ရက်ဂျီနယ် ကရက်ဒေါက်

ဆာ ရက်ဂျီနယ် ကရက်ဒေါက် (အင်္ဂလိပ်: Sir Reginald Henry Craddock; GCIE KCSI (၁၁ မတ် ၁၈၆၄ – ၁၀ ဖေဖော်ဝါရီ ၁၉၃၇) သည် ကိုလိုနီခေတ်တွင် ၁၉၁၈-ခုနှစ်မှ ၁၉၂၃-ခုနှစ်အထိ မြန်မာနိုင်ငံ ဘုရင်ခံဖြစ်သည်။ အိန္ဒိယ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ၏ ဥက္ကဋ္ဌဖြစ်ခဲ့ပြီး နောက်တွင် အင်္ဂလန် ကွန်ဆာဗေးတစ်ပါတီ၏ အမတ်ဖြစ်လာခဲ့သည်။

ငယ်ဘဝပြင်ဆင်

ကရက်ဒေါက်အား အိန္ဒိယနိုင်ငံ​ ပန်ဂျပ်ပြည်နယ် ဒူရမ်ရှာလာတွင် ၁၈၆၄ ခုနှစ် မတ်လ ၁၁ ရက်တွင် မွေးဖွားသည်။ ဖခင်ဖြစ်သူမှာ ဗြိတိသျှစစ်တပ် ဘင်္ဂလားဆေးတပ်မှ ဆာဂျင် ဝီလီယံ ကရက်ဒေါက်ဖြစ်ပြီး မိခင်မှာ မေရီ ရှားလော့ ဖြစ်သည်။ ကရက်ဒေါက်အား ဗြိတိန်သို့ ပို့ဆောင်၍ ဝယ်လင်တန် ကောလိပ်တွင် ပညာသင်စေခဲ့သည်။ ၁၈၈၂ ခုနှစ်တွင် အိန္ဒိယဝန်ထမ်းစာမေးပွဲကို အောင်မြင်ခဲ့ပြီး အောက်စဖို့ဒ် ကီဘယ်ကောလိပ်တွင် နှစ်နှစ်မျှ အစမ်းခန့်ခဲ့ကာ ၁၈၈၄တွင် အလယ်ပိုင်းပြည်နယ်များသို့ တာဝန်ပေးအပ်ခြင်း ခံရသည်။[၁]

ဝန်ထမ်းဘဝပြင်ဆင်

ကရက်ဒေါက်သည် ဝန်ထမ်းဘဝ အစောပိုင်းတွင် အိန္ဒိယနိုင်ငံ ဂျဘာပိုးတွင် အခြေစိုက်သည်။ ၁၈၈၈ မတ်လ ၆ ရက်တွင် တွင် ဗိုလ်ချုပ်ကြီး ဟင်နရီ ရပ် ဘရောင်း၏ သမီးငယ် ဖရန်ဆက် ဟန်ရိုင်တာ နှင့် လက်ဆက်ခဲ့ပြီး နာပူရ် အိုးအိမ် နှင့် စိုက်ပျိုးရေး ကော်မရှင်နာ၏ လက်ထောက် ဖြစ်လာခဲ့သည်။ ၁၈၉၄ မှ ၁၉၀၁ ခုနှစ်အထိ သူ့အား အလယ်ပိုင်းပြည်နယ်များ၏ အတွင်းဝန်အား အခွန်၊ စိုက်ပျိုးမွေးမြူရေး နှင့် အစာရေစာ ရှားပါးခြင်း ကိစ္စရပ်များတွင် လက်ထောက်အဖြစ် ဆောင်ရွက်ပေးခဲ့ရပြီး ၁၈၉၆-၉၇ တွင် တစ်ကြိမ် ၁၈၉၉-၁၉၀၁ တွင် တစ်ကြိမ် နှစ်ကြိမ်တိုင်အောင် ပြည်နယ်၏ အစာရေစာ ရှားပါးမှု ပြဿနာကို ဦးဆောင် ဖြေရှင်း ခဲ့ရသည်။ ၁၈၉၅ တွင် အလယ်ပိုင်းပြည်နယ်များ၏ မဟာဝန်ရှင်တော်မင်းကြီး ထံတွင် ဒုတိယ အတွင်းဝန် ဖြစ်လာခဲ့ပြီး ၅ နှစ်အကြာတွင် အတွင်းဝန်ချုပ် ဖြစ်လာခဲ့သည်။ ၁၉၀၂ ခုနှစ် မတ်လတွင် ဝန်ရှင်တော်မင်းကြီး ဖြစ်လာခဲ့ပြီး ၁၉၀၇ ခုနှစ်မေလတွင် မဟာဝန်ရှင်တော်မင်းကြီး ဖြစ်လာခဲ့သည်။ ၁၉၀၂ ခုနှစ်တွင် ဗြိတိသျှ အစိုးရ၏ စီအက်စ်အိုင် အဖြစ် သူကောင်းပြုခြင်း ခံရသည်။

အလယ်ပိုင်း ပြည်နယ်များတွင် ကရက်ဒေါက်သည် တာဝန်ကျေပွန်ခြင်းကြောင့် ကျော်ကြားသည်။ ဒေသခံ စကားကို ပြောတတ်ပြီး စိုက်ပျိုးမွေးမြူရေးအကြောင်းကို နားလည်သဖြင့် သူ၏ လုပ်ဖော်ကိုင်ဖက်များထက် ခေါင်းတစ်လုံး သာခဲ့သည်။ သူ၏ လက်အောက် အရာရှိများ အတွက်မူ သူသည် မိဘဆန်သော အုပ်ချုပ်သူဖြစ်ပြီး သိမ်မွေ့ကာ လက်တွေ့ကျသူဖြစ်သော်လည်း ပြတ်သားသူ ဖြစ်သည်။ ရှေးရိုးစွဲတစ်ယောက် ဖြစ်သော ကရက်ဒေါက်သည် လယ်သမားတို့၏ ရိုးရာနှင့် အခွင့်အရေးများကို ကာကွယ်သူ တစ်ဦး ဖြစ်သည်။

၁၉၁၁ တွင် ကရက်ဒေါက်သည် ကေစီအက်စ်အိုင် အဖြစ် သူကောင်းပြုခြင်းခံရပြီး ၁၉၁၂ ခုနှစ် မတ်လတွင် လော့ဒ်ဟာဒင်ဂီ၏ လက်အောက်တွင် အိန္ဒိယအစိုးရ ဝန်ကြီး ဖြစ်လာခဲ့သည်။ ဘင်္ဂလားဒေသတွင် အကြမ်းဖက်မှုများဖြင့် ထိပ်တိုက်ရင်ဆိုင်ရပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ပတ်သက်၍ ကျယ်ပြန့်စွာ မငြိမ်မသက်မှုများကို ရင်ဆိုင်ခဲ့ရပြီးနောက် ရှေးရိုးစွဲစိတ် ပို၍ ပြင်းထန်လာခဲ့သည်။ သူသည် အစွန်းရောက်များနှင့် အလယ်အလတ်များကို ခွဲခြား မမြင်ဘဲ အစိုးရကို ဝေဖန်သူအားလုံးကို သစ္စာမဲ့သူများဟု သာ ရှုမြင်သည်။ လစ်ဘရယ်တစ်ဦးဖြစ်သော ဘင်္ဂလားဒေသ၏ ဘုရင်ခံ လော့ဒ် ကာမိုက်ကယ်အား ဆန့်ကျင်ပြီး နိုင်ငံရေးအရ ဆန့်ကျင်မှုများကို ဖိနှိပ်ရန် တွန်းအားပေးခဲ့ပြီး စစ်အပြီးတွင်ပင် ဖိနှိပ်ချုပ်ချယ်သော ဥပဒေ တစ်ခု ဖြစ်သည့် အိန္ဒိယ ကာကွယ်ရေး ဥပဒေကို စစ်မဖြစ်သော အချိန် ဥပဒေ အဖြစ် တည်ရှိနေစေရန် ကြိုးစားခဲ့သည်။ အာဏာရှင်ဆန်ပြီး အုံကြွမှုကို ဖြစ်စေသော ရိုးလတ် ဥပဒေကဲ့သို့သော ဥပဒေများသည် သူ၏ ဝန်ကြီးဘဝတွင် သဘောတရားရေးအရ ထောက်ခံခဲ့သော ဥပဒေများ ဖြစ်သည်။[၁]

မြန်မာနိုင်ငံ ဒုတိယ ဘုရင်ခံပြင်ဆင်

၁၉၁၇ ခုနှစ်တွင် ကရက်ဒေါက်အား မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံ အဖြစ် ခန့်အပ်ခဲ့သည်။ မြန်မာနိုင်ငံသို့ ရောက်သော အခါ မြန်မာနိုင်ငံသားတို့ မျိုးချစ်စိတ်များ ပြင်းထန်နေသည်ကို တွေ့ခဲ့ရသည်။ အိန္ဒိယ အစိုးရ၏ ဂန္ဒီ၏ ၁၉၂၀-၂၂ မပူးပေါင်းရေး လှုပ်ရှားမှုကို ငြင်သာစွာ ကိုင်တွယ်ခဲ့သည်နှင့် ဆန့်ကျင်စွာ မြန်မာနိုင်ငံတွင်မူ ကရက်ဒေါက်သည် ပြင်းထန်စွာ နှိပ်ကွပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး မဖြစ်မနေ ပေးရတော့မည့် အခြေအနေကို မြင်သော အခါတွင် သူသည် မြန်မာတို့သည် အစိုးရအဖြစ် အုပ်ချုပ်ရန် မသင့်လျော်ကြောင်း စီမံကိန်းကို တွန့်တိုစွာဖြင့် ရေးဆွဲတင်ပြခဲ့သည်။[၁] ထိုစီမံကိန်းကို ၁၉၁၉ ဒီဇင်ဘာလတွင် အိန္ဒိယ အစိုးရ (ဗြိတိသျှ) သို့ ရေးဆွဲတင်ပြခဲ့ခြင်း ဖြစ်ပြီး ကရက်ဒေါက် စီမံကိန်းဟု ခေါ်သည်။[၂] သို့သော်လည်း အိန္ဒိယ၌ မွန်တာဂူ-ချမ်းဖို့ဒ် ပြုပြင်ပြောင်းလဲရေးအောက်တွက် မိတ်ဆက်ခဲ့သော ဒိုင်အာခီ အုပ်ချုပ်ရေးကို အိန္ဒိယ အစိုးရက ပိုမိုသဘောကျခဲ့ပြီး ကရက်ဒေါက်၏ စီမံကိန်းကို စွန့်ပစ်ခဲ့သည်။ ၁၉၂၂ တွင် ပြုပြင်ပြောင်းလဲရေး မစတင်မီ ကရက်ဒေါက်သည် အင်္ဂလန်သို့ ပြန်သွားခဲ့သည်။[၁]

အင်္ဂလန်နိုင်ငံရေးသမားပြင်ဆင်

ကရက်ဒေါက် သည် ၁၉၂၃ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီး ဂျီစီအိုင်အီး အဖြစ် သူကောင်းပြုခြင်း ခံခဲ့ရသည်။ လန်ဒန်တွင် သူသည် အိန္ဒိယဝန်ထမ်းများ(အငြိမ်းစား) အသင်း၏ ဥက္ကဋ္ဌ အဖြစ် ၁၉၂၃-၂၄ တွင် တာဝန်ယူခဲ့ပြီး အိန္ဒိယ အစိုးရ လုပ်ငန်းများ ကောင်းမွန်ရေးအတွက် တော်ဝင်ကော်မရှင်တွင်လည်း အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် မွန်တာဂူ-ချမ်းစ်ဖို့ဒ် ပြုပြင်ပြောင်းလဲရေးအား ပြန်လည်သုံးသပ်ရန် အချိန်ကျရောက်လာချိန်တွင် သူသည် အိန္ဒိယရှိ စုပ်လည်းဆူး စားလည်းရူး အခြေအနေ ဆိုသော စာတမ်းကို ထုတ်ဝေခဲ့ပြီး အိန္ဒိယ နိုင်ငံသား ဆိုသော အတွေးအခေါ်ကို ရှုံ့ချခဲ့ပြီး ရွေးကောက်ပွဲမဲဆန္ဒနယ်များကို နယ်မြေဖြင့် ခွဲခြားမည့်အစား ဇာတ်၊ ကိုးကွယ်သည့်ဘာသာ နှင့် အလုပ်အကိုင်တို့ဖြင့် ခွဲခြားရန် အကြံပြုခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် သူသည် ပါလီမန်သို့ ကွန်ဆာဗေးတစ် ပါတီ အမတ် အဖြစ် ဝင်ရောက်ခဲ့သည်။ အိန္ဒိယပြုပြင်ပြောင်းလဲရေး အတွက် ပူးပေါင်းကော်မတီတွင် ပါဝင်ခဲ့သည်။ သူသည် ခင်မင်ရင်းနှီးစွာ ပြောဆိုတတ်သော်လည်း စိတ်ထဲရှိသည်ကို ပြောတတ်ပြီး အိန္ဒိယရှိ ကိုယ်ပိုင်အစိုးရ ဖြစ်ရေး လှုပ်ရှားမှုအတွက် နောက်ထပ်ခြေလှမ်းများကို ဆန့်ကျင်ခဲ့သူ ဖြစ်သည်။[၁]

ဘဝနိဂုံးပြင်ဆင်

ကရက်ဒေါက်သည် ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဝက်မင်စတာ ဘိုးဘွားရိပ်သာတွင် ကွယ်လွန်ခဲ့ပြီး ခွဲစိတ်ကုသမှု အပြီး ပြန်လည်ထူထောင်ရန် အနားယူနေစဉ် ဖြစ်သည်။ ဖေဖော်ဝါရီ ၁၃ ရက်တွင် သူ၏ ရုပ်ကလာပ်အား ဂိုးဒါးဂရင်း သင်္ချိုင်းတွင် သင်္ဂြိုဟ်ခဲ့သည်။ သူ၏ ဇနီးဖရန်စစ်သည် ၁၉၁၉ တွင် စီဘီအီး အဖြစ် သူကောင်းပြုခြင်း ခံရပြီး ၁၉၃၂ တွင် ကွယ်လွန်ခဲ့သည်။ ကရက်ဒေါက် ကွယ်လွန်ချိန်တွင် သားတစ်ယောက် နှင့် သမီးနှစ်ယောက် ကျန်ရစ်သည်။[၁]

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ Craddock, Sir Reginald HenryOxford Dictionary of National Biography။ Oxford University (2012-01-05)။ 2020-08-02 တွင် ပြန်စစ်ပြီး။
  2. ဦးစိန်မြင့်(လုပ်သားများကောလိပ်)၏ မြန်မာနိုင်ငံ သမိုင်းအဘိဓာန်