ယွန်းစုဝန်သည် ယွန်းလူမျိုးအစု အမှုထမ်းများအား ကြီးကြပ်ကွပ်ကဲရသူ ဖြစ်သည်။ ယွန်းတပ်သည် စစ်ထွက်သည့်အခါ ဆင်အနီးမှ ဝန်းရံလျက် လှံတံကိုင်ကာ လိုက်ပါရကြောင်း သိရှိရသည်။ ယွန်းစုဝန်ရာထူးမှာ ကုန်းဘောင်ခေတ်ဦး ကာလကပင် အထင်အရှား ရှိခဲ့သည်။

မြေဒူးမင်းလက်ထက် ပြင်ဆင်ရန်

မြေဒူးမင်း ( ဆင်ဖြူရှင် ) လက်ထက် ၇ နိုဝင်ဘာ ၁၇⁠၇၄ ခုနှစ်တွင် ယိုးဒယားသို့ စစ်ချီရာ၌ ဘွဲ့မည်မသိရသူ ယွန်းစုဝန်သည် စစ်ကဲ တစ်ဦးအဖြစ် လိုက်ပါချီတက်ခဲ့ရကြောင်း သိရှိရသည်။

ဗဒုံမင်းလက်ထက် ပြင်ဆင်ရန်

ဗဒုံမင်း( ဘိုးတော်ဘုရား ) ( ၁၇၂၈ - ၁၈၁၉ ) နန်းတက်လာပြီးနောက် ယွန်းစုဝန်ရာထူးကို မင်းကျော်စည်သူအား ခန့်အပ်ခဲ့သည်။ သို့သော် မကြာမီ ယွန်းစုဝန်ရာထူးပြောင်းလဲခန့်အပ်ခဲ့၏။ ဗဒုံမင်းလက်ထက် ၁၇၈၅ ခုနှစ်တွင် ယိုးဒယားသို့ စစ်ချီစဉ် ယွန်းစုဝန် နေမျိုးဇေယျကျော်ထင်၏တပ် လိုက်ပါအမှုထမ်းရွက်ခဲ့သည်။ အလားတူ ၉ ဖေဖော်ဝါရီ ၁၇၉၅ ခုနှစ်တွင် ဘိုးတော်ဘုရား၏ သမီးတော် မိတ္ထီလာမင်းသမီးအား ကွမ်းခွံ့မင်္ဂလာပြုစဉ်၌လည်း ယွန်းစုဝန် နေမျိုးဇေယျကျော်ထင် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း တွေ့ရှိရ၏။ ဗဒုံမင်းလက်ထက်နှောင်းပိုင်းကာလတွင် နေမျိုးဇေယျသူဘွဲ့ခံ ဦးရောက်ကြီးအား ယွန်းစုဝန်အရာပေးအပ်ခဲ့သည်။ သို့သော် ယွန်းစုဝန် ဦးရောက်ကြီးမှာ မကြာမီ မြို့ဝန်၊ ဝန်ကြီးအရာများ ရရှိခဲ့သည်။

စစ်ကိုင်းမင်းလက်ထက် ပြင်ဆင်ရန်

စစ်ကိုင်းမင်း( ဘကြီးတော် ) နန်းတက်စ ၁၈၁၉ ခုနှစ်တွင် လက်ဝဲရာဇရွှေတောင်ကို ယွန်းစုဝန်ရာထူးခန့်အပ်ခဲ့သည်။ သူ့အား မင်းလှမင်းကျော်ထင်ကျော်သူဘွဲ့ခံ ဦးက ဆက်ခံခဲ့၏။ ၁၈၂၁ ခုနှစ်ခန့်တွင် မင်းလှမင်းငယ်ကျော်ဘွဲ့ခံဦးပိုအား ယွန်းစုဝန်အရာ ခန့်အပ်ပြန်ပါသည်။ အမရပူရမြို့ကွက်မြေပုံတွင် အကွက်အမှတ် ၆၄၈ မှာ ယွန်းစုဝန်ဟောင်း ဦးပိုနေထိုင်ရာ အကွက်ဖြစ်ကြောင်း ဖော်ပြထား၏ ။ ၂ ဧပြီ ၁၈၂၃ ခုနှစ်တွင် တရုတ်သံအဖွဲ့ နေပြည်တော်သို့ ရောက်ရှိလာသောအခါ ကြိုဆိုသူများထဲတွင် ယွန်းစုဝန်မင်းလှမင်းငယ်ကျော်ဘွဲ့ခံ ဦးပိုပါဝင် ပါသည်။ ဦးပိုတွင် မိမင်းတိုက်ဆိုသူ သမီးတစ်ဦးရှိကြောင်း သိရှိရ၏ ။ ယင်းနှစ်၌ပင် နေမျိုးမင်းကျော်ဘွဲ့ခံ ဦးကြာဘက်အား ယွန်းစုဝန်ရာထူး ခန့်အပ်လိုက်ပါသည်။ ဦးကြာဘက်သည် တောင်ငူဝန်ဟောင်းဖြစ်ပြီး ၁၈၂၃ ခုနှစ် အာသံစစ်မျက်နှာမှ အပြန်တွင် ယင်းသို့ ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။ ဦးကြာဘက်အား ဆက်ခံသူမှာ မဟာမင်းလှကျော်ခေါင်ဘွဲ့ခံ ဦးကြယ်ဝ ဖြစ်သည်။ ယွန်းစုဝန် ဦးကြယ်ဝသည် ၂၄ မေ ၁၈၂၄ ခုနှစ်တွင် ရန်ကုန်မြို့သို့ စစ်ချီတက်ခဲ့ ရသည်။

ရတနာပုံခေတ် ပြင်ဆင်ရန်

၁၈၅၃ ခုနှစ်တွင် သီပေါမင်း နန်းတက်လာပြီးနောက် ရဲဘက်မြင်းဝန် ဦးမာလိန်အား ယွန်းစုဝန်ရာထူး ပြောင်းလဲခန့်အပ်လိုက်ပါသည်။ ဦးမာလိန်မှာ မြန်မာရာဇဝင်တွင် ထင်ရှားခဲ့သည့် အမတ်ကြီးအလိမ္မာ၏ မြေးဖြစ်သည်ဆို၏ ။ အလိမ္မာအား ပြောင်းပြန်ပြုကာ ဦးမာလိန်ဟု အမည်ပေးထားခြင်းဖြစ်သည်။ သို့သော် မကြာမီ ဦးမာလိန်ကို ကင်းဝန်ရာထူး ပြောင်းလဲ ပေးအပ်ခဲ့၏ ။ သီပေါမင်းနန်းတက်စ ၁၈၇၈ ခုနှစ် အောက်တိုဘာလတွင် လက်သုံးတော်ကိုင် နေမျိုးမင်းထင်သီလဝအား ယွန်းစုဝန်အရာ ခန့်အပ်လိုက်ပါသည်။ သူသည် ၁၈၇၉ ခုနှစ် စတင်ဘာလတွင် ဗြိတိသျှကိုယ်စားလှယ်အဖွဲ့ မန္တလေးသို့ လာရောက်စဉ် စစ်ရေးပြ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ရ၏ ။ နေမျိုးမင်းထင် သီလဝ၏ ရာထူးကို ဆက်ခံခဲ့သူမှာ မင်းရဲညွန့်ဘွဲ့ခံ ဦးရဲတင်ဖြစ်သည်။ စက်ဝန်းရာထူးကိုပါ ပူးတွဲတာဝန်ထမ်းဆောင်ရသဖြင့် စက်ဝန် ယွန်းစုဝန်မင်းရဲညွန့်ဟု ခေါ်ဆိုကြ၏ ။ ၁၅ ဧပြီ ၁၈⁠၈၃ ခုနှစ်တွင် မဟာမုနိဘုရားသို့ ထီးဖြူတော်ပို့ဆောင်စဉ် ယွန်းစုဝန်ဦးရဲတင် အခမ်းအနား၌ ပါဝင်ခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉