ရင်းရိန်ရွာမှဘုရားပွဲတော်

ရင်းရိန်ရွာမှဘုရားပွဲတော် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

မုံရွာနယ်၊ ရင်းရိန်ရွာရှိ နရပတိစည်သူမင်း တည်ထားခဲ့သော ကုသိုလ်တော်များ အကြောင်းကို ဖွဲ့ဆိုထားသည်။

ရင်းရိန်ရွာမှဘုရားပွဲတော် ပြင်ဆင်ရန်

အဏ္ဏဝါသလ္လာဝတွင်မှ၊ စန္ဒတောင် ဂီရိန္ဒာက၊ ကိန္နရာနိန္နာသို့ဆင်းခဲ့၊ ချင်းတွင်းရေနဒိန်နှင့်၊ ရင်းရွှေရိန် မြေမဟိန်ရပ်တွင်မှ၊ မဟေသိန် မြတ်စွာဓာတုယောတို့၊ မုဋ္ဌောစေတီပန်လို့၊ မြေပုဂံမှာ ဒွေနဝဒဏ် ဆောင်းသူက၊ အကြောင်းခံအခြေပြု၍၊ လောင်းစည်သူ့ကုသိုလ်တော်။

ဖောင်းပြန်မှာ အောင်လံထူလို့၊ နန္ဒမူစံယူမှတ်ရတဲ့၊ ဂူမြတ်မှာနတ်ရွာလဘို့က၊ ညာသို့ညွှန်ဝံဘိုဘက်တွင်မှ၊ ဖိုလ်မဂ်ဝင်ဥတ္တမောဩ၊ မုဋ္ဌောရှင်စေတီပြီးတော့၊ နတ်ကြီးတောင်သောင်နရမ်း၏၊ တောင်ကမ်းဘွေသေလာကြောတွင်မှ၊ မုဋ္ဌောတဆူ ဂူတလုံးငယ်က၊ ကုန်းမြင့်ထိပ်ပေါ်။

လေးတိုင်ကွာဝရရပ်တွင်မှ၊ ရတနာဓာတ်မွေဓာတုယောတို့၊ မုဋ္ဌောတည် မာရဇိန်နှင့်၊ ရွာရွှေရိန်သာတဲ့ရင်းက၊ ချင်းတွင်းမှာ ဝဲယာဆုံးရော့၊ ကိုးလုံးတိုင်ဂူတဝတွေနှင့်၊ ကိုးဌာနစိန္တကျော်၊ ရှိန်တေဇော်မညှိုး။

မြေမဟိန်ရွှေရိန်ကျေးက၊ သူဋ္ဌေးသူကြွယ်နှင့်၊ ဈေးကုန်သယ် တောင်သူရတတ်တွေတို့၊ ဆွမ်းကပ်ခါ ပုံသေတင်ကြ၊ မြတ်ရှင်ပင် ရွှေမုဌောသို့၊ ဆော်ဩကာ သဒ္ဓါဖြစ်တဲ့ အခါ၊ နှစ်စဉ်ပွဲတော်ကြီးသို့၊ ဝေးနီးရွာလာရှာပေကြ၊ နာဝါလှေကုန်သည်များနှင့်၊ စည်ကားစွာ ဘုရားရတနာဖူးကြ၊ ပထမဦးမူ စည်သူမင်းတဲ့၊ အစိန္တေရိန်ရွှေရင်းတွင်မှ၊ လင်းပွင့်တန်ခိုး။

ခက်ဆစ် ပြင်ဆင်ရန်

၁။ အဏ္ဏဝါသလ္လာဝ = သလ္လာဝတီခေါ် ချင်းတွင်းမြစ်။

၂။ ဂိရိန္ဒာ = တောင်ကြီး။

၃။ နိန္ဒာ = နိမ့်သာ၊ အနိမ့်ဘက်။

၄။ ရေနဒိန် = ရေနဒီ၊ မြစ်ရေ။

၅။ မြေမဟိန် = မြေမဟီ၊ မြေမြတ်။

၆။ မဟေသိန် = မဟေသီ၊ မြတ်စွာဘုရား။

၇။ ဓာတုယော = ဓာတ်တော်မွေတော်။

၈။ နဝဒဏ် = ထီးရွက်ကိုးဆင့် ထီးရိုးကိုးဆယ်တောင်ရှိ ထီး။

၉။ ဥတ္တမော = မြတ်သောဘုရားရှင်။

၁၀။ မာရဇိန် = မာရ်ကိုအောင်သည့် ဘုရားရှင်။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။