရှိခိုးပါ၏၊ အကျွန်ုပ်သည် ရဟန်းပြု ပါအံ့၊ ရဟန်းပြုခြင်းကို အရှင်ခမည်းတော် မင်းကြီးသည် ခွင့်ပြုတော်မူပါ”
ဟု ခမည်းတော်မင်းကြီးအား တောင်းပန်လေ၏၊ ထိုအခါ ခမည်းတော်မင်းကြီးသည်–
“အို-ချစ်သား... သင်ချစ်သားအား ကာမဂုဏ်တို့ဖြင့် အကယ်၍ယုတ်လျော့ငြားအံ့၊ ငါသည် ပြည့်စေအံ့၊ သင်ချစ်သားကို ညှဉ်းဆဲနှိပ်စက်သူကိုလည်း တားမြစ်အံ့၊ ချစ်သားယုဓဉ္စယ... ရဟန်း မပြုပါလင့်”—
ဟုသားတော်ကို တားမြစ်တော်မူ၏။
ရဟန်းပြုလိုမှု ခွင့်မပြု
သားတော်သည် ခမည်းတော်မင်းကြီး တားမြစ်သောစကားကို ကြားလျှင်–
“အို-မည်းတော် မင်းကြီး... အကျွန်ုပ်အား ကာမဂုဏ်တို့ဖြင့် ယုတ်လျော့ခြင်းမရှိပါ၊ အကျွန်ုပ်ကို ညှဉ်းဆဲနှိပ်စက်သူလည်းမရှိပါ၊ စင်စစ်ကား အိုခြင်း, နာခြင်း, သေခြင်းတို့မဖျက်ဆီးနိုင်သော မှီခိုရာကိုင်းကျွန်းကို ပြုလိုပါ၏၊”
ဟု တောင်းပန်ပြန်၏၊ ခမည်းတော်မင်းကြီးလည်းက-
“အို-ချစ်သား...ငါဖခင်သည် ရဟန်းမပြုရန် တောင်းပန်ပါ၏၊ ပြည်ရွာတိုင်းကား ဇနပုဒ်သားတို့လည်း တောင်းပန်ကြကုန်၏၊ သို့အတွက်ရဟန်း မပြုပါလင့်”
ဟုအဖန်တလဲလဲ တားမြစ်ပြန်၏၊ ထိုအခါ မင်းသားသည်-
“အို-ခမည်းတော်မင်းကြီး... အကျွန်ုပ်ရဟန်း ပြုခြင်းကို မတားမြစ်ပါလင့်၊ အကျွန်ုပ်ကို ကာမဂုဏ်တို့ဖြင့် မယစ်မူးပါစေလင့်၊ အဖန်တလဲလဲ အိုခြင်း, နာခြင်း, သေခြင်း၏ အလိုသို့လိုက်ရသည် မဖြစ်ပါစေလင့်”
ဟု အဖန်တလဲလဲ တောင်းပန်ပြန်၏၊ ဤသို့ မင်းသား သည်ပြောဆိုတောင်းပန်သည်ရှိသော် ခမည်းတော်မင်းကြီး သည်စကားဆိုရာမရလေ။
မယ်တော်လာငြား သားမြစ်တား
ထိုအခါ မယ်တော် မိဖုရားကြီးသည် ထိုအကြောင်းကို ကြားလျှင် ရွှေထမ်းစင်ဖြင့် သားတော်ထံအတင်းသွားကာ-“ချစ်သား...ငါသည် ချစ်သားကို တောင်းပန်ပါ၏၊ ငါသည် တားမြစ်ပါ၏၊ ငါ့သားကို ငါသည် ကြာမြင့်စွာ မြင်ခြင်းငှါ အလိုရှိပါ၏၊ ငါ့သားယုဓဉ္စယ...ရဟန်းမပြုပါလင့်”—
ဟုသားတော်အား အတင်းတားမြစ်ပြန်၏၊ မင်းသားသည် မယ်တော်စကားကို ကြားပြန်လျှင်–
“အို-မိခင်... နေထွက်သည်ရှိသော် မြက်သစ် ပင်ဖျား၌တင်သော ဆီးနှင်းပေါက်တို့သည် ကျသကဲ့သို့ လူတို့အသက်သည် နည်းလှ၏၊ အကျွန်ုပ် ကိုမတားမြစ်ပါလင့်”
ဟု မယ်တော်အား တောင်းပန်ပြန်၏။
ခမည်းတော်ခွင့်မှု ရဟန်းပြု
မယ်တော်လည်း အဖန်တလဲလဲ တားမြစ်သည်သာတည်း၊ ထို့နောက် မင်းသားသည်-
“အို-ခမည်းတော်မင်းကြီး ဤမယ်တော်ကို ယခုအမြန် ယာဉ်သို့ တင်စေပါလော့၊ မယ်တော်သည် ခရီးခဲကိုကူးသော အကျွန်ုပ်၏ အန္တရာယ်ကို မပြုပါစေလင့်”-
ဟု ခမည်းတော် မင်းကြီးအား လျှောက်ထားပြန်၏၊ ထိုအခါ မင်းကြီးသည် သားတော် စကားကို ကြား၍ “မိဖုရားကြီး သင်ယခုသွားလော့၊ သင်၏ ရတိဝဍ္ဎန ပြာသာဒ်သို့တက်လော့”ဟု နှင်လေ၏၊ မိဖုရားကြီးလည်း မင်းကြီးစကားကိုကြားလျှင် မတည်တံ့နိုင်သဖြင့်မိမိအခြွေ အရံနှင့်တကွ ပြာသာဒ်သို့တက်ကာ သတင်းစကားကိုသာ နားထောင်၍နေရ၏၊ မင်းကြီးလည်း တားမြစ်၍ မရသဖြင့် ရဟန်းပြုရန်ခွင့်ပြုရလေ၏၊ ညီတော်ယုဓိဋ္ဌိလလည်း နောင်တော်အား ခွင့်ပေးကြောင်းကိုသိလျှင် ရဟန်းပြုရန် တောင်းပန်ပြန်၏၊ ခမည်းတော်လည်း ခွင့်ပြုရပြန်၏။
ထီးနန်းစွန့်ခွါ တောကြွရာ
ထို့နောက် မင်းသား ညီနောင်တို့သည် ခမည်းတော်ထံမှခွင့်ရလျှင်လူအပေါင်း ခြံရံကာ တရားလွှတ်တော်မှ ထွက်ကြကုန်၏၊ မယ်တော်မိဖုရားကြီးလည်း သားတော်ကိုပြာသာဒ်ထက်မှ ကြည့်၍ ငါ့သားရဟန်းပြုလျှင် ဤရမ္မမြို့ကြီးဆိတ်ညံ
လတံ့ဟုအောက်မေ့ကာ-
“အို-မောင်းမအပေါင်းတို့...သင်တို့သည်လျင်စွာပြေးကြကုန်၊ အရှင်မင်းကြီးအား ကောင်းခြင်းမင်္ဂလာဖြစ်ပါစေဟု ဆိုပါချေကုန်၊ သဗ္ဗဒတ္တ မည်သောမင်းသည် ငါ့သား ယုဓဉ္စယကို ခွင့်ပြုလိုက်ပြီ၊ ရမ္မမြို့ကြီးသည် ဆိတ်ညံပေတော့မည်”။
“နုပျို၍ရွှေအဆင်းကဲ့သို့ ဝါဝင်းသော ယုဓဉ္စယမင်းသားကား သားတထောင်တို့တွင် အမြတ်ဆုံးဖြစ်၏၊ ခွန်အားအကြီးဆုံးဖြစ်၏၊ ထိုမင်းသားကား ဖန်ရည်စွန်းသော အဝတ်ကိုဝတ်၍ ရဟန်း ပြုလေပြီတကား”
ဟု ငိုကြွေး မြည်တမ်းလေ၏၊ မင်းသား ညီနောင်တို့လည်း မြို့ပြင်သို့ရောက်လျှင် လူအပေါင်းကို ပြန်စေ၍ ဟိမဝန္တာသို့ ဝင်ကာ ရသေ့ ရဟန်း ပြုပြီးလျှင် ဈာန် အဘိညာဉ်ကို ဖြစ်စေလျက် သစ်သီး ကြီးငယ်ဖြင့် မျှဘ၍ နေ၏၊ သေလွန်သည်၏ အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ လားရကုန်၏။
ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသခန္ဓဆက်စပ်တော်မူလျက်-
*ထိုအခါ မယ်တော် ခမည်းတော်တို့သည်-ယခုအခါ သာကီဝင်မင်းမျိုးများ။
*ယုဓိဋ္ဌိလမင်းသားသည်-အာနန္ဒာ။
*ယုယမင်းသားသည်–ငါဘုရားဖြစ်လာပြီ– ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
(၁) နေထွက်လာငြား၊ နှင်းပေါက်များ၊ ပျက်ပြားရလေသည်။
(၂) တေဘူမက၊ သင်္ခါရ၊ မုချပျက်ရသည်။
(၃) အို, နာ, သေတန်း၊ မညှဉ်းပန်း၊ ကိုင်းကျွန်းရှာရမည်။
(၄) ယုဓဉ္စယ၊ မင်းသားလှ၊ နန်းမှစွန့်ခွါသည်။
(၅) နှင်းပေါက်မြင်ရွှေ၊ တရားမွေ့၊ ရသေ့ပြုတော့သည်။
ယုဓဉ္စယဇာတ်ပြီး၏။
***
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။