ယွန်းဆေးနှင့် ချိပ်ဆေး
ယွန်းထည်ကို ပြုလုပ်ရာ၌ အချိန် အလွန်ကြာမြင့်၍ အလွန်တိကျသေချာရ၏။ ကမ္ဘာပေါ်တွင် အရှေ့တိုင်းသားများသာလျှင် ဤလုပ်ငန်းတွင် ကျွမ်းကျင်လိမ်မာကြသည်ဟုဟူသော် ရသင့်သည်။ တရုတ်လူမျိုးတို့သည် ရှေးနှစ်ပေါင်း ၃ဝဝဝ ခန့်ကပင် ယွန်းထည်များကို ပြုလုပ်သုံးစွဲခဲ့ကြသည်။ နောင်အခါ ဂျပန်တို့သည် တရုတ်လူမျိုးထံမှ ယွန်းထည်ပြုလုပ်နည်းကို အတုယူ၍ လုပ်ကိုင်ခဲ့ရာ၊ အနောက်နိုင်ငံများတွင် ယွန်းထည်လုပ်ငန်းမှာ ဂျပန်ဆေးရောင်တင် လုပ်ငန်းဟူ၍ အမည်တွင်လောက်အောင် ကျွမ်းကျင်လျက်ပင် ရှိသေးသည်။ အနောက်နိုင်ငံတွင် ဤလုပ်ငန်းကို အတုခိုး၍ ပြုလုပ်ခဲ့သော်လည်း အရှေ့ တိုင်းသားများကဲ့သို့ ကျွမ်းကျင်တတ်မြောက်ခြင်း မရှိချေ။ ယွန်းထည်လုပ်ငန်းသည် မြန်မာနိုင်ငံ သထုံမြို့သို့ ယိုးဒယားနိုင်ငံမြောက်ပိုင်းမှ စတင်ရောက်ရှိလာခဲ့သည်။
သထုံမြို့ကို ရောက်ရှိလာရာ ထိုအချိန်မှစ၍ ယနေ့တိုင်အောင် ထွန်းကားလျက်ရှိသည်ဟု ဆိုသည်။ မုံရွာနယ် ကျောက်ကာရွာနှင့် ညောင်ဦးမြို့တို့သည်လည်း ယွန်းထည်လုပ်ငန်းအတွက် နာမည်ကြီးလေသည်။ မြန်မာ့ယွန်းထည်လုပ်ငန်း ယွန်းထည် ပြုလုပ်ရာ၌ သုံးသည့် သစ်စေးကို ရပ်စဗာနီဆီဖာရားခေါ် အပင်မှ ရရှိသည်။ ဤသစ်စေးသည် အဆိပ် အပျော့စားတစ်မျိုး ဖြစ်၏။ သို့သော် ယွန်းလုပ်ငန်းတွင် တာရှည်လုပ်ကိုင်လာသောအခါ၌မူကား လူကို ဘေးအန္တရာယ် မဖြစ်စေတတ်ချေ။ သစ်စေးကို ထုတ်ယူရာ၌ အသက် ၁ဝ နှစ်ခန့် ရှိသော အပင်ကို ရွေးချယ်၍ အခေါက်ကို လှီးဖြတ်ပေးရလေသည်။ အပင်မှ ထွက်စ၌ သစ်စေးတွင် သကာရောင်ရှိ၏။ သို့သော် မကြာမီ မည်းနက်လာလေသည်။ ဤသစ်စေးတွင် ရေအနည်းငယ် ပါရှိသဖြင့် ထိုရေကို ခန်းခြောက်သွားအောင် မီးဖြင့် အပူတိုက်ပေးကြ၏။ ထို့နောက် လေလုံပိတ်အိုးများတွင် သိုလှောင်ထား၍ အလိုရှိသောအခါ ထုတ်ယူသုံးစွဲကြသည်။ များသောအားဖြင့် ယွန်းထည်လုပ်ရန်အတွက် သစ်သားဖြင့် ပြုလုပ်သည့် အိမ်ထောင်ပရိဘောဂများကို သုံးကြသည်။ သို့သော် ဂျပန်တို့သည် ပန်းအိုးများ၊ ရွှေထည် ငွေထည်များ၊ သားရေအိတ်များနှင့် အခြား အိမ်တွင်းအလှအပ ပစ္စည်းများကိုလည်း အသုံးပြုကြလေသည်။ ယွန်းထည်၏ နှစ်လိုဖွယ်ကောင်းသော ဂုဏ်သတ္တိများမှာ အရောင်ပြောင်လက်နေခြင်းနှင့် ဆေးရောင်ခိုင်ခံ့ခြင်းတို့ပင် ဖြစ်သည်။ ဆေးရောင်မှာ အလွန် ခိုင်ခံ့ရကား ဆားငန်ရေတွင် သင်္ဘောနှင့်အတူ နစ်မြုပ်လျက် ရှိသည့် ယွန်းထည်များကို နှစ်ပေါင်းများစွာ ကြာပြီး နောက်မှာပင် အကောင်းပကတိအတိုင်း တွေ့ရှိကြရပေသည်။
ဆေးရောင်ခိုင်ရခြင်းမှာလည်း ဆေးရောင်တင်ပုံနည်း ကောင်းမွန်သောကြောင့် ဖြစ်လေသည်။ ယွန်းထည်တွင် အရောင်တင်ထားသော ဆေးမှာ တထပ်တည်း မဟုတ်ဘဲ အထပ် ၂ဝ မှ ၃ဝ အထိပင် ရှိတတ်၏။ ဆေးသုတ်လိမ်းပြီးသော ပစ္စည်းများကို ဂူကဲ့သို့ စိုထိုင်းသော နေရာများတွင် အခြောက်ခံယူလေ့ရှိသည်။ ထိုသို့ပြုလုပ်သည်ကို တိုက်သွင်းသည်ဟု ခေါ်သည်။ ဆေးခြောက်သောအခါ ဆေးသားကို ညီနေအောင် ရေနှင့် မီးသွေးမှုန့်ဖြင့် ပွတ်တိုက်ပေးရလေသည်။ ထိုသို့ ပွတ်တိုက်ပြီးသော ပစ္စည်းများကို တဖန် ထပ်မံဆေးသုတ်ပေး၍ မီးသွေးမှုန့်ဖြင့် ပွတ်တိုက်ပေးရပြန်သည်။ ဤနည်းဖြင့် အထည်ပစ္စည်းများကို နေ့ဆက်ရက်ဆက် အရောင်တင်ဆေး သုတ်လိမ်းပေးသည်မှာ ဆေးအထပ်ပေါင်း နှစ်ဒါဇင်ကျော်သို့ ရောက်ရှိလာသည်အထိပင် ဖြစ်၏။ ယွန်းထည်တွင် အရောင်တင်ဆေး သုတ်လိမ်း ပြီးသောအခါ အလွန်ပနံရလာသော်လည်း လုပ်ငန်းမှာ မပြီးဆုံးသေးချေ။ ဆေးသုတ်ပြီးသော ပစ္စည်းများကို ရွှေရောင်ဆေး၊ သို့မဟုတ် အနီရောင်ဆေးဖြင့် ပန်းခက်ပန်းနွယ်များ ဖော်၍ လှသည်ထက် လှအောင် တန်ဆာဆင်ပေးရသေးသည်။ တခါတရံ သုတ်လိမ်းပြီးသော ဆေးသားများကို အလိုရှိသောအထပ်သို့ ရောက်သည်အထိ ခြစ်ပစ်၍ အောက်ခံဆေးသား၏ အရောင်ဖြင့် ပန်းများ၊ အရုပ်များကို ဖော်ယူလေသည်။ ဤသို့ ခြစ်ပစ်ရာ၌ အလွန်တိကျမှန်ကန်မှသာ ယွန်းထည်တွင် မူလ စီစဉ်ထားသည့်အတိုင်း အရုပ်များ ပေါ်လာနိုင်လေသည်။
ချိပ်ကို လက်စီဖာလက်ကာခေါ် အင်းဆက်ပိုး(ချိပ်ကောင်)များမှ ရရှိသည်။ ချိပ်ပိုးမျိုးကို ဥရောပတိုက်မှအပ မြောက်နှင့် တောင် အမေရိကတိုက်၊ ဩစတြေးလီးယားတိုက်၊ အာရှတိုက် နှင့် အာဖရိကတိုက်များတွင် တွေ့နိုင်သည်။ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ကမ္ဘာပေါ်၌ ချိပ်အဓိကထွက်သော နိုင်ငံများ ဖြစ်၏။ ချိပ်ကောင်သည် အလွန်သေးငယ်၍ ထနောင်း အမျိုးအနွယ်ဝင် အပင်များတွင် တွယ်ကပ်နေထိုင်လေ့ရှိသည်။ ထိုသို့ နေထိုင်ယင်းပင် အပင်မှ သစ်ရည်ကို စုပ်ယူစားသောက်ကာ ကိုယ်ခန္ဓာမှ အစေးတစ်မျိုးကို စွန့်ထုတ်ပေးသည်။ ထိုအစေးသည် လေနှင့် တွေ့ထိ၍ မာလာပြီးလျှင် ချိတ်ကောင်၏ ကိုယ်ခန္ဓာတွင် အခွံဖြစ်လာသည်။ ချိပ်ကောင်သည် အချိန်တန်အရွယ်ရောက်သောအခါ ဥများကို အု၍ သေဆုံးသွားသည်။ ထိုအခွံသည် ဥများကို ရာသီဥတုဒဏ်မှ ကာကွယ်ပေးသည်။ ဥများမှတဖန် ချိပ်ကောင်များ ပေါက်လာ၍ ထိုချိပ်ကောင်တို့သည် အပင်ပေါ်တွင် တွယ်ကပ်နေထိုင်ပြီးလျှင် ဥများကို အုကြပြန်သည်။ ဤနည်းဖြင့် ပိုးကောင်များ တဆက်ပြီး တဆက် နေထိုင်ကြခြင်းကြောင့် ကာလကြာမြင့်သောအခါ အပင်၏ အကိုင်းအခက်များအပေါ် တွင် လက်မဝက်ခန့်ထူသော ချိပ်သားများ တက်လာလေသည်။
ချိပ်ကို အပင်များမှ တစ်နှစ်လျှင် နှစ်ကြိမ်ထုတ်ယူလေ့ရှိသည်။ ချိပ်ရိုင်းမှာ ပယင်းနှင့် ခပ်ဆင်ဆင် တူ၏။ ဤချိပ်ကို အညစ်အကြေးများ ကင်းစင်သွားစေရန် အမှုန့်ကြိတ်၍ ဆေးကြောပေးရသည်။ ထိုနောက် ခြည်အိတ်များတွင် ထည့်၍ မီး၏အပူဖြင့် အရည်ပျော်သွားစေပြီးလျှင် စစ်ယူလေသည်။ ချိပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းတို့သည် ချိပ်မျိုးကို တစ်ပင်မှ တစ်ပင်သို့ ကူးယူလေ့ ရှိကြသည်။ ကူးယူပုံမှာ ချိပ်ကောင်မှ ဥပါရှိသော အကိုင်းကို အခြားသော အပင်များ တွင် ချည်နှောင်ထားရ၏။ အချိန်တန်၍ ချိပ်ကောင်များ ပေါက်လာသည့်အခါ ထိုချိပ်ကောင်တို့သည် မိမိတို့ဘာသာ အသိုက်အအုံသစ်များကို ဖွဲ့စည်း လာကြလေသည်။ ချိပ်ကို ချိပ်ချောင်းအဖြစ်ဖြင့် ဖြစ်စေ၊ ချိပ်ကြယ်သီးခေါ် အတုံးအဖြစ်ဖြင့် ဖြစ်စေ တင်ပို့ရောင်းချလေ့ ရှိကြသည်။
ချိပ်သည် စက်မှုလက်မှုပညာတွင် အလွန်အရေးပါ အရာရောက်သည့် ရာက်ဇင်ခေး သစ်စေးများအနက် တစ်မျိုးအပါအဝင်ဖြစ်၏။ ကမ္ဘာပေါ်တွင်ထွက်သည့် ချိပ်၏ ၆ဝ ရာခိုင်နှုန်းကို ဓာတ်ပြားများ ပြုလုပ်ရာ၌ သုံးသည်။ လျှပ်စစ်ဓာတ်ကာများ၊ သစ်သားများနှင့် သတ္တုများကို တာရှည်ခံအောင် သုတ်လိမ်းရန် ဆေးများ၊ သက္ကလပ်ဦးထုပ်များကို တောင့်တင်းလာအောင် ပြုပြင်ယူရန် ဆေးများသည် ချိပ်မှ ပြုလုပ်ယူသော ပစ္စည်းအချို့ ဖြစ်ပေသည်။ အိမ်တွင် ကြမ်းပြင်များကို ချိပ်ဆေးဖြင့် စံနစ်တကျ သုတ်ပေးသောအခါ ကြမ်းများမှာ ချောမွတ်ပြောင်လက်လာသည်။ ဆေးမှာ ခြောက်သွေ့လွယ်၍ အကြမ်းခံသဖြင့် လူကြိုက်များသည်။ လျှပ်စစ်ဖန်မီးလုံးများတွင် ဖန်လုံးကို သတ္တုအိမ်တွင် တပ်ဆင်ရန်နှင့် သွားပွတ်တံတွင် အမွှေးများကို တပ်ဆင်ရန် ချိပ်ကို အသုံးပြုကြ၏။ အိမ်ထောင်ပရိဘောဂတွင် သုံးသည့် အရောင်တင်ဆေး၊ ဖယောင်းပုဆိုး၊ သားရေနှင့် စက္ကူများတွင် အရောင်တင်ရန် ဆေးများ၊ ဆင်စွယ်အတုများ၊ တယ်လီဖုန်းစကားပြောခွက်များ အစရှိသကဲ့သို့သော အလွန်အသုံးဝင်သည့် ပစ္စည်းများကိုလည်း ချိပ်မှ ပြုလုပ်ယူကြလေသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)