တင်လေးဝေ (ယုဝတီ)

(ယုဝတီတင်လေးဝေ မှ ပြန်ညွှန်းထားသည်)
ယုဝတီတင်လေးဝေ

ယုဝတီတင်လေးဝေ (၁၉၂ဝ - ၁၉၉၆) ပြင်ဆင်ရန်

အမည်ရင်း ဒေါ်တင်တင်ဖြစ်သည်။ ၁၉၂ဝ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျိုတ်လတ်မြို့၌ မွေးဖွားခဲ့သည်။ မိဘများမှာ ကျိုတ်လတ်မြို့ သွားစိုက်ဆရာကြီး ဦးဘဝေ၊ ဒေါ်လှဒန်တို့ဖြစ်ပြီး မွေးချင်း မောင်နှမ ၆ ယောက်တွင် ဒုတိယ ဖြစ်သည်။


ငယ်စဉ်ကပင် စာရေးခြင်း၊ စာဖတ်ခြင်းကို ဝါသနာ ကြီးခဲ့သည်။ မိဘများက ဝတ္ထုဖတ်ခြင်းကို တားမြစ်ကြသည့် ကြားကပင် သူငယ်ချင်းများနှင့် ဗလာစာအုပ် ကလေးထဲတွင် ဝတ္ထုများ ရေးသားခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ဒေါ်ဒဂုန် ခင်ခင်လေး ဦးစီးသည့် ယုဝတီ ဂျာနယ်တွင် 'မကြားရက်တဲ့အသံ' ဝတ္ထုဖြင့် စာပေနယ်သို့ ခြေချခဲ့သည်။ ယုဝတီ ကလောင်ရှင် အဖွဲ့တွင် ပါဝင်၍ ၁၉၄၇ ခုနှစ်မှ စ၍ အမှုဆောင် အဖွဲ့ဝင်ဖြစ် လည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း တာဝန်ယူခဲ့သည်။


၁၉၅၃ မှ ၁၉၆၃ ခုနှစ် အထိ တိုင်းရင်းမေ ဂျာနယ်တွင် ဝတ္ထုများ၊ ခရီးသွား ဆောင်းပါးများ၊ အမျိုးသမီးများအတွက် ဆေးပညာပေး မ,သဘာဝ အမေး အဖြေ၊ သားရေးသမီးရေး ဆောင်းပါးများ ရေးသားခဲ့သည်။ ယုဝတီ ဂျာနယ်တွင် အယ်ဒီတာ အဖွဲ့ဝင် အဖြစ် လုပ်ကိုင်ခဲ့သည်။


မြရတနာ၊ ရှေ့သို့၊ အလင်းရောင်၊ ငွေတာရီ၊ သွေးသောက်၊ သင့်ဘဝနှင့် ယုဝတီဂျနယ်တို့တွင် ဝတ္ထုတို၊ ဆောင်းပါးများ ရေးသားခဲ့သည်။ ခင်ပွန်းဖြစ်သူမှာ စာရေးဆရာကြီး ဦးသင်္ခါ ဖြစ်သည်။


ယုဝတီတင်လေးဝေသည် ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်နေ့၊ နံနက် ၅ နာရီ ၂ဝ မိနစ်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်သည်။ သားဦးဝေမြင့် (မင်းရဲသင်္ခ) နှင့် ချွေးမ ဒေါ်ခင်သန်းအေး (ဗဟိုဘဏ်) တို့ ကျန်ခဲ့သည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. ဇွန်ပွင့် စာအုပ်တိုက်က ၂၀၀၅ ခု၊ ဇန်နဝါရီလမှာ ပထမ အကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'စာပေမောင်နှံတို့ရဲ့ ရွှေလက်ရာများ' စာအုပ်မှ