ရက်ထည်
ရက်ထည်လုပ်ခြင်း အတတ်သည် ရှေးအကျဆုံး အတတ် တစ်ခု ဖြစ်၏။ ဘီစီ ၂၅ဝဝ လောက်ကတည်းက အီဂျစ်လူမျိုး တို့သည် ဝါခြည်နှင့်ပိုက်ဆံခြည်တို့မှ အထည်များအဖြစ် ရက် လုပ်ခဲ့ကြ၏။ အကွက်များ ပန်းများပါသော ပိုက်ဆံခြည်ထည် တို့ကိုမူ ဘီစီ ၁၅ဝဝ လောက်တွင်မှ အီဂျစ်နိုင်ငံ၌ ရက်လုပ်ခဲ့ ကြလေသည်။ ဘီစီ ၄ဝဝ၊ ၅ဝဝ လောက်တွင် ပိုက်ဆံခြည်၊ ဝါခြည်၊ သို့မဟုတ် သိုးမွှေးနှင့် ရက်လုပ်သည့် အထည်များ တွင် လှိုင်းပုံအတွန့်များ ပါရှိသည်။ ထိုအထည်တို့၏ အကွက် အဆင်များကို အချို့တွင် ရက်ကတည်းက အကွက်ဖော်ရက်၍ အချို့တွင် နောက်မှ ပန်းထိုးအကွက်ဖော်ပေးကြလေသည်။ ဘီစီ ၂၇ဝဝ လောက်တကည်းက တရုတ်လူမျိုးတို့သည် ပိုးခြည်ကို တွေ့ရှိခဲ့၍ ပိုးထည်များကို ရက်လုပ်နိုင်ခဲ့ကြလေ သည်။ သို့ရာတွင် သူတို့၏တစ်ဦးတည်းပိုင်အဖြစ် လျှို့ဝှက် ထားမှုကြောင့် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင်ပင် ဥရောပနိုင်ငံများတွင် ပိုးထည်များကို လူအများ အသုံးမပြုနိုင် ဘဲ ရှိခဲ့လေသည်။ ရောမ အင်ပိုင်ယာဧကရာဇ်မင်း အချို့တို့ သာလျှင် တရုတ်နိုင်ငံမှ တင်ဆောင်လာသည့် ပိုးထည်တို့ကို တော်သုံးအဖြစ် အသားပေးကား ဝတ်ဆင်နိုင်ကြသည်ဟု အမှတ်အသားများရှိလေသည်။
အေဒီ ငါးရာစုနှစ်တွင် အီဂျစ်လူမျိုးခရစ်ယန်အယူဝါဒတို့ သည် ပိုက်ဆံခြည်ကြမ်းဖြင့် ရက်ထားသော ပြောင်ချောထည် များ၊ ကျောက်မျက်ရတနာတို့ဖြင့် မွမ်းမံခြယ်လှည်ထားသော အထည်များကို ဝတ်ရုံအဖြစ် ဝတ်ဆင်ကြလေသည်။ ထိုအချိန် လောက်တွင် တောင်အမေရိကတိုက် ပီရူးနိုင်ငံ တိုင်းရင်းသား တို့ ရက်လုပ်သည့်အထည်များသည် ထိုအထည်တို့နှင့် အကွက် အဆင်သာမက အသွေးအရောင်ပါ တူညီကြသည်ဟု ဆိုလေ သည်။ ဤသို့ တူညီခြင်းကြောင့် ဤအရပ်မှ ထိုအရပ်သို့ လူများ ရွှေ့ပြောင်းသွားလာခဲ့ကြသည်ဟု မဆိုနိုင်ချေ။ မည်မျှ ဝေးကွာသည့်အရပ်၌ နေကြသည်ဖြစ်စေ တစ်ချိန်တည်းလောက် တွင် တစ်မျိုးတစ်စားတည်းသော ပတ်ဝန်းကျင်ထဲမှ ထွက်ပေါ် လာသည့် ပစ္စည်းချင်းသည် ဆင်ဆင်တူကြမည်မှာ ဓမ္မတာပင် ဖြစ်လေသည်။
ပါးရှားနိုင်ငံ၌ ဆတ်ဆန်းနစ်ဘုရင်များ အုပ်စိုးစဉ်အခါက ရက်ထည်လုပ်ငန်းသည် အကြီးအကျယ် တိုးတက်ခဲ့လေသည်။ ခုနစ်ရာစုနှစ်အထိ ပါးရှင်းတို့သည် တရုတ်နိုင်ငံမှ ပိုးခြည်ရိုင်း များကို တစ်ဦးတည်းပိုင်အဖြစ် တင်ဆောင်ယူကြလေသည်။ သူတို့သည် ပိုးခြည်အခံတွင် ဖဲဖြင့် အကွက်ဖော်ရက်ထားသော ဖဲပွင့်ထိုး အထည်များကို ရက်လုပ်ကြသည်။ ထို့ပြင် ပိုးခြည် အခံတွင် ခြည်များများ ပိုး၍ ရက်ထားသော ဗရိုကိတ်ခေါ် ပန်းကွက်ဖော် အထည်များကိုလည်း ရက်လုပ်ကြလေသည်။ ပန်းကွက်များ ဖော်ထားသော ပိုးထည်များသည် အလွန် လှပ၍ အဖိုးအလွန် ထိုက်တန်ခဲ့ကြပေသည်။ ထိုပိုးထည်တို့ကို အဖိုးအလွန် ထိုက်တန်ခဲ့ကြလေပသည်။ ထိုပိုးထည်တို့ကို လူ အများအပြား ဝယ်ယူသုံးစွဲခဲ့ကြရာ ရက်ကန်းသည်တို့သည် အဆင်အကွက်အမျိုးမျိုးထွင်၍ အထည်များကို လှပသည်ထက် လှပဆန်းကြယ်အောင် စီမံ ရက်လုပ်ခဲ့ကြလေသည်။
ထိုအချိန်က အဝိုင်းသဏ္ဌာန်အဆင်များ အလွန်ခေတ်စားခဲ့ ၍ အဝိုင်းသဏ္ဌာန်ထဲတွင် လူရုပ်တိရစ္ဆာန်ရုပ် စသည့်ပုံများကို ဖော်၍ ရက်လုပ်ကြလေသည်။ ထိုပါးရှင်းပိုးများကို အရှေ့တိုင်း ဧကရာဇ်မင်းများစိုးစံရာ ကွန်စတန်တီနိုပယ်(ရှေးအခေါ် ဗိုင်း ဇင်းရှမ်)သို့ အများဆုံး တင်ပို့ကြသည်။ ဗိုင်ဇင်းရှမ်မှ ဧကရာဇ် မင်းတို့သည် ပိုးထည်ကို အလွန်နှစ်သက်ကြ၍ သူတို့၏ နေ ပြည်တော်တွင် ရက်ကန်းကျောင်းများကိုပင် ဖွင့်လှစ်ခဲ့ကြလေ သည်။ ဗိုင်းဇင်းရှမ်ပိုးသည် အတော်ပင် ကျော်စောခဲ့ပေသည်။ ခုနစ်ရာစုနှစ်အတွင်း မွတ်စလင်တို့၏ နယ်ချဲ့အောင်မြင်မှု သည် အထည်အလိပ်တို့၏ ပန်းကွက်ဖော်ပုံစံ တို့ကို အကြီး အကျယ် ပြောင်းလဲစေခဲ့၏။ မွတ်စလင်အယူအရ အဝတ် အထည်တို့၌ သတ္တဝါရုပ်ပုံများ မပါရသဖြင့် အထည်များပေါ် တွင် သတ္တဝါရုပ်ပုံများ ဖော်ခြင်းကို တားမြစ်ခဲ့သည်။ ထိုရုပ်ပုံ များအစား ကိုရမ်ကျမ်းစာပါ အာရပ်စကားလုံးများကိုသာ လှပ စွာ ဖော်၍ ရက်ကြသည်။ ၇၁၁ ခုနှစ်လောက်တွင် မွတ်စလင် တို့၏ အနုပညာနှင့်စပိန်တို့၏ အနုပညာများသည် ရောနှော ကာ အစင်းအကွက်များ၊ အာရပ်စကားလုံးယောင်ယောင်များ၊ အရုပ်များ ပါဝင်သည့် အဆင်များ ပေါ်ပေါက်လာခဲ့လေသည်။ မွတ်စလင်တို့သည် စစ္စလီကျွန်းကိုလည်း အောင်မြင်ခဲ့ကြ၍ စစ္စလီကျွန်း၌လည်း သူတို့၏ အနုပညာများ လွှမ်းမိုးလာကြ ပြန်သည်။ မွတ်စလင်တို့အား နော်မန်တို့က ၁ဝ၆ဝ ပြည့်နှစ် တွင် အောင်မြင်ခဲ့ပြီးသည့်နောက်မှ ရက်လုပ်သော ပိုးထည်တို့ မှာပင် မွတ်စလင်တို့၏ အနုပညာ အငွေ့အသက် မကင်းသေး သည်ကို တွေ့ရလေသည်။
တစ်ဆဲ့သုံးရာစုနှစ်တွင် စစ္စလီကျွန်းမှ ရက်ကန်းသည်တို့ အား အသစ်တက်လာသော အစိုးရက နှင်ထုတ်ပစ်လိုက်သဖြင့် ထိုရက်ကန်းသည်တို့သည် အီတလီနိုင်ငံဖက်သို့ အနှံ့အပြား ထွက်ပြေး တိမ်းရှောင်ခဲ့ကြရလေသည်။ ဤအချိန်မှာ အီတလီ နိုင်ငံတွင် ပိုးထည်များ ပြန်လည်ဆန်းသစ်လာသော ခေတ်ဦး အချိန် ဖြစ်ပေသည်။ အီတလီနိုင်ငံ၏ ရာသီဥတုမှာ ပိုးမွေးရန် အလွန်သင့်လျော်သည့် အလျောက် တဖြည်းဖြည်းနှင့် အီတလီ နိုင်ငံသည် ဥရောပတိုက်အတွက် ပိုးထည်လုပ်ငန်း၏ဗဟိုဌာန ဖြစ်လာခဲ့လေသည်။ ၁၂၊ ၁၃၊ ရာစုနှစ် များအတွင်းကပင် မြောက်ပိုင်းရှိ ဖလော်ရင့်၊ ဗင်းနစ်၊ ဂျင်နိုအားမြို့များ၌ ရက် ကန်းရုံများ ဆောက်လုပ်ခဲ့ပြီး ဖြစ်သည်။ တောင်ပိုင်းရှိ လပ်ကာ မြို့တွင် စစ္စလီကျွန်းမှ ပြေးလာသော ရက်ကန်းသည်တို့ စုဝေး လာခြင်းဖြင့် ပိုးထည်လုပ်ငန်းသည် တိုးတက်သည်ထက် တိုး တက်လာလေသည်။ ထိုမြို့မှ ထွက်သည့် ပိုးထည်တို့သည် ဥရောပတိုက် တစ်ဝန်းလုံးတွင် အထူးကျော်ကြားခဲ့လေသည်။
ဖလော်ရင့်မြို့ထက် ဖဲပွင့်ထိုးပိတ်များ၊ ပန်းကွက်ဖော် အထည်များ၊ ရွှေခြည်ထိုး အထည်များ၊ ဖဲပြားထည်များသည် အမြင်ဆန်း၍ အလွန်ကျက်သရေ ရှိကြပေသည်။ ဗင်းနစ်မြို့ ထွက် အထည်တို့မှာ အရှေ့တိုင်းနှင့် အနောက်တိုင်းတို့၏ အနုပညာများကို ရောယှက်ကာ ပန်းကွက်များကိ ရွှေခြည်ဖြင့် ထိုး၍ ဖော်ထားသော အထည်များ ဖြစ်ကြသည်။ ရှေးအကျဆုံး အမြိတ်ပန်းများသည် ဘီစီ ၁၄ဝဝ လောက်တွင် အီဂျစ်နိုင်ငံမှ စတင်ပေါ်ပေါက်ခဲ့၏။ အေဒီ ၁၃၊ ၁၄၊ ၁၅ ရာစုနှစ်တို့တွင် ပြင်သစ်နှင့် ဖလန်းဒါးနိုင်ငံထွက် ဂေါလလူမျိုးတို့၏ အမြိတ် ပန်းများသည် အယူဝါဒရေးနှင့် စပ်ဆိုင်သော ရုပ်ပုံများကို ထိုး ထားသဖြင့် ဘုရားဝတ်ကျောင်းများ၌ အထူးတလည် အသုံးပြု ကြလေသည်။
အထက်၌ ဖော်ပြခဲ့သည်တို့မှ ပိုးထည်များအကြောင်းနှင့် အမြိတ်ပန်း ရက်လုပ်သည့် သိုးမွေးအကြောင်းတို့သာ ပါဝင်နေ သဖြင့် ခြည်ထည်များ အကြောင်းကိုလည်း ဖော်ပြရန် လိုပေ သေးသည်။ ခြည်ထည်များကို ရှေးက အီဂျစ်၊ ဂရိနှင့် ရောမ နိုင်ငံတို့တွင် သုံးစွဲခဲ့ကြ၏။ နောင်အခါတွင် ခြည်ထည်များကို ခေတ်မမီဟု ယူဆကြပြီးလျှင် ပိုးထည်၊ သိုးမွေးထည်များကိုသာ အမြတ်တနိုး ဝတ်ဆင်အသုံးပြုလာခဲ့ကြသည်။ သို့သော် အိန္ဒိယ နိုင်ငံတွင်မူ ခြည်ထည်ကိုသာ စွဲမြဲစွာ ယနေ့ထက်တိုင် သုံးစွဲ လျက် ရှိပေသည်။ ခြည်ထည်တို့မှာ များသောအားဖြင့် ပွင့်ရိုက် ထည်များ ဖြစ်၏။ အဖြူခံတွင် ပန်းပွင့်၊ ပန်းရွက် စသည် တို့၏ ပုံစံများကို ရိုက်နှိပ်ထားသော အထည်တို့ကို သရက် ထည်ဟု ခေါ်သည်။ ပွင့်ရိုက်ခြည်ထည်မှာ မြန်မာမိန်းမများ ဝတ်ဆင်ကြသည့် လုံချည်များပင်ဖြစ်သည်။ အရှေ့တိုင်းအရပ်၌ ဂါဝန်ဝတ် အမျိုးသမီးတို့သည်လည်း ပွင့်ရိုက်ခြည်ထည်များကို ဂါဝန်ချုပ်လုပ် ဝတ်ဆင့်လေ့ ရှိကြလေသည်။
တစ်ဆဲ့ခြောက်နှင့် တစ်ဆဲ့ခုနစ်ရာစုနှစ်တို့တွင် ပြင်သစ် နိုင်ငံ၌ အထည်စက်ရုံများ တည်ဆောက်လာသောအခါ အီတလီ ရက်ထည်များ၏နာမည်သည် မှေးမိန်သွားလေသည်။ ၁၇ ရာစု နှစ်တွင် ပြင်သစ်နိုင်ငံ၌ နန့်ပြန်တမ်းကို ရုပ်သိမ်းလိုက်ခြင်း ကြောင့် ပြင်သစ်(ဟျူးဂျနိုး) ရက်ကန်းသည်တို့သည် အင်္ဂလန် ပြည်ဘက်သို့ ကူးပြောင်းသွားကြလေသည်။ ထိုအခါ အင်္ဂလန် ပြည်၏ အထည်ရက်လုပ်ငန်းသည် အင်အားတောင့်တင်းသည် ထက် တောင့်တင်းလာလေသည်။ အင်္ဂလန်ပြည်တွင် ရာသီဥတု ကြောင့် ပိုးများကို မမွေးမြူနိုင်သော်လည်း ရက်ကန်းလုပ်ငန်း ကိုမူ စွဲမြဲစွာ လုပ်ကိုင်ခဲ့လေသည်။
တစ်ဆဲ့ရှစ်ရာစုနှစ်တွင် သိုးမွေး၊ ပိုး၊ ခြည်တို့ကို ရော၍ ရက်လုပ်ထားသည် တာဖက်တာမှာ အလွန် ခေတ်စားခဲ့၏။ ထိုအချိန်မှာ အရှေ့အိန္ဒိယကုမ္ပဏီသည် အင်္ဂလန်ပြည်သို့ အိန္ဒိယ ပြည်မှ လှပကောင်းမွန်သည့် ခြည်ထည်တို့ကို တင်သွင်းချိန် ဖြစ်သည်။ အင်္ဂလိပ်တို့သည် အမှန်အားဖြင့် အိန္ဒိယနိုင်ငံမှ အထည်အမျိုးမျိုး၏ ရက်လုပ်ပုံ အခြေခံကို ရရှိခဲ့လေသည်။ သရက်ထည်၊ ဖဲသရက်ထည်၊ ပဒုမ္မာစသည့် အမျိုးကောင်း ခြည်ထည်တို့မှာ အိန္ဒိယမှ စတင်ရက်လုပ်သည့် အထည်များ ဖြစ်ပေသည်။ ၁၈ ရာစုနှစ် ကုန်ဆုံးချိန် နီးလောက်တွင် အပွင့် များ၊ အရုပ်များအစားအစင်းများကို ရက်လုပ်ထားသော အထည် များ ပေါ်ပေါက် နေလေပြီ။ ယခုအခါတွင် ခြည်ထည်စက်တို့ သည် ကမ္ဘာအနှံ့အပြား၌ အလွန်တိုးတက်လျက် ရှိကြပေသည်။ တိုးတက်နေသည့် သိပ္ပံပညာနည်းဖြင့် ရက်ထည်အတုများ ကို ပြုလုပ်၍ ဖြစ်မြောက်ပေပြီ။ ရက်ထည်အတု ဆိုသော်လည်း အချို့လူများက အစစ်ထက်ပင် နှစ်သက်ကြသည်။ နိုင်လွန်၊ ရေယွန်၊ လန်နီတယ်တို့မှာ ပိုးတု၊ သိုးမွေးတုများ ဖြစ်ကြလေ သည်။
မြန်မာနိုင်ငံ၌လည်း လက်ရက်ကန်း စက်ရက်ယန်းများဖြင့် ခြည်ထည်နှင့်ပိုးထည်များကို ရက်လုပ်လျက် ရှိကြလေသည်။ သို့သော် ပိုးခင်နှင့်ခြည်ခင်များကို ပြည်တွင်းထွက်နှင့် မလုံ လောက်၍ နိုင်ငံခြားမှ မှာယူတင်သွင်း ရက်လုပ်ရပေသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)