ရင်ကမ်းပင်၏ ရုက္ခဗေဒအမည်မှာ ဇာလက္ကာ ဝါလီချီယာနာ ဖြစ်သည်။ ထန်းမျိုးဝင်အပင်မျိုး ဖြစ်၍ မြန်မာနိုင်ငံ အောက်ပိုင်းတွင် တွေ့ရသည်။ ရင်ကမ်းပင်သည် အမြဲစိမ်း သစ်တောများတွင် များသောအားဖြင့် လောင်းရိပ်ခို၍ ကြီးပွားသော အပင်မျိုးလည်း ဖြစ်သည်။ အစေ့ကိုစိုက်ပျိုး၍ သော်လည်းကောင်း၊ ဘေးထွက် အတက်များကို စိုက်ပျိုး၍သော်လည်းကောင်း မျိုးပွားယူနိုင် သည်။

ရင်ကမ်းပင်တွင် ပင်စည်ဟူ၍ မရှိ။ အတက်များ ဘေးဘက်ထွက်၍ ကြီးပွားသော အပင်မျိုးဖြစ်သည်။ အရွက်သည် အလျား ၁၅ ပေမှ ပေ ၂ဝ အထိရှိ၍ ရွက်ညှာသည် အရွက်၏ ထက်ဝက်ခန့် ရှည်သည်။ အရွက်သည် ငှက်မွေးပုံဖြစ်သည်။ ရွက်နားတွင် ဆူးငယ်များ ရှိသည်။ ရွက်အိမ်နှင့် ရွက်ညှာတို့တွင် ရွက်ကြောမ တစ်လျှောက်၌ ချွန်ထက်သော ဆူးများလည်း ရှိသည်။ ပန်းများ ပြွတ်သိပ်၍ ပွင့်သည်။ အသီးသည် တစ်လက်မမှ သုံးလက်မ အထိရှည်၍ အကြေးထူထပ်သည်။ အတွင်း၌ အစေ့တစ်စေ့မှ သုံးစေ့အထိ ပါရှိသည်။အသီးမှည့်ကို စားရသည်။ ရင်ကမ်းသီး အချဉ်မျိုးနှင့် ချဉ်ဖြုံးဖြုံးမျိုးဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ တစ်ခါတစ်ရံ အရွက်ကို အိမ်မိုးရန်အတွက် အသုံးချလေ့ ရှိကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)