ရက်ဖီအယ်စန္တီ (ခရစ် ၁၄၈၃-၁၅၂ဝ) ပြင်ဆင်ရန်

ရက်ဖီအယ်စန္တီသည် ဉာဏ်သစ် အရေးပုံအတွင်း အီတလီနိုင်ငံ၌ အထင်ရှားဆုံးသော ပန်းချီဆရာနှင့် ဗိသုကာကျော် တစ်ဦးဖြစ်သည်။ ဒီဗိုင်းရက်ဖီအယ်ဟူ၍လည်းကောင်း၊ အီတာလျံ ပန်းချီမင်းသား ဟူ၍လည်းကောင်း သူ့အား ခေါ်လေ့ရှိ၏။ အနုပညာ အကဲဖြတ်သမားအချို့က သူရေးဆွဲခဲ့သော စစ္စတင်းမဒေါနားခေါ် ပန်းချီကားသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးပန်းချီကား ဖြစ် သည်ဟု ယူဆကြသည်။ ရက်ဖီအယ်၏ အနုပညာလက်ရာသည် အီတလီနိုင်ငံ ဉာဏ်သစ်အရေးပုံ၏သွင်ပြင်လက္ခဏာတို့ကို သရုပ်ပေါ်စေလေသည်။

ရက်ဖီအယ်သည် အီတလီနိုင်ငံ အာဗီနိုမြို့၌ ၁၄၈၃ ခုနှစ် တွင် မွေးဖွားခဲ့၏။ ထင်ရှားသော ပန်းချီဆရာ ဂျိုးဗန္နီ စန္တီ၏ သားဖြစ်သည်။ ပုံဆွဲပညာ ရှေးဦးသင်ခန်းစာကို ဖခင်ထံတွင် လေ့လာခဲ့၍ အမ္ဗရီယန်းဂိုဏ်း ပန်းချီဆရာ ပေးရူးဂျီးနိုး၏ တပည့်ခံခဲ့လေသည်။ ပေးရူးဂျီးနိုးဆိုသူမှာ အယူဝါဒဆိုင်ရာ ပန်းချီကားများကိုသာ ရေးဆွဲခဲ့သူ ဖြစ်၏။ သို့ရာတွင် သူသည် ပန်းချီကား နောက်ခံရှုခင်းများကို အထူးအပင်ပန်းခံ၍ ရေးဆွဲ လေ့ ရှိသဖြင့် ရှုမျှော်ခင်း ပန်းချီပညာသစ်တစ်ရပ်ကို တိုးတက် လာစေရန် တစ်နည်းအားဖြင့် ကူညီခဲ့လေသည်။

ရက်ဖီအယ်သည် ပန်းချီကားများ စတင် ရေးဆွဲခဲ့စဉ်က ဆရာ၏လက်ရာ နည်းနာများကို အတုယူ ရေးဆွဲခဲ့ရာ မကြာမီ ဆရာထက် လက်စွမ်းထက်လာလေတော့သည်။ ထိုစဉ်က ရက်ဖီ အယ်သည် အပျိုစင်၏လက်ထပ်ပွဲစိန်ဂျော့နှင့်နဂါးကြီးစိန်မိုက်ကယ် စသော ပန်းချီကားများကို ရေးဆွဲခဲ့သည်။ ၁၅ဝ၄ ခုနှစ်တွင် ရက်ဖီအယ်သည် ဆရာ့ထံမှ ထွက်ခွာ ခဲ့၍ ဖလော်ရင့်မြို့တွင် ပန်းချီပညာ ဆက်လက် ဆည်းပူး လေ့လာခဲ့၏။ ဤမြို့တော်ကြီးတွင် သူသည် ပန်းချီပညာ ဗဟုသုတ ယခင်ကထက် ကြွယ်ဝခဲ့လေသည်။ ဆရာဖြစ်သူ ပေးရူးဂျီးနိုးထံမှ တတ်မြောက်ခဲ့သောဟန်ကို ပြင်ဆင်၍ ဖလော် ရင့်ဂိုဏ်း၏ လက်ရာများကို အတုယူကာ ရေးဆွဲခဲ့၏။

သူသည် မိုက်ကယ်အန်ဂျလိုလီယိုနာဒိုဒါဗင်ချီဗာတိုလို မီယို စသော ပန်းချီကျော်ကြီးများနှင့်လည်း သိကျွမ်းခဲ့၏။ ဖလော်ရင့်မြို့တွင် ရှိနေစဉ် သူသည် ဒိုနာတယ်လို၏ ပန်းပု လက်ရာများနှင့် လီယိုနာဒို၏ ပန်းချီလက်ရာများကို အတုယူကာ ပန်းချီရေးဆွဲခြင်းဖြင့် အချိန်ကုန်စေခဲ့လေသည်။ သူ တီထွင်ရေးသားခဲ့သည်မှာ မယ်တော်မာရီ၏ပုံများသာ ဖြစ်၏။ ရက်ဖီအယ်သည် လက်ရာအကောင်းဆုံး ပန်းချီကားများကို ရောမမြို့တွင် ရေးဆွဲခဲ့၏။ ၁၅ဝ၈ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဒုတိယ ဂျူးလယပ်က ဗက်တီကင်နန်းမြို့ကို တန်ဆာဆင်ခိုင်း သဖြင့် လေးနှစ်တိုင်တိုင် လုပ်ကိုင်ခဲ့ရလေသည်။ ရက်ဖီအယ် သည် နံရံပန်းချီကားများဖြင့် ခန်းမငယ် လေးဆောင်ကို လှပ သော ခန်းမကြီးများအဖြစ်သို့ ပုံပြောင်းခဲ့သည်။ ထို့ပြင် ရှေးဂရိအဆောက်အအုံပျက်များကို လေ့လာ၍ အက်သင်းကျောင်းတော်ကြီးနှင့် ပါနက်ဆပ်ခေါ် ပန်းချီကားများကို ရှေးဟန် အတိုင်း ရေးဆွဲခဲ့လေသည်။ ယင်းနံရံပန်းချီကားများကို ပထမ ခန်းဆောင်တွင် ရေးဆွဲထား၏။ ဒုတိယခန်းမဆောင်ရှိ နံရံ ပန်းချီကားများကား ခရစ်ယန်အသင်းတော်သည် ရန်သူများအား အောင်နိုင်ပုံကို သရုပ်ဖော်ထား၍ အခြားအခန်းများရှိ နံရံပန်းချီ ကားများကမူ နိုင်ငံသမိုင်းဆိုင်ရာ အချက်အလက်များကို သရုပ် ဖော်ထားလေသည်။

ထိုအချိန်လောက်တွင်ကား ရက်ဖီအယ်ကို သူ့ခေတ်၏ ရှေ့ဆောင်ပန်းချီဆရာတစ်ယောက်ဟု အသိအမှတ် ပြုနေကြပြီဖြစ်၍ ရောမမြို့ရှိ တန်ခိုးအာဏာအရှိဆုံး ပုဂ္ဂိုလ်ကြီးများသည် ရက်ဖီအယ်အား သူ့ထက်ငါ ဦးအောင် မိတ်ဆွေဖွဲ့လာကြသည်။ ထို့ပြင် ပန်းချီဆွဲရန်အလုပ်လည်း များစွာ လက်ခံရလွန်းသဖြင့် ကိုယ်တိုင် မရေးဆွဲနှင့်တော့ဘဲ ပုံကြမ်းကိုသာ ဆွဲ၍ တပည့် များကို အချောကိုင်ခိုင်းရလေသည်။

၁၅၁၄ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဒဿမလီယိုသည် ရက်ဖီအယ်အား ရောမမြို့ရှိ စိန်ပီတာ ဘုရားရှိခိုးကျောင်း၏ ဗိသုကာချုပ်ကြီးအဖြစ် ခန့်ထားခဲ့၏။ သို့သော်လည်း သူ၏ပုံစံများကို လုံးလုံး လျားလျားလိုပင် အသုံးမပြုခဲ့ပေ။ ဗိသုကာ အဖြစ်ဖြင့် ရက်ဖီယ်သည် ဖလော်ရင့်မြို့ရှိ ပန်ဒိုးလဗီနီ နန်းတော်ပုံစံ ရေးဆွဲရာတွင် ထင်ရှား၏။

ရက်ဖီအယ်သည် ဘဝခရီး ဆုံးခါနီးတွင် လက်ရာမြောက် ပန်းချီကားကြီး နှစ်ခုကို ရေးဆွဲခဲ့သည်။ ယင်းတို့မှာ လက်ဝါး ကပ်တိုင် ထမ်းဆောင်နေသော ခရစ်တော် ပန်းချီကားနှင့် အဆင်းသဏ္ဌာန် ပြောင်းခြင်းခေါ် ပန်းချီကားတို့ ဖြစ်သည်။ အဆင်းသဏ္ဌာန်ပြောင်းခြင်းကား အဆုံးမသတ်နိုင်မီ သူသည် ၁၅၂ဝ ပြည့်နှစ်တွင် ကွယ်လွန်ခဲ့ရာ သူ၏အသုဘအခမ်းအနားတွင် ဆေးပင်မခြောက်သေးသော ထိုပန်းချီကားကို သင်္ချိုင်း အထိ ရှေ့ဆုံးမှ ယူဆောင်သွားခဲ့လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)