ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး

ပေါ်ပေါက်လာပုံသမိုင်းအကျဉ်း ပြင်ဆင်ရန်

ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး
အတိုကောက်ရကလစ
ဝက်ဘ်ဆိုဒ်https://www.aasyc.info/


ရှစ်လေးလုံးအရေးတော်ပုံအား (မဆလ) စစ်အစိုးရမှ အကြမ်းဖက်ဖြိုခွဲကာအာဏာသိမ်းပြီးနောက်ပိုင်းတွင် အဖွဲ့အစည်းအသီးသီး၊ နေရာအသီးသီးသို့ ပြန့်ကြဲရောက်ရှိနေကြသောရခိုင်ကျောင်းသားနှင့် လူငယ်များအားလုံးကိုစုစည်းရန် ရည်ရွယ်၍ ရခိုင်ကျောင်းသားနှင့်လူငယ်များညီလာခံကိုထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နေ့မှ အောက်တိုဘာလ (၆) ရက်နေ့ အထိကျင်းပ ပြုလုပ်ခဲ့ကြသည်။

ညီလာခံသို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ရခိုင်စစ် ဒေသ)၊ရခိုင်ကျောင်းသားများအစည်းအရုံး (အိန္ဒိယ)နှင့် တော်လှန်သောရခိုင်ကျောင်းသား နှင့် လူငယ်များအဖွဲ့ချုပ် (ဘင်္ဂလားဒေ့ရှ်)မှ ကိုယ်စားပြုခေါင်းဆောင်များ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာရဟန်းပျိုသမဂ္ဂ(ရခိုင်)နှင့် ရခိုင်ပြည် (၁၇) မြို့နယ်မှ ကိုယ်စားပြု ကျောင်းသား၊ လူငယ်စုစုပေါင်း (၆၃)ဦးတက်ရောက်ခဲ့ကြသည်။

ထိုညီလာခံ၌ တသီးတခြားလှုပ်ရှားနေကြသည့် အဖွဲ့အစည်းအသီးသီးကိုစုစည်းလျက် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (All Arakan Students’ and Youths’ Congress) ကိုအိန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်များတွင် ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

(ရ၊ က၊ လ၊ စ)၏ နိုင်ငံရေးနှင့် စစ်ရေးရည်မှန်းချက်များကိုအကောင်အထည်ဖော် နိုင်ရန် ဗဟိုဦးဆောင်အဖွဲ့ကို (၂၁)ဦးဖြင့်ဖွဲ့စည်းနိုင်ခဲ့သည်။ အစည်းအရုံး၏ ပထမဆုံးဥက္ကဋ္ဌမှာရဲဘော်ခိုင်မြတ်ကျော် ဖြစ်သည်။ ညီလာခံမှ ချမှတ်သောဦးတည်ချက်များကိုအောင်မြင်နိုင်ရန် စစ်ရေးလမ်းစဉ်အားအဓိကလမ်းစဉ်အဖြစ် ချမှတ်ခဲ့ပြီးအစည်းအရုံး၏ နိုင်ငံရေးဦးဆောင်မှုကိုခံယူသောရခိုင်မျိုးဆက်သစ် တပ်မတော်ကိုတပြိုင်တည်းဖွဲ့စည်းခဲ့ကြသည်။

အမျိုးသားတော်လှန်ရေးအင်အားစုများနှင့် ပတ်သက်၍ (ရ၊ က၊ လ၊ စ)၏သဘောထားမှာ- ပြင်ဆင်ရန်

(၁) ရခိုင်အမျိုးသားတော်လှန်ရေးအင်အားစုများသွေးစည်းညီညွတ်ရေးအတွက် တခုတည်းသော နိုင်ငံရေးဦးဆောင်ပါတီ၊ တခုတည်းသောတော်လှန်ရေးတပ်မတော် ဖြစ်မြောက်ရေးတွင် ရိုးသားသန့်စင်စွာ ကြိုးပမ်းဆောင်ရွက်နေသောမည်သည့်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းကိုမဆိုထောက်ခံသွားမည်။ လုပ်ငန်းစဉ်များအားလုံး၌ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည်။ အဟန့်အတားအနှောင့် အယှက်ဟူသမျှကိုလည်းထိထိရောက်ရောက် တိုက်ဖျက်သွားမည်။

(၂) ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံးသည် နိုင်ငံရေးပါတီသစ် ဖွဲ့စည်းထူထောင်ခြင်းမဟုတ်၊ အမျိုးသားအင်အားစုများသွေးစည်းညီညွတ်ရေးအတွက်ရည်ရွယ်ပြီးဖွဲ့စည်းထားသောအဖွဲ့အစည်းဖြစ်သဖြင့် အမျိုးသားတော် လှန်ရေးအင်အားစုများသွေးစည်းညီညွတ်ရေးကိုမဖြစ်မနေ ကြိုးပမ်းတည်ဆောက် သွားမည်။

(၃) ရခိုင်အမျိုးသားအင်အားစုများအားလုံးစည်းလုံးညီညွတ်ပြီးတခုတည်းသောနိုင်ငံရေးဦးဆောင်ပါတီ၊ တခုတည်းသောတပ်မတော် ဖြစ်မြောက်လာပါကမည်သည့် အဖွဲ့အစည်းကိုမဆိုထောက်ခံသွားမည်။ ယခုလက်ရှိဖွဲ့စည်းခဲ့သောရခိုင်ကျောင်းသား၊ လူငယ်များပါဝင်သည့် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံးနှင့် ၎င်း၏ နိုင်ငံရေးဦးဆောင်မှုကိုခံယူသော “ရခိုင်မျိုးဆက်သစ်တပ်မတော်” တို့အားဖျက်သိမ်းပြီး ဖြစ်ပေါ်လာသောအမျိုးသားပါတီတွင် ပူပေါင်းပါဝင်သွားမည် ဟူသောဆုံးဖြတ်ချက်များကိုသဘောတူချမှတ်နိုင်ခဲ့သည်။

အမြင့်ဆုံးနိုင်ငံရေးလုပ်ဆောင်ချက်မှာ (၁၉၉၇) ခုနှစ်တွင် ပြုလုပ်သောတိုင်းရင်းသား လူမျိုးများနှီးနှောဖလှယ်ပွဲမှ ပေါ်ထွက်လာသည့် “မဲသရောထာစာချုပ်” တွင် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းနှင့် ၁၉၉၇ ခုနှစ်တွင် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA) နှင့် ပေါင်းစည်းလိုက်နိုင်ခြင်း ဖြစ်သည်။

(NUPA) နှင့်ပူးပေါင်းပြီးနောက်ပိုင်းအခြေအနေ ပြင်ဆင်ရန်

ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA) အားမဖွဲ့စည်းမှီရခိုင်ပြည် အမျိုးသားညီညွတ်ရေးတပ်ဦး (NUFA) အားရခိုင်အမျိုးသားလွတ် မြောက် ရေးပါတီ (ANLP)၊ ရခိုင်ပြည်ကွန်မြူနစ်ပါတီ(ACP)၊ ရခိုင်ပြည်လွတ်လပ်ရေးအဖွဲ့(AIO)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ရခိုင်ပြည်လူမျိုးစုအမျိုးသားပါတီ (TNP) တို့က “တပ်ဦးမှသည် တစ်ပါတီသို့” ရည်ရွယ်ချက်ဖြင့် ဦးစွာဖွဲ့စည်းခဲ့ကြသည်။။

နောက်ပိုင်း၌ ဗိုလ်ရာဇာဦးဆောင်သောရခိုင်တပ်မတော် (AA) သည် ၁၉၉၁ ခုနှစ်တွင် “အမျိုးသားတပ်ဦး၏ ဦးဆောင်မှုကိုခံယူမည်” ဟူသောကြွေးကြော်သံဖြင့် ရခိုင်အမျိုးသားတော်လှန်ရေးနယ်မြေတွင် စတင်ပေါ်ထွက်လာသည်။

ဤကာလများတွင် “တပ်ဦးမှ တပါတီ” ဖြစ်ရေးအတွက် အချင်းချင်းညှိနှိုင်းဆွေးနွေး ကြပြီးနောက် အဖွဲ့ဝင်တိုင်းက မိခင်ပါတီအားလုံးကိုဖျက်သိမ်းကာတပါတီတည်ဆောက် ရေးအားသဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် (ALP) မှ အပကျန်အဖွဲ့ဝင်အားလုံးနှင့် ရခိုင်တပ်မတော် တို့သည် ဆုံးဖြတ်ချက်အတိုင်းမိခင်ပါတီအားလုံးကိုဖျက်သိမ်းလိုက်ကာ (NUFA) မှ (NUPA) သို့ ပြောင်းလဲပြီး “တပ်ဦးမှ တစ်ပါတီသို့”တည်ထောင်ခဲ့ကြသည်။

ထို့နောက် ဇန်နဝါရီလ (၉) ရက်နေ့ တွင်တပ်ဦးမှ ဦးဆောင်သောရခိုင်ပြည်သစ် တည် ဆောက်ရေးတပ်မတော် (NACA) နှင့် ရခိုင်တပ်မတော်တို့အားထပ်မံပေါင်းစည်းကာရခိုင်ပြည်တပ်မတော် (AA) အဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်သည်။

၁၉၉၇ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် “ရခိုင်ပြည် လုံးဆိုင်ရာကျောင်းသားနှင့် လူငယ် များအစည်းအရုံး”ကလည်းမူလသဘောတူညီချက်အတိုင်းမိခင်အစည်းအရုံးအားဖျက်သိမ်းကာရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီနှင့် ပူးပေါင်းလိုက်ပြီးအမျိုးသားတော်လှန်ရေးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

၁၉၉၈ ခုနှစ် ဗိုလ်ရာဇာကျဆုံးပြီးနောက်ပိုင်းတွင် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီအတွင်းအချင်းချင်းမကျေလည်မှု၊ ကွဲလွဲမှုများကြောင့် အစိတ်စိတ် အမြွှာမြွှာကွဲထွက်သွားကာ (NUPA) သည်လည်းအင်အားချည့်နဲ့သွားခဲ့ရသည်။ (NUPA) ပြိုကွဲပြီးနောက် ရခိုင်ကျောင်းသား နှင့်လူငယ်များ၏ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှု သည်လည်းကာလအတန်ကြာသည်အထိရပ်တန့်သွားခဲ့ရသည်။ အိန္ဒိယဘက် ဆိုင်ရာ (ရ၊ က၊ လ၊ စ) ရုံးခွဲသည် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီနှင့် ပူးပေါင်းခြင်းမရှိဘဲမူလအစည်းအရုံးအမည်ဖြင့်ပင် ဆက်လက်လှုပ်ရှားခဲ့သည်။

ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး ပြန်လည်ဖွဲ့စည်းခြင်း ပြင်ဆင်ရန်

ရပ်တန့်လုနီးပါးဖြစ်ခဲ့ရသည့် (ရ၊ က၊ လ၊ စ) ၏ အခန်းကဏ္ဍကို ပြန်လည်ဖော်ထုတ် နိုင်ရန် ဒုတိယအကြိမ် ညီလာခံကို ၂၀၀၁ ခုနှစ်၊ မေလ (၃၀)ရက်မှဇွန်လ (၃) ရက်နေ့အထိထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ ကျင်းပခဲ့သည်။ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယမှကိုယ်စားလှယ်များစွာတက်ရောက်ခဲ့ပြီးဗဟိုဦးဆောင်အဖွဲ့ကို (၂၂) ဦးဖြင့်ဖွဲ့စည်း၍ အစည်းအရုံးအား ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။ ဥက္ကဋ္ဌမှာရဲဘော်ကျော် ဟန်ဖြစ်သည်။ ဌာနချုပ်အားအိန္ဒိယနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ အခြေစိုက်ကာအိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ့်ဒေသဆိုင်ရာ (ရ၊ က၊ လ၊ စ)ရုံးခွဲများဖြင့် ဖွဲ့စည်းခဲ့ကြသည်၊

ညီလာခံတွင် အစည်းအရုံး၏ ဦးတည်ချက်များကိုစစ်ရေးလမ်းစဉ်တွင်အခြေမခံဘဲအကြမ်းမဖက် အမျိုးသားနိုင်ငံရေးလမ်းစဉ်ကိုအခြေခံကာအကောင်အထည်ဖော် ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။ အထူးသဖြင့် ဗမာပြည်ကျောင်းသားလူငယ်နိုင်ငံရေးအဖွဲ့ အစည်းများနှင့် ခိုင်မာသည့်မဟာမိတ်တည်ဆောက်လာနိုင်ပြီးယနေ့ဗမာ ပြည် ဘုံရန်သူတိုက်ဖျက်ရေးတွင် တက်ကြွစွာ ပါဝင်လာနိုင်ခဲ့သည်။ အဓိကအမျိုးသား နိုင်ငံရေးနှင့်ပက်သက်၍ ရခိုင်အမျိုးသားတစ်ရပ်လုံးကိုယ်စားပြု ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ပေါ်ပေါက်လာရေးကိုတစိုက်မတ်မတ် ဆောင်ရွက်လာခဲ့ကြသည်။။

နောက်ပိုင်းတွင် (ရ၊ က၊ လ၊ စ) သည် ရခိုင်ပြည်အမျိုးသားကောင်စီ ၏ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ရခိုင်ပြည်အမျိုးသားကောင်စီသည် သီးခြားလွတ်လပ်သောရခိုင်နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလများဖြင့် ဖွဲ့စည်းထားသည်။။ (၂၀၀၃) ခုနှစ် တွင် (ရ၊ က၊ လ၊ စ) သည်ရခိုင်ပြည်တွင်းကျောင်းသား နိုင်ငံရေးအင်အားစုများနှင့် ပေါင်းစည်းမိခဲ့သည်။ ထို့ နောက် ၂၀၀၅ ခုနှစ် ဇွန်လ (၂၁) ရက်နေ့ မှ(၂၉)ရက်နေ့အထိ ပြည်တွင်း၊ ပြည်ပကျောင်းသားလူငယ် အင်အား (၂၇)ဦးဖြင့် ကျင်းပသောတတိယအကြိမ်ညီလာခံတွင် အစည်းအရုံး၏ နိုင်ငံရေးဦးတည်ချက်များကိုပိုမိုတိုးချဲ့နိုင်ခဲ့ပြီးဗဟိုအလုပ်အမှုဆောင်အဖွဲ့ (၉) ဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ရဲဘော်ဝင်းအောင်အား ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင် မြှောက်ခဲ့သည်။

ညီလာခံနောက်ပိုင်းတွင် (ရ၊ က၊ လ၊ စ) သည် (၂၀၀၂) ခုနှစ်မှစတင်၍ “ရွှေ သဘာဝဓာတ်ငွေ့ဆန့်ကျင်ရေးလှုပ်ရှားမှု” အားဦးဆောင်ကာ (နအဖ)လက်ဝါးကြီးအုပ် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းအားဒေသတွင်းနှင့် နိုင်ငံတကာရှိအဖွဲ့အစည်းများ၊ အင်အားစုများနှင့် လက်တွဲကာ ကမ္ဘာတဝန်းလုံးအတိုင်းအတာဖြင့် အစဉ်တစိုက် ဆန့်ကျင်တိုက် ဖျက် လာခဲ့ကြသည်။ ဤစီမံကိန်းသည် ရခိုင်ပြည်သူနှင့်တကွ ဗမာပြည်သူတစ်ရပ်လုံးနှင့် သဘာဝပတ်ဝန်းကျင်အား အလွန်တရာဆိုးကျိုးဖြစ်ထွန်းစေမည့် မဟာဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ကြီးဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် စတုတ္တအကြိမ်မြောက်ညီလာခံကိုစက်တင်ဘာလ (၂၂) မှ (၂၆) ရက်နေ့အထိဒေသအသီးသီးမှ တက်ရောက်လာကြသောကိုယ်စားလှယ် (၂၅) ဦးဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် (၁၁)ဦးဖြင့်ဖွဲ့စည်းနိုင်ခဲ့သည်။

(ရ၊ က၊ လ၊ စ) အနေဖြင့် ရခိုင်အမျိုးသားနိုင်ငံရေးစင်မြင့်တွင် အစဉ်တစိုက် ခိုင်မာစွာရပ်တည်နိုင်ရေးအတွက် အဖွဲ့အစည်းတရပ်၏ ရှိသင့်ရှိထိုက်သော မူဝါဒရေးရာ၊ လမ်းစဉ်ရေးရာ၊ မဟာမိတ်ရေးရာနှင့် နိုင်ငံတကာရေးရာများကိုချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီးဗမာပြည်ဒီမိုကရေစီရရှိရေးတွင် ရည်မှန်းချက်တူအတိုက်အခံ နိုင်ငံရေးအင်အားစုများနှင့် လက်တွဲ တိုက်ပွဲဝင်လျက်ရှိသည်။

(ရ၊ က၊ လ၊ စ) သည် မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)[၁] ၊ တိုင်းရင်းသားလူမျိုးများလူထုဖွံ့ဖြိုးရေးဆုံရပ်(ECDF) ၊ မြန်မာနိုင်ငံဌာနေတိုင်းရင်းသားများကွန်ရက်(MIPEN) တို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားနေပြီးမိတ်ဖက်အဖွဲ့အစည်းအဖြစ် လူ့အခွင့်အရေးမှတ်တမ်းတင်ကွန်ရက် (ND-Burma) တွင်လည်း ပါဝင် လှုပ်ရှားလျက်ရှိသည်။

မျှော်မှန်းချက် ပြင်ဆင်ရန်

ကျွနု်ပ်တို့၏ မျှော်မှန်းချက်မှာ “မြန်မာနိုင်ငံသည် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် လူမှုရေးဆိုင်ရာတရားမျှတမှုတို့ အတွက် လိုအပ်သည့် အခွင့်အရေးနှင့် အခွင့်အလမ်းများကို နိုင်ငံသားတယောက်ချင်းစီ၊ တိုင်းရင်းသားမျိုးနွယ်စုတစုချင်းစီအားအပ်နှင်းထားသည့် စစ်မှန်သောဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ဖြစ်သင့်သည်။” ဟူ၍ ဖြစ်သည်။

ကျွနု်ပ် တို့၏မျှော်မှန်းချက်ကိုလက်တွေ့အကောင်အထည်ဖော်ဆောင်ရန်အလို့ငှာ ကျွနု်ပ်တို့အနေဖြင့် - ၁။ နိုင်ငံရေး၊ လူမှု-စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများအားဖွဲ့စည်းတည်ဆောက်ပုံနှင့် အဆောက်အအုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများဖန်တီးရာတွင် လူထုအနေဖြင့် နိုးကြားတက်ကြွစွာ၊ ဗဟုသုတရှိစွာနှင့် အဓိပ္ပာယ်ရှိစွာပါဝင်လာနိုင်စေရန် အောက်ခြေအဆင့် အသိပညာပေးရေးနှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းစဉ်များမှတဆင့် တွန်းအားပေးသွားရန်။ ၂။ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးထစ်ဆို့မှုနှင့် စီးပွားရေးနှောင့်နှေးမှုတို့ကြောင့် ကမ္ဘာ့လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အပေါ်တွင် ဆိုးကျိုးသက်ရောက်မှုများကိုမီးမောင်းထိုးပြလျက် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အပြုသဘောဆောင်သောထိတွေ့ဆက်ဆံမှုများပေါ်ပေါက်လာအောင် စေ့ဆော် တိုက်တွန်းသွားရန်။ ၃။ မိမိတို့၏ အခွင့်အရေးအများကိုကိုယ်တိုင်သိနားလည်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်တို့အတွက် လက်ဦးမှုရှိရှိဖြင့် တာဝန်ယူတတ်သည့် နိုင်ငံရေးခေါင်းဆောင်မျိုးဆက်သစ်တစ်ရပ် ပေါ်ထွန်းရေးကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်။


နိုင်ငံရေးဦးတည်ချက် (၇) ရပ် ပြင်ဆင်ရန်

၁။ ရခိုင်ကျောင်းသားနှင့် လူငယ်များဗလ (၅) တန် ဖွံ့ဖြိုးရေး။ ၂။ ရခိုင့်ဂေဟစနစ်နှင့် ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေး။ ၃။ ရခိုင်တမျိုးသားလုံး၏ သွေးစည်းညီညွတ်ရေး။ ၄။ နယ်ချဲ့လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး။ ၅။ အဖိနှိပ်ခံတိုင်းရင်းသားပြည်သူတရပ်လုံးလွတ်မြောက်ရေး။ ၆။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး။ ၇။ ရခိုင်တမျိုးသားလုံးကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး။

  1. https://www.facebook.com/sycbyouth/