ရတနာပုံ ဒေါင်းဒင်္ဂါး
ရတနာပုံ ဒေါင်းဒင်္ဂါး များကို မင်းတုန်းမင်း (၁၈၅၂ - ၁၈၇၈) လက်ထက် သက္ကရာဇ် ၁၂၂၇ (၁၈၆၅) တွင် မန္တလေး ရတနာပုံ ဒင်္ဂါး စက်ရုံ၌ စတင် ခတ်လုပ်သည်။ နိုင်ငံတော် ခေတ်မီ တိုးတက်ရေး အတွက် တည်ထောင် လုပ်ဆောင်သော လုပ်ငန်းများ အနက် အရေးပါသော လုပ်ဆောင်ချက် တရပ် ဖြစ်၏။ အစဉ်အလာ သုံးစွဲနေခဲ့သော အတုံးအခဲ အသပြာ စနစ်ကို ဒင်္ဂါးများ သွန်းလုပ် ထုတ်ဝေ အစားထိုးခြင်းဖြင့် ရောင်းဝယ်ရေးတွင် ပဓာနကျသော ငွေကြေး စနစ်ကို ပြုပြင်ခဲ့သည်။
ဒင်္ဂါးစက်ရုံသည် နန်းမြို့တော် သစ်တပ် အတွင်း၌ တည်ရှိသည်။ အုတ်ဖြင့် တည်ဆောက်သော တိုက်ဖြစ်၏။ ထိုအုတ်တိုက် အတွင်း ဒင်္ဂါး တန်ဖိုးနှင့် အရွယ်အစား အမျိုးမျိုး ခတ်လုပ်ရန်၊ ကျိုရာ၊ သွန်းရာ၊ ခတ်လုပ်ရာ၊ တံဆိပ်နှိပ်ရာ အခန်းကြီးငယ်များ၊ သက်ဆိုင်ရာ စက်များဖြင့် ကျကျနန ပြည့်ပြည့်စုံစုံ ရှိပုံကို ရွှေနန်းသုံး ဝေါဟာရ အဘိဓာန်က ဤသို့ တခမ်းတနား ဖော်ပြသည်။
သက္ကရာဇ် ၁၂၂၇ ခုနှစ်၊ တန်ဆောင်မုန်းလ ရွှေနန်းတော် သစ်တပ် အတွင်း ဗဟိုရ်စင်မြောက် ဒင်္ဂါး ခတ်လုပ်စေရန် အုတ်အင်္ဂတေ တို့ဖြင့် ကြီးကျယ် ခိုင်ခံ့စွာ တည်ရှိသည့် စက်ရုံတော်ကြီးတွင် ငွေရည်ကျိုရာ တိုက်ခန်း၊၎ငွပြေားကို ညီညွတ်အောင် အဆင့်ဆင့် သံလုံးစက်ဖြင့် ကြိတ်လုပ်သည့် တိုက်ခန်း၊ ငွပြေားကြီးကို ဒင်္ဂါးပြား၊ ငါးမူးပြား၊ မတ်စေ့ပြား၊ မူးစေ့ပြား ဖြစ်အောင် ဖောက်စက်နှင့် ဖောက်ယူသည့် တိုက်ခန်း၊ ဖောက်ပြီး ဒင်္ဂါးကို ထောင့်ဖိရာ တိုက်ခန်း၊ ထောင့်ဖိပြီး ဒင်္ဂါးကို ပျော့ပျောင်းအောင် ထပ်မံလုပ်သည့် တိုက်ခန်း၊ ဒင်္ဂါး ဖြူစင် သန့်ရှင်းအောင် ဆေးရည် ဓာတ်ရည်တို့ဖြင့် ဆေးကြောသည့် တိုက်ခန်း၊၎ ဆေးကြောပြီး ဒင်္ဂါးကို ပွတ်သပ်သည့် တိုက်ခန်း၊ ပွတ်သပ်ပြီး ဒင်္ဂါးများကို အရုပ်ပန်းထောင့်ပိတ် ဖြစ်အောင် ရိုက်သည့် စက်ခန်း၊၎ရိုက်ပြီး ဒင်္ဂါးများကို ချိန်မှတ်ရန် ချိန်ခွင်ထားသည့် တိုက်ခန်းများ ပြည့်စုံအောင် လုပ်ဆောင်ပြီးသည်။
ဤဖော်ပြချက်သည် ဒင်္ဂါး စက်ရုံ အကြောင်းမျှ သာမက ငွေတုံး ငွေခဲမှ ငွေဒင်္ဂါး ဖြစ်လာသည် အထိ အဆင့်ဆင့် လုပ်ဆောင်ပုံကိုပါ တစေ့တစောင်း သိသာ စေသည်။ ထို့ပြင် ဤဖော်ပြချက်သည် ကင်းဝန်မင်းကြီး လန်ဒန်တွင် သွားရောက် ကြည့်ရှုခဲ့သည့် ဒင်္ဂါးစက်ရုံ အကြောင်းနှင့် တထပ်တည်း ဖြစ်၍ ရတနာပုံ ဒင်္ဂါး စက်ရုံသည် အဆင့်အတန်း မနိမ့်သော၊ ခေတ်မီသော ဒင်္ဂါးစက်ရုံ ဖြစ်မည်ဟု ကောက်ယူနိုင်မည် ထင်ပါသည်။ (လန်ဒန်သွား၊ ပ၊ ၁၅၉)
ရတနာပုံ ဒေါင်းဒင်္ဂါးများကို ၁၂၂၇ ခု၊ တန်ဆောင်မုန်း လပြည့်ကျော် ၉ ရက် စနေနေ့ (၁၁ နိုဝင်ဘာ ၁၈၆၅) နံနက် ၁ ချက်တီးကျော် အချိန် အခါတော်နှင့် အမြောက်သံ သုံးချက် ကြားပြီး စတင် ခတ်လုပ်သည်။ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ကြေးနီပိုက်ဆံ၊ သံပိုက်ဆံ၊ ခဲပိုက်ဆံများ ခတ်လုပ်သည်။ ရွှေဒင်္ဂါးတွင် တန်ဖိုး အမြင့်ဆုံးသည် ငါးမူးပြား ဖြစ်၏။ ရွှေမတ်စေ့၊ ရွှေမူးစေ့၊ ရွှေပဲစေ့များလည်း ထုတ်သည်။ ငွေဒင်္ဂါးများကို တကျပ်သုံး ဒင်္ဂါး၊ ငါးမူးစေ့၊ မတ်စေ့၊ မူးစေ့၊ ပဲစေ့များ ထုတ်သည်။ ရွှေဒင်္ဂါး တပြားသည် ငွေဒင်္ဂါး ငါးပြားနှင့် တန်ဖိုး ညီမျှသည်။ ခဲပိုက်ဆံ အထူအပါး နှစ်မျိုး ထွက်သည်။ ခဲပိုက်ဆံ အထူ လေးပြားသည် ကြေးပိုက်ဆံ တပြားနှင့် ညီသည်။ ကြေးပိုက်ဆံ လေးပြားကို ငွေပဲစေ့နှင့် လဲလှယ်နိုင်သည်။ သံပိုက်ဆံ၊ ခဲပိုက်ဆံများ တာရှည် မခံခဲ့။ လွယ်လွယ်နှင့် ပွန်းပဲ ပျက်စီး၍ နောက်ပိုင်းတွင် အသုံးမတွင် ဖြစ်သွားသည်။ ခဲပိုက်ဆံတွင် တဖက်၌ ယုန်ရုပ်၊ တဖက်တွင် မင်းတုန်းမင်း နန်းတက် သက္ကရာဇ် ၁၂၁၄ တံဆိပ် ခတ်နှိပ်ထားသည်။ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများကို တဖက်တွင် ဥဒေါင်းရုပ်၊ တဖက်တွင် စုံပန်းနွယ် ယှက်လျက် အတွင်း သက္ကရာဇ် ၁၂၁၄ တံဆိပ် ခတ်နှိပ်ထားသည်။ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများကို တဖက်တွင် ဥဒေါင်းရုပ်၊ တဖက်တွင် စုံပန်းနွယ် ယှက်လျက် အတွင်း သက္ကရာဇ် ၁၂၁၄၊ ပန်းနွယ် အပြင်တွင် ရတနာပုံ နပြေည်တော် စာတန်း ရံလျက် တံဆိပ် ခတ်နှိပ်သည်။
ဒေါင်းဒင်္ဂါးများသည် နိုင်ငံတော် အတွင်း အသပြာ စနစ်ကို တစ်ပြေးညီ ဖြစ်စေခဲ့သည်။ နိုင်ငံတော် ခေတ်မီ တိုးတက်ရေးကို ရှေးရှုသဖြင့် အောက်မြန်မာပြည်နှင့် ကူးသန်း ရောင်းဝယ်ရာ၌ အဆင်ပြေစေရန် အစဉ်အလာ ဆယ်လီမူး စနစ်ကို ဖျက်သိမ်း၍ ဗြိတိသျှ မြန်မာပြည်သုံး ငွေကြေး စနစ်နှင့် ကိုက်ညီအောင် ရှစ်မူး - တကျပ်၊ ၁၆ ပဲ တကျပ်သို့ လျှော့ချ ပြောင်းလဲခဲ့သည်။ ထို့ပြင် ဗြိတိသျှ အိန္ဒိယ ဒင်္ဂါးအောက် အရည်အသွေး မလျော့ မညံ့စေရန် ယောအတွင်းဝန် ဦးဖိုးလှိုင်သည် ဒေါင်းဒင်္ဂါးများ မခတ်လုပ်မီ ၁၈၆၅ ခု ဇူလိုင်လကပင် ကာလကတ္တား ဒင်္ဂါးစက်ရုံ စီမံအုပ်ချုပ်ပုံ စည်းမျဉ်း ဥပဒေများ၊ ငွေကို စင်အောင် ပြုလုပ်နည်း၊ ငွေဒင်္ဂါး တကျပ်တွင် သတ္တုရောသည့် စံနှုန်းနှင့် ဒင်္ဂါးစက်ရုံ ဆိုင်ရာ သိသင့် သိထိုက်သမျှ အကြောင်းအရာများကို ကာလကတ္တား ဒင်္ဂါးစက်ရုံမှ ရယူရန် ကြိုးပမ်းခဲ့သည်။
စက်ရုံ တည်ထောင်သည်မှ စ၍ သီပေါမင်း ပါတော်မူသည် အထိ အနှစ် ၂၀ ကာလ အတွင်း ထုတ်လုပ်သော ကျပ်သုံး ဒေါင်းဒင်္ဂါး ပြားရေသည် ၂၆,၄၀၆,ဝဝဝ၊ တန်ဖိုးကျပ် ၂၆,၄၀၆,ဝဝဝ ရှိခဲ့သည်။ ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် စက်ရုံ တာဝန်ခံ အရာရှိတို့ တင်ပြသည့် စာရင်း အရသော် ကျပ်သုံးဒင်္ဂါး၊ ငါးမူးစေ့၊ မတ်စေ့၊ မူးစေ့ စုစုပေါင်း ထုတ်လုပ်ခဲ့သည့် တန်ဖိုးနှင့် ပြားရေ ပမာဏသည် အောက်ပါ အတိုင်းဖြစ်၏။ ငွေပဲစေ့များ စာရင်း မပါ။
ကျပ်သုံးဒင်္ဂါး | ပြားရေ ကျပ် | စုစုပေါင်း ကျပ် |
၁၂၂၇ မှ ၁၂၃၀ (၁၈၆၅ - ၆၈) လေးနှစ်အတွင်း | ၂၅,၃၆၀,ဝဝဝ | |
၁၂၃၁ မှ ၁၂၄၀ (၁၈၆၉ - ၇၈) ၁၀ နှစ်အတွင်း | ၈၀၀,ဝဝဝ | |
၁၂၄၁ မှ ၁၂၄၇ တန်ဆောင်မုန်း (၁၈၇၈ - နိုဝင်ဘာ ၁၈၈၅) ခြောက်နှစ်နှင့် ရှစ်လအတွင်း | ၂၄၆,ဝဝဝ | |
ကျပ်သုံး ဒင်္ဂါးပြားရေ | ၂၆,၄၀၆,ဝဝဝ | ၂၆,၄၀၆,ဝဝဝ |
ငါးမူးစေ့ | ပြားရေ | စုစုပေါင်း ကျပ် |
၁၂၂၇ မှ ၁၂၄၂ (၁၈၆၅ - ၈၁) ၁၆ နှစ်အတွင်း | ၁,၆၀၀,ဝဝဝ | ၈၀၀,ဝဝဝ |
၁၂၄၃ မှ ၁၂၄၇ တန်ဆောင်မုန်း (၁၈၈၂ - နိုဝင်ဘာ ၁၈၈၅) လေးနှစ်နှင့် ရှစ်လအတွင်း | ၃၇၃,ဝဝဝ | ၁၈၆,၅၀၀ |
ငါးမူးစေ့ပေါင်း | ၁,၉၇၃,ဝဝဝ | ၉၈၆,၅၀၀ |
မတ်စေ့ | ပြားရေ | စုစုပေါင်း ကျပ် |
၁၂၂၇ မှ ၁၂၄၂ (၁၈၆၅ - ၈၁) ၁၆ နှစ်အတွင်း | ၂,၄၀၀,ဝဝဝ | ၆၀၀,ဝဝဝ |
၁၂၄၃ မှ ၁၂၄၇ တန်ဆောင်မုန်း (၁၈၈၂ - နိုဝင်ဘာ ၁၈၈၅) လေးနှစ်နှင့် ရှစ်လအတွင်း | ၄၆၆,ဝဝဝ | ၁၁၆,၅၀၀ |
မတ်စေ့ပေါင်း | ၂,၈၆၆,ဝဝဝ | ၇၁၆,၅၀၀ |
မူးစေ့ | ပြားရေ | စုစုပေါင်း ကျပ် |
၁၂၂၇ မှ ၁၂၄၂ (၁၈၆၅ - ၈၁) ၁၆ နှစ်အတွင်း | ၄,၈၀၀,ဝဝဝ | ၆၀၀,ဝဝဝ |
၁၂၄၁ မှ ၁၂၄၇ တန်ဆောင်မုန်း (၁၈၈၂ - နိုဝင်ဘာ ၁၈၈၅) လေးနှစ်နှင့် ရှစ်လအတွင်း | ၃၇၃,ဝဝဝ | ၄၆,၆၂၅ |
မူးစေ့ပေါင်း | ၅၁၇,ဝဝဝ | ၆၄၆,၆၂၅ |
စုစုပေါင်း | ၂၈,၇၅၅,၆၂၅ |
ဒေါင်းဒင်္ဂါးနှင့် ဗြိတိသျှ အစိုးရ ဒင်္ဂါးများကို အထက် မြန်မာပြည်တွင် အခက်အခဲ မရှိ တန်ဖိုးတူ လဲလှယ် ရောင်းဝယ်ကြသည်။ နယ်စပ် ဒေသမြို့များ ဖြစ်သော သရက်မြို့နှင့် တောင်ငူတို့တွင် ပြည်သူတို့ အသုံးပြုကြရာ၌ အခက်အခဲ မရှိသော်လည်း အစိုးရ ငွေတိုက်နှင့် ဘဏ်များက ဒေါင်းဒင်္ဂါးကို လက်မခံကြ။ အောက်မြန်မာပြည်တွင်လည်း ဒေါင်းဒင်္ဂါးကို များလျှင် အလျော့နှင့်သာ လက်ခံ လဲလှယ် ကြသည်။
အထက် မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် ဒင်္ဂါး နှစ်မျိုးကို ပြဿနာ မရှိဘဲ အတန်ကြာ တန်းတူရည်တူ ဆက်လက် သုံးနကြေသည်။ သို့သော် အထက် မြန်မာပြည် အချို့ စီရင်စုများတွင် ဒေါင်းဒင်္ဂါး တန်ဖိုး အမျိုးမျိုး ဖြစ်နေသည်။ ဗြိတိသျှ အစိုးရသည် ဒေါင်းဒင်္ဂါးများကို ချက်ချင်း ဖျက်သိမ်းလိုက်ပါက ပြည်သူတို့ အလွန် နစ်နာမည်ဟု ဆင်ခြင်သည်။ ဗြိတိသျှ အိန္ဒိယ ဒင်္ဂါးနှင့် လဲလှယ် ပေး၍ ရုပ်သိမ်းမည် ဆိုလျှင်လည်း အထက် မြန်မာပြည် အစိုးရ ငွေတိုက်များတွင် ဗြိတိသျှ အိနိ္ဒယ ဒင်္ဂါး အမြောက်အမြား ဖြည့်တင်း ထားရမည် ဖြစ်၍ မဖြစ်နိုင်ဟု မြင်သည်။
မဟာဝန်ရှင်တော် မင်းကြီး ဘားနဒ်က အထက် မြန်မာပြည်တွင် ဒေါင်းဒင်္ဂါးများကို အခြေအနေ မပျက် ဆက်လက် သုံးစွဲစေသည်။ သို့သော် ၂၁ ဒီဇင်ဘာ ၁၈၈၅ နေ့စွဲပါ ဆာကြူလာတွင် အောက်မြန်မာပြည် ဘဏ်များသည် ဒေါင်းဒင်္ဂါးများကို လက်မခံရ။ အထက် မြန်မာပြည်တွင်မူ အစိုးရရုံးများသည် ဒေါင်းဒင်္ဂါးကို ဗြိတိသျှ အစိုးရ ဒင်္ဂါးနှင့် တန်းတူ တန်ဖိုးထား၍ လက်ခံရမည်။ စစ်ဘက် နယ်ဘက် အစိုးရ အရာထမ်း အမှုထမ်းများ လစာကို ဒေါင်းဒင်္ဂါးဖြင့် မပေးရဟု ထုတ်ပြန် ကြေညာသည်။ အထက် မြန်မာပြည်တွင် အစိုးရရုံးတော်သို့ ပေးသွင်းငွေများကို ဒေါင်းဒင်္ဂါးဖြင့် ပေးသွင်း ထမ်းဆောင်ခြင်းကို လက်ခံသော်လည်း ဒေါင်းဒင်္ဂါးကို ဗြိတိသျှ အိန္ဒိယ ဒင်္ဂါးဖြင့် လုံးဝ လဲလှယ် မပေးရ။ ဝင်လာသည့် ဒေါင်းဒင်္ဂါးများကို အထက် မြန်မာပြည်တွင်ပင် ပြန်လည် သုံးပစ်ရမည်၊ အောက်မြန်မာပြည်သို့ မည်သည့် အကြောင်းကြောင့်မျှ မပို့ရဟုလည်း အရာရှိများကို တိတိကျကျ ညွှန်ကြားသည်။
လအတန်ကြာ ငွေကြေး ပြဿနာ မရှိ၊ အေးအေးချမ်းချမ်း ရောင်းဝယ် လှဲလှယ် နကြေသည်။ မနၩလေး ဈေးများတွင် ဒေါင်းဒင်္ဂါးနှင့် ဗြိတိသျှ အစိုးရ ဒင်္ဂါးတို့ကို တန်းတူရည်တူ ယှဉ်တွဲ သုံးကြသည်။ အစိုးရထံ ပေးသွင်းငွေများ အခွန်တော်များကို ဒေါင်းဒင်္ဂါးဖြင့်ပင် ပေးသွင်းနိုင်သည်။ စာတိုက်နှင့် ကြေးနန်း ဌာနကလည်း ဒေါင်းဒင်္ဂါးကို လက်ခံသည်။ မကြာမီပင် မလှိုင်၊ မိတ္ထီလာနှင့် အချို့ စီရင်စုများတွင် ဒေါင်းဒင်္ဂါးကို တမူး အလျော့နှင့်သာ လက်ခံကြောင်း သတင်း ပေါ်ထွက်လာသည်။ ၁၈၈၆ ခု ဖေဖော်ဝါရီလ ၃ ၇က်နေ့တွင် မင်းလှနယ်ဘက် အုပ်ချုပ်ရေး အရာရှိထံမှ သရက်မြို့ ငွေတိုက်သည် ဗြိတိသျှ အရာရှိများ ထံမှ ဒေါင်းဒင်္ဂါးကို လက်မခံကြောင်း ကြေးနန်း ရောက်လာသည်။ သို့သော် သရက်မြို့ ငွေတိုက်ကို အပြစ်တင်ဖွယ် မရှိချေ။ အောက်မြန်မာပြည် ငွေတိုက်များသည် ဒေါင်းဒင်္ဂါးကို လက်မခံရဟု အတိအကျ ညွှန်ကြားထားချက် ရှိသည်။ ဤတွင် ပြဿနာ ရှုပ်ထွေး လာတော့သည်။ ဗြိတိသျှ အစိုးရ တပ်သားများသည် ဒေါင်းဒင်္ဂါးကို လွယ်လွယ် သုံးမရ၍ မကျေမနပ် ဖြစ်ကြသည်။ မသိ နားမလည်သူ ဆင်းရဲသား ပြည်သူတို့လည်း တန်ဖိုး မတူသော ငွေနှစ်မျိုးကို သုံးနေရ၍ နစ်နာကြသည်။
မဟာဝန်ရှင်တော် မင်းကြီးက ဒေါင်းဒင်္ဂါးများကို ရုပ်သိမ်း၍ အမြန်ဆုံး အရည် ကျိုသင့်သည်ဟု သဘောရသည်။ တန်ဖိုး မတူသော ငွေနှစ်မျိုးသည် ရောင်းဝယ်ရေးတွင် ခက်ခဲစေသည်၊ ငြင်းခုံမှု၊ လိမ်လည်မှု၊ မသမာမှုများ ဖြစ်စေသည်ဟု မြင်သည်။ အိန္ဒိယ စာတိုက်နှင့် ကြေးနန်း ဌာနချုပ်ကလည်း ဒေါင်းဒင်္ဂါးတို့သည် ဗြိတိသျှ အိန္ဒိယ ဒင်္ဂါးအောက် ပင်ကိုအမှန် တန်ဖိုး လျော့သည်။ ထို့ကြောင့် မန်နီအော်ဒါ ငွေလွှဲခြင်းမှ အစ စာတိုက် လုပ်ငန်းများတွင် နစ်နာ နေသည်ဟု မဟာဝန်ရှင်တော် မင်းကြီးကို သတိပေးသည်။ မဟာဝန်ရှင်တော် မင်းကြီးသည် မနၩလေးရှိ ဘင်္ဂလားဘဏ် ကိုယ်စားလှယ် ဂီလမ်နှင့် တိုင်ပင်၍ ဒေါင်းဒင်္ဂါးများကို အချိန် ကန့်သတ်ချက်ဖြင့် ရုပ်သိမ်းရန် အထက်သို့ တင်ပြသည်။ မဟာဝန်ရှင်တော် မင်းကြီးက အထက် မြန်မာပြည်တွင် ဒေါင်းဒင်္ဂါးကို ဗြိတိသျှ အစိုးရငွေနှင့် တန်ဖိုးတူ လဲလှယ်ခွင့် ကိုးလ၊ ၁၁/၂ ပဲ အလျော့ဖြင့် လဲလှယ်ခွင့် ၂၄ လ၊ အစိုးရ အခွန်တော် စသည် ထမ်းဆောင် ပေးသွင်းရန် တန်ဖိုးပြည့်ဖြင့် ၂၁ လ ခွင့်ပေးပြီးလျှင် ပြီးငြိမ်းမည်ဟု ထင်မြင်ကြောင်း၊ အထက် မြန်မာပြည် အစိုးရ ငွေတိုက်များတွင်သာ ပေးသွင်းရမည် ဖြစ်ကြောင်း၊ ၁၈၈၉ ခု၊ ဧပြီလ ၁ ရက်နေ့ကို ဒေါင်းဒင်္ဂါး တရားဝင် အဖြစ် နောက်ဆုံးရက်ဟု သတ်မှတ်မည် ဖြစ်ကြောင်း အမိန့် ထုတ်ပြန်ရန် အိနိ္ဒယ အစိုးရထံမှ သဘောတူညီချက် တောင်းခံသည်။
ဒေါင်းဒင်္ဂါးများကို ရုပ်သိမ်းရာ၌ အစိုးရ နစ်နာမည့် အချက်ကိုလည်း ဤသို့ တင်ပြသည်။ ကာလကတ္တားရှိ ရာဖြတ် အရာရှိက ဒေါင်းဒင်္ဂါး အချို့သည် တခုနှင့် တခု အလေးချိန်ရော မူးရည် စံချန်ပါ မတူညီကြဟု ဆိုသည်။ ရာဖြတ်၏ အဆိုအရ ဒေါင်းဒင်္ဂါး တပြား၏ အလေးချိန်သည် ၁၇၈.၇၅ ဂရိန် ရှိ၍ ဗြိတိသျှ အစိုးရ ဒင်္ဂါးအောက် ၁.၂၅ ဂရိန် လျော့သည်။ တနည်း ဆိုရသော် ငွေ ၁,ဝဝဝ တွင် ခုနစ်ကျပ် လျော့မည်။ မူးရည် စံချိန်သည် ၉၁၁.၇၅ ဂရိန်သာ ရှိသည်။ ဗြိတိသျှ အစိုးရငွေက ၉၁၆.၆၆ ဂရိန် ရှိ၏။ ထို့ကြောင့် အလေးချိန်နှင့် မူးရည် အလျော့တို့ကို ပေါင်းလျှင် ငွေ ၁,ဝဝဝ တွင် ၁၂ ကျပ်၊ သို့မဟုတ် ၁.၂ ရာခိုင်နှုန်း ရှုံးမည်။ ဒေါင်းဒင်္ဂါးပေါင်း ၂၆,၄၀၆,ဝဝဝ ထုတ်ခဲ့သည်ဟု ခန့်မှန်းသော်လည်း များသောအားဖြင့် အစောပိုင်း ထုတ်သော ဒေါင်းဒင်္ဂါးများသည် တနည်းနည်းဖြင့် ပျောက်ပျက် သွားပြီဟု ယူဆသည်။ နောက်ပိုင်းထုတ် ဒင်္ဂါးများသည် သတ္တု အရောများသည်။ ငွေညံ့သည်။ အကြမ်းဖျင်းအားဖြင့် ဒေါင်းဒင်္ဂါး ၅၀ ရာခိုင်နှုန်း (ကျပ် ၁၃,၂၀၀,ဝဝဝ) ခန့်သာ ဝင်လာမည်၊ ပြန်လည် ခတ်လုပ်နိုင်မည်ဟု မျှော်မှန်းသည်။ ဒေါင်းဒင်္ဂါးတို့ အလေးချိန်နှင့် မူးရည် စံချိန် လျော့သဖြင့် ၁,ဝဝဝ တွင် ၁၂ ကျပ် အရှုံး ရှိမည့်အပြင် ဒေါင်းဒင်္ဂါးများကို ကာလကတ္တား ဒင်္ဂါးစက်ရုံသို့ ပို့ဆောင်ခ ၁ ရာခိုင်နှုန်း ကုန်ကျမည် ဖြစ်၍ ဒေါင်းဒင်္ဂါး ၁၃,၂၀၀,ဝဝဝ ကို ရုပ်သိမ်းရာ၌ အစိုးရသည် စုစုပေါင်းကျပ် ၂၉၀,၄၀၀ ရှုံးမည်ဖြစ်သည်။
ဗြိတိသျှ အစိုးရသည် မဟာဝန်ရှင်တော် မင်းကြီး တင်ပြချက်ကို သဘောမတူချေ။ ဒေါင်းဒင်္ဂါးများကို ရုပ်သိမ်းလိုက်လျှင် အထက် မြန်မာပြည် အစိုးရ ငွေတိုက်များ၏ ငွေစာရင်းသည် သုံးမရသော ငွေများဖြင့် ပြည့်လျှံနေမည်။ ရုပ်သိမ်းလိုက်သော ဒေါင်းဒင်္ဂါးတိုင်းကို ဗြိတိသျှ အစိုးရငွေနှင့် အစားထိုးရမည် ဖြစ်၍ မလွယ်လှဟု သဘောရသည်။ ထို့ကြောင့် အထက် မြန်မာပြည်တွင် ဒေါင်းဒင်္ဂါးများကို ဆက်လက် အသုံးပြုစေမည်။ အထက် မြန်မာပြည် ငွေတိုက်များသည် ဒေါင်းဒင်္ဂါးကို ဗြိတိသျှ အစိုးရငွေနှင့် တန်းတူ ရည်တူထား၍ လက်ခံရမည်။ ဝင်လာသည့် ဒေါင်းဒင်္ဂါးများကို စုထား၍ အလျဉ်းသင့်သလို ကာလကတ္တား ဒင်္ဂါးစက်ရုံသို့ ပို့ရမည်ဟု အမိန့် ချမှတ်သည်။
ယင်းညွှန်ကြားချက်သည် ဧရာဝတီ ဖလိုတီလား ကုမ္ပဏီကို အခက် ကြုံစေသည်။ လုပ်ငန်းခွင်မှ ကောက်ခံ ရရှိသည့် ဒေါင်းဒင်္ဂါးများကို မနၩလေး ငွေတိုက်တွင် သွင်း၍ ရန်ကုန်တွင် ဗြိတိသျှ အစိုးရငွေ ထုတ်ယူနိုင်ရန် ငွေလွှဲလက်မှတ် ရလိုကြောင်း လျှောက်ထားသည်။ ခွင့်ပြုချက် မရချေ။ သို့သော် ဧရာဝတီ ဖလိုတီလား ကုမ္ပဏီသည် ရန်ကုန် ငွေတိုက်တွင် ဒေါင်းဒင်္ဂါးကို အစိုးရဒင်္ဂါးနှင့် တန်ဖိုးတူ လဲလှယ်နိုင်ခွင့် ရသွားသည်။ ရန်ကုန်ရှိ ဘင်္ဂလားဘဏ်က ဧရာဝတီ ဖလိုတီလား ကုမ္ပဏီမှ ဒေါင်းဒင်္ဂါးများကို လက်ခံရန် ငြင်းဆိုသည်။ ဒေါင်းဒင်္ဂါးတို့သည် အလေးချိန်နှင့် ပကတိအမှန် တန်ဖိုး (စံရည်) ကွာခြားချက် ရှိသည်ဟု အကြောင်းပြသည်။ အိန္ဒိယ အစိုးရက အမိန့် အတိအကျ မချမီ ကာလအတွင်း ဧရာဝတီ ဖလိုတီလား ကုမ္ပဏီမှ ပေးသွင်းသည့် ဒေါင်းဒင်္ဂါးများကို ဗြိတိသျှ အစိုးရ ဒင်္ဂါး၏ အလေးချိန်အောက် မလျော့လျှင် တန်ဖိုးတူထား၍ လက်ခံရန်၊ အနည်းငယ် အလေးချိန် လျော့သော ဒင်္ဂါးများကို ဗြိတိသျှ အစိုးရ ဒင်္ဂါး၏ အလေးချိန်အောက် မလျော့လျှင် တန်ဖိုးတူထား၍ လက်ခံရန်၊ အနည်းငယ် အလေးချိန်လျော့သော ဒင်္ဂါးများကိုလည်း ဖြတ်ညှပ် တိုက်ပွတ် မထားလျှင် အလားတူ လက်ခံရန် ငွေတိုက်ဝန်ကြီးက ကြားဝင် ဖျန်ဖြေပေးသည်။ ယင်း အထူး အခွင့်အရေးကို ဧရာဝတီ ဖလိုတီလား ကုမ္ပဏီ တခု အတွက်သာ သတ်မှတ်သော်လည်း နောက်ပိုင်းတွင် မြန်မာ မီးရထား ဌာနသို့လည်း အလားတူ ခွင့်ပြုလိုက်သည်။
ဒေါင်းဒင်္ဂါးများကို ယင်းသို့ လဲလှယ် လည်ပတ် သုံးစွဲခွင့် ပြုထားလိုက်ပြီးမှ ဗြိတိသျှ အိန္ဒိယ အစိုးရသည် ဒေါင်းဒင်္ဂါး ညှပ်ပုံများကို သတိရကာ အတုများ ပေါ်ထွက်မည်ကို အထိတ်တလန့် ဖြစ်တော့သည်။ ဒေါင်းဒင်္ဂါး ညှပ်ပုံများ အကြောင်း စုံစမ်းမှုများ ပြု၍ စစ်သိမ်းပစ္စည်း ထုခွဲရေး ကော်မတီ ဥက္ကဋ္ဌ လက်ဖတင်နင် ကာနယ် ဘတ်ဂျင်အား မေးမြန်းသည်။ ဘတ်ဂျင်က ဤသို့ အစီရင်ခံသည်။
၁။ ဒေါင်းဒင်္ဂါး (ကျပ်သုံးနှင့် ငါးမူးသုံး) ညှပ်ပုံ ၇၆ ခုကို လေလံတင်ရာ စစ်ဘက် နယ်ဘက် အရာရှိများနှင့် ဥရောပ ခရီးသည် တဦးက ညှပ်ပုံလေးခု လေလံ ဆွဲယူသွားသည်။ ၂။ ကျပ်သုံးဒင်္ဂါး ညှပ်ပုံ ၁၀ ခုစီ ပါသော သေတ္တာ ၁၅ လုံးကို အရာရှိများသို့ မေဂျာ လန်ဘတ်က ရောင်းလိုက်သည်။ ၃။ ညှပ်ပုံ သေတ္တာ တလုံးကို သရက်မြို့ အရာရှိများသို့ ရောင်းလိုက်သည်။ ၄။ ကျပ်စေ့နှင့် ငါးမူးစေ့ ညှပ်ပုံ ၁၅၀ ခန့်နှင့် ကြေးပိုက်ဆံ ညှပ်ပုံများကို ရုံးစာကြည့်ခန်း အတွင်း စက္ကူဖိတုံး အဖြစ် အသုံးပြု ထားသည်။ ကာနယ် ဘတ်ဂျင်၏ လက်တွင် ညှပ်ပုံ လေးခု ရှိသည်။
မဟာဝန်ရှင် မင်းကြီးက ညှပ်များကို စစ်သိမ်းပစ္စည်း ကော်မတီက အကုန် ရောင်းချပြီးသည် အထိ သူသတိ မထားလိုက်မိ၊ ပေါ့လျော့ သွားသည်ဟု ဝန်ခံသည်။ ညှပ်ပုံများ မည်မျှ ရှိခဲ့သည်၊ မည်သည့် နေရာများသို့ ရောက်သွားပြီ ဆိုသည်ကို လုံးဝ မသိနိုင်တော့ပြီ။ သို့သော် မသမာသူများ လက်တွင်းသို့ ရောက်သွားမည်ဟု မထင်ကြောင်း အစီရင်ခံသည်။ ကာနယ် ဘတ်ဂျင်ကိုလည်း ညှပ်ပုံများကို တတ်နိုင်သမျှ လိုက်လံ စုံစမ်း သိမ်းဆည်းရမည်။ ရသမျှကို ရုံးစာကြည့်ခန်းရှိ ညှပ်ပုံများနှင့် တကွ ကာလကတ္တား ဒင်္ဂါး စက်ရုံသို့ ပို့ရမည်ဟု ညွှန်ကြားလိုက်သည်။
ဤသို့ဖြင့် ဒေါင်းဒင်္ဂါးများသည် အထက် မြန်မာပြည်တွင် ၁၈၈၉ ခုစက်ဘာလ ၃၀ ရက်နေ့ အထိ ဆက်လက်၍ ပုံမှန် လည်ပတ် သုံးစွဲလျက် ရှိနေခဲ့သည်။ အခွန်တော်နှင့် ကုန်သွယ်မှု ဌာန ကြေညာချက် အမှတ် ၂၁ ရက်၊ ရက်စွဲ ၂၂ မေ ၁၈၈၉ အရသော် အထက် မြန်မာပြည်တွင် ကြေးနီ ပိုက်ဆံများသည် ၃၀ စက်တင်ဘာ ၁၈၈၉ တွင် တရားဝင် ငွေကြေး အဖြစ်မှ အပြီးတိုင် ရပ်စဲရမည် ဖြစ်၏။ သို့သော် ပြည်သူတို့က အမှုမထား ဆက်လက် သုံးစွဲမြဲ သုံးစွဲ နကြေသည်။ ထို့ကြောင့် အထက် မြန်မာပြည် ငွေတိုက်များတွင် ကြေးနီ ပိုက်ဆံများကို တန်ဖိုး အပြည့်နှင့် လာရောက် လဲလှယ်နိုင်ကြောင်း ၁၈၈၉ ဇွန်လတွင် ထပ်မံ ကြေညာသည်။ ကြေးနီ ပိုက်ဆံများကား မျှော်လင့်သကဲ့သို့ ငွေတိုက်များသို့ ရောက်မလာဘဲ ဆက်လက် အသုံးပြုခွင့် တိုးပေးပါရန် လျှောက်လွှာများသာ ရောက်လာသည်။
မြင်းခြံ၊ မကွေး၊ ပခုက္ကူနှင့် မင်းဘူး အရေးပိုင် တို့ကလည်း ကြေးနီ ပိုက်ဆံများကို တရားဝင် ငွေကြေး အဖြစ်မှ ရုပ်သိမ်းသည့် အမိန့်ကြောင့် ရောင်းရေးဝယ်တာတွင် ပြည်သူတို့ အခက်အခဲ ကြုံနေရပုံများကို တောင်ပိုင်းခရိုင် (၁၈၉၇ ခုနှစ်တွင် မင်းဘူးခရိုင်ဟု ပြောင်းလဲ ခေါ်တွင်သည်) ခရိုင် ဝန်ရှင်တော် မင်းကြီးထံ အစီရင် ခံကြသည်။ ခရိုင် ဝန်ရှင်တော် မင်းကြီးကလည်း မဟာဝန်ရှင်တော် မင်းကြီးထံ အရေးပိုင်တို့၏ အစီရင်ခံစာ မိတ္တူများနှင့် အတူ အခြေအနေကို တင်ပြသည်။ မဟာဝန်ရှင်တော် မင်းကြီးသည် ကြေးပိုက်ဆံများကို တရားဝင်ငွေ အဖြစ် ဆက်လက်ထားရန် လုံးဝ မလိုလား အပ်တော့ဟု ယတိပြတ် ချမှတ်သည်။ ထို့ကြောင့် မြန်မာ့ ကြေးပိုက်ဆံများသည် ၃၀ စက်တင်ဘာ ၁၈၈၉ နေ့တွင် တရားဝင် ငွေကြေး အဖြစ်မှ လုံးဝ ရပ်စဲ သွားသည်။ သို့သော် မင်းဘူး၊ မင်းကင်း၊ ပဲခူး ငွေတိုက်များသို့ ၃၀ စက်တင်ဘာ ၁၈၈၉ နောက်ပိုင်းတွင် ကြေးပိုက်ဆံများ ပေးသွင်းခြင်းကို မလွှဲမရှောင်သာသော အကြောင်းကြောင့်ဟု ဆို၍ အထူး အခွင့်အရေး ပေးခဲ့ရကြောင်းများလည်း တွေ့ရသည်။
ကျပ်သုံး ဒေါင်းဒင်္ဂါး၊ ငွေငါးမူးစေ၊ ငွေမတ်စေ့၊ ငွေမူးစေ့ တို့ကို အထက် မြန်မာပြည်တွင် သီပေါမင်း ပါတော်မူပြီးနောက် ခုနစ်နှစ် နီးပါးခန့် ဆက်လက် သုံးစွဲ နေခဲ့ကြသည်။ ကြေညာချက် အမှတ် ၂၁၊ ရက်စွဲ ၂၂ မေ ၁၈၈၉ အရသော် ယင်း ဒေါင်းဒင်္ဂါးများသည် ၃၁ မတ် ၁၈၉၀ ပြည့်နေ့ကို နောက်ဆုံးထား၍ တရားဝင်ငွေ အဖြစ်မှ ရပ်စဲရမည် ဖြစ်၏။ ထို့ကြောင့် ၁။ မြန်မာ ဒေါင်းဒင်္ဂါးများကို အထက် မြန်မာပြည် အစိုးရ ငွေတိုက်များတွင် အစိုးရ ကိစ္စ ပေးသွင်းငွေများ အဖြစ် ၃၁ မတ် ၁၈၉၀ အထိ ပေးသွင်းနိုင်သည်။ သို့သော် ဗြိတိသျှ အစိုးရငွေနှင့် လုံးဝ လဲလှယ်ပေးမည် မဟုတ်။ ၂။ အောက်မြန်မာပြည် အစိုးရ ငွေတိုက်များတွင်မူ ဒေါင်းဒင်္ဂါးကို အစိုးရ ကိစ္စ ပေးသွင်းငွေ အဖြစ် ၃၁ ဇူလိုင် ၁၈၈၉ အထိသာ လက်ခံမည်ဟု ယတိပြတ် ကြေညာသည်။
ထိုကြေညာချက်ကြောင့် အရောင်းအဝယ် ကိစ္စကြီးများ၊ ဈေးကြီးများတွင် ကုန်သည် ပွဲစားများက ဒေါင်းဒင်္ဂါးကို လက်မခံဘဲ အစိုးရ ငွေဒင်္ဂါးကိုသာ အရ တောင်းကြသဖြင့် အခက်အခဲများနှင့် ရင်ဆိုင် ကြရသည်။ ရန်ကုန်နှင့် မနၩလေး ကုန်သည်ကြီးများက တင်စာ လျှောက်စာများ ပို့ကြသည်။ မြောက်ပိုင်း ရှမ်းပြည် အရေးပိုင် H.Daly ကလည်း ရှမ်းပြည်တွင် ဖြစ်ပျက် ကြုံတွေ့ နေရသည်တို့ကို အစီရင်ခံသည်။ ရှမ်းကုန်သည် ကြီးငယ်တို့ပိုင် ဓန အင်အားတွင် ဒေါင်းဒင်္ဂါး ၅၀ ရာခိုင်နှုန်း ရှိနေကြောင်း၊ သတ်မှတ်ထားသော အချိန်အတွင်း မည်သည့် နည်းနှင့်မျှ မြန်မာ ဒေါင်းဒင်္ဂါးများကို ရုပ်သိမ်းနိုင်မည် မဟုတ်ကြောင်း၊ ကြီးစွာ ဆုံးရှုံး နစ်နာမည်၊ မကျေမနပ် ပြင်းထန်မည်ဟု တင်ပြသည်။
မဟာဝန်ရှင်တော် မင်းကြီးသည် အခြေအနေ အရပ်ရပ်ကို ဆင်ခြင်၍ ဒေါင်းဒင်္ဂါးများကို အစိုးရ ငွေဒင်္ဂါးများ၊ ငွေစက္ကူများနှင့် လဲလှယ်ပေးခြင်းဖြင့် ရုပ်သိမ်းခြင်းသည် အကောင်းဆုံး ဖြစ်မည်ဟု အထက်သို့ တင်ပြသည်။ ဒေါင်းဒင်္ဂါးများကို တရားဝင် အဖြစ်မှ ရုတ်တရက် ရပ်စဲလိုက်လျှင် အထက် မြန်မာပြည်သူ အပေါင်း အလွန်နစ်နာ၍ ဆင်းရဲပင်ပန်း ရှိမည်၊ အရောင်းအဝယ် ရပ်ဆိုင်း နှောင့်နှေး၍ မကျေမနပ် ဆူဆူပွက်ပွက် ဖြစ်နိုင်သည်။ ထို့ကြောင့် ဒေါင်းဒင်္ဂါးများကို အထက် မြန်မာပြည် ငွေတိုက်များသို့ ပေးသွင်းခြင်း၊ အစိုးရငွေနှင့် လဲလှယ်ပေးခြင်းကို ၁၀ စက်တင်ဘာ ၁၈၉၀ အထိ ဆက်လက် ခွင့်ပြုရန် ထောက်ခံ တင်ပြသည်။ သို့သော် ဗြိတိသျှ အိနိ္ဒယ အစိုးရသည် မဟာဝန်ရှင်တော် မင်းကြီး၏ ထောက်ခံ တင်ပြချက်ကို သဘောမကျ၊ လက်ခံရန် အင်တင်တင် ဖြစ်နေသည်။ ထို့ကြောင့် မြန်မာ ဒေါင်းဒင်္ဂါးများ ရုပ်သိမ်းရေး ယခင် ၂၂ မေ ၁၈၈၉ ခု နေ့စွဲပါ ပြန်တမ်းကို ပယ်ဖျက်၍ အထက်မြန်မာပြည် ငွေတိုက်များတွင် ၃၁ မတ် ၁၈၉၀ နေ့အထိ ဆက်လက် ပေးသွင်းနိုင်၊ လဲလှယ် ယူနိုင်သည်ဟုသာ ၁၀ ဇန်နဝါရီ ၁၈၉၀ နေ့တွင် ထုတ်ပြန် ကြေညာ လိုက်သည်။ တဖန် ၃၀ ဇွန် ၁၈၉၀ အထိ ဆက်လက် ခွင့်ပြုကြောင်း မတ်လတွင် ကြေညာပြီးနောက် ဇွန်လတွင်မှ ၃၀ စက်တင်ဘာ ၁၈၉၀ အထိ တရားဝင် အဖြစ် ဆက်လက် ခွင့်ပြုကြောင်း ထပ်မံ ထုတ်ပြန် ကြေညာသည်။
ဒေါင်းဒင်္ဂါးများကား တရားဝင် အဖြစ်မှ ရပ်စဲ မသွားသေးချေ။ ၁၈၉၀ ပြည့်၏ ဘဏ္ဍာရေး နှစ်သည် ၃၁ မတ် ၁၈၉၁ တွင်မှ ကုန်ဆုံးသဖြင့် အစစ အဆင်ပြေစေရန် ဒေါင်းဒင်္ဂါးများ အစိုးရ ကိစ္စ ပေးသွင်းခွင့်၊ အစိုးရငွေနှင့် လဲလှယ်ခွင့်ကို ၃၁ မတ် ၁၈၉၁ အထိ ခွင့်ပြု လိုက်ရပြန်သည်။ သို့ခွင့်ပြုသည့် တိုင်အောင် ပြည်သူတို့ လက်ထဲတွင် ဒေါင်းဒင်္ဂါးများ ရှိနေသေးဟန် တူသည်။ မြို့ကြီးများတွင် ကုန်လောက်ပြီဟု ယူဆရ သော်လည်း ရှမ်းပြည်မြို့ ကျေးရွာများ၊ နယ်စွန်နယ်ဖျား ကျေးရွာများတွင် ရှိနေသေးသည်။ ငွေတိုက် ဝန်ကြီး၏ သဘောတူညီချက်ကို ရယူ၍ မဟာဝန်ရှင်တော် မင်းကြီးသည် ဒေါင်းဒင်္ဂါးများ တရားဝင် ဆက်လက် တည်ရှိရေးကို အစီရင် ခံရပြန်သည်။ ဤအကြိမ်တွင်မူ အိန္ဒိယ အစိုးရ၏ သဘောတူညီချက် အရ ဒေါင်းဒင်္ဂါးများကို အစိုးရ ကိစ္စ ပေးသွင်းရာ၌ လည်းကောင်း၊ အစိုးရငွေနှင့် လဲလှယ် ယူရာ၌ လည်းကောင်း တကျပ်လျှင် တပဲလျော့နှင့် ၃၁ မတ် ၁၈၉၂ အထိ တနှစ်တိတိ ဆက်လက် ခွင့်ပြုရန် ကြေညာချက် ထုတ်ပြန်လိုက်သည်။ ၃၁ မတ် ၁၈၉၂ နောက်ပိုင်းတွင် မြန်မာ ဒေါင်းဒင်္ဂါးများကို မည်သည့် နည်းနှင့်မျှ လက်ခံတော့မည် မဟုတ်ကြောင်း၊ တရား ဝင်ငွေကြေး အဖြစ်မှ လုံးဝ ရပ်စဲရမည် ဖြစ်ကြောင်း ၁၁ မတ် ၁၈၉၂ နေ့တွင် ယတိပြတ် နောက်ဆုံး ကြေညာချက် ထွက်သည်။
မြန်မာ ဒေါင်းဒင်္ဂါးများ မည်မျှ ရုပ်သိမ်း ရရှိကြောင်း အစိုးရ မှတ်တမ်းများတွင် ပြည့်ပြည်စုံစုံ မှတ်တမ်း တင်ထားခြင်း မတွေ့ရချေ။ သီပေါမင်း ပါတော်မူချိန်က ဒေါင်းဒင်္ဂါးပေါင်း ကျပ် ၂၈,၇၅၅,၆၂၅ ဖိုး ရှိနေသည်ဟု ခန့်မှန်းသည်။ ဖျက်ဆီးခြင်း၊ ပျောက်ကွယ် သွားခြင်းတို့ ရှိနိုင်သကဲ့သို့ ခုံမင် တွယ်တာစိတ်ဖြင့် သိုမှီး သိမ်းဆည်းထားခြင်းများ၊ ကျေးလက် တောရွာများတွင် အဆင်တန်ဆာ အဖြစ် ကလေးငယ်များ ဝတ်ဆင် ထားသည်များလည်း ရှိနိုင်သည်။ မည်သည့် နည်းနှင့်မျှ ဒေါင်းဒင်္ဂါး အားလုံးကို ရုပ်သိမ်း ရရှိမည် မဟုတ်ဟု မဟာဝန်ရှင်တော် မင်းကြီးက ယုံကြည်သည်။ ထို့ကြောင့် ရှိရင်း၏ ထက်ဝက်ခန့်ကိုသာ ရုပ်သိမ်း ရရှိမည်ဟု ခန့်မှန်းသည်။ အောက်မြန်မာပြည် အစိုးရ ငွေတိုက်များတွင် ၁၈၈၉ ခု ဇွန်၊ ဇူလိုင်လတို့တွင် အစိုးရ ကိစ္စ ပေးသွင်းငွေနှင့် အစိုးရငွေနှင့် လဲလှယ်ယူသည့် ဒေါင်းဒင်္ဂါးပေါင်း ၄၉၅,၃၅၀ ဖိုးရှိသည်။ အထက် မြန်မာပြည်တွင် ပါတော်မူချိန်မှ ၃၁ ဩဂုတ်လ ၁၈၈၉ အထိ ကာလအတွင်း တလလျှင် နှစ်သိန်းခန့်နှုန်းနှင့် ဒေါင်းဒင်္ဂါးပေါင်း ကျပ် ၆,၈၅၇,ဝဝဝ ဖိုး အဝင် ရှိသည်။ ငွေတိုက် ဝန်ကြီး၏ ၂၇ စက်တင်ဘာ ၁၈၈၉ အစီရင်ခံစာ အရသော် ကျပ်သုံး ဒင်္ဂါး ၁၀ သန်းနှင့် ငါးမူးစေ့၊ မတ်စေ့၊ မူးစေ့ အွေကြများ တသိန်းဖိုးခန့် ၁ ဧပြီ ၁၈၉၀ တွင် သိမ်းဆည်း ရရှိပြီး ရှိသည်။ ထိုသို့ဖြစ်လျှင် ကျပ်သုံး ဒင်္ဂါး ၁၆,၄၀၆,ဝဝဝ နှင့် အွေကြစေ့ ကျပ် ၂,၂၅၀,ဝဝဝ ဖိုး စာရင်း မကျဘဲ ကျန်ရှိ နေသေးသည်။ သို့သော် ၁၈၉၁ - ၉၂ အတွင်း ဝင်လာသည့် ဒေါင်းဒင်္ဂါးမှာ မပြောပလောက် မျှသာ ရှိသည်ဟု ဆိုသည်။ ထို့ကြောင့် မြန်မာ ဒေါင်းဒင်္ဂါးတို့သည် ၁၈၉၂ ခုမတ်လ ၃၁ ရက်နေ့တွင် တရားဝင် ငွေအဖြစ်မှ အပြီးတိုင် ရပ်စဲ သွားလေသည်။
အချုပ် ဆိုရသော် မြန်မာ ဒေါင်းဒင်္ဂါးတို့ကို မင်းတုန်းမင်း လက်ထက် ၁၈၆၅ ခုတွင် ရတနာပုံ ဒင်္ဂါး စက်ရုံမှ စတင် ခတ်လုပ် ထုတ်ဝေ ခဲ့သည်။ ၁၈၆၅ မှ ၁၈၈၅ အထိ အနှစ် ၂၀ အတွင်း ကျပ် ၂၈,၇၅၅,၆၂၅ ဖိုး ထုတ်ခဲ့သည်ဟု ခန့်မှန်းသည်။ ဗြိတိသျှတို့ သိမ်းပိုက် ပြီးစတွင် ဒေါင်းဒင်္ဂါးများသည် ဗြိတိသျှ အစိုးရငွေနှင့် တန်းတူ ရည်တူ တရားဝင် လည်ပတ် လဲလှယ် သုံးစွဲခွင့် ရသည်။ ကြေးပိုက်ဆံများသည် ၃၀ စက်တင်ဘာ ၁၈၈၉ နေ့မှ စ၍ တရားဝင်ငွေ အဖြစ်မှ ရပ်စဲ ခံရသည်။ ငွေဒင်္ဂါးများသည် အထက် မြန်မာပြည်တွင် ၃၁ မတ် ၁၈၉၁ အထိ ဗြိတိသျှ အစိုးရငွေနှင့် တန်ဖိုးတူ တရားဝင်ငွေ အဖြစ် ရပ်တည်ခွင့် ရသည်။ ထို့နောက် ၃၁ မတ် ၁၈၉၂ အထိ တကျပ်လျှင် တပဲ အလျော့နှင့် တနှစ်တိတိ ဆက်လက် တရားဝင် ဖြစ်နေသေးသည်။ ၁၈၉၂ မတ်လ ၃၁ ရက်နေ့တွင်မူ တရားဝင်ငွေ အဖြစ်မှ အပြီးတိုင် ဖျက်သိမ်း ခံရသည်။ ဒေါင်းဒင်္ဂါးများ၏ အလေးချိန်နှင့် ငွေရည် စံနှုန်းသည် ဗြိတိသျှ အစိုးရ ငွေအောက် ၁,ဝဝဝ လျှင် ၁၂ ကျပ်၊ သို့မဟုတ် ၁.၂ ရာခိုင်နှုန်း လျော့သည်၊ ညံ့သည်။ ထို့ကြောင့် ဗြိတိသျှ အစိုးရသည် ဒေါင်းဒင်္ဂါးများကို ရုပ်သိမ်းရာ၌ တသိန်းလျှင် ကျပ် ၂,၂၀၀၊ တစ်နည်း ၂.၂ ရာခိုင်နှုန်း ရှုံးသည်။ နစ်နာသည်ဟု အစီရင်ခံစာများက ဖော်ပြထားသည်။
မည်သို့ပင် ဆိုစေ ရတနာပုံခေတ်တွင် ဒင်္ဂါးစက်ရုံ တည်ထောင်၍ ဒေါင်းဒင်္ဂါးများ ခတ်လုပ် ထုတ်ဝခြေင်းသည် နိုင်ငံတော် ခေတ်မီ တိုးတက်ရေးကို ရှေးရှု လုပ်ဆောင်သော လုပ်ငန်းများ အနက် အရေးပါသော လုပ်ဆောင်ချက် တရပ် ဖြစ်၏။ အစဉ်အလာ ငွေတုံး ငွေခဲ ဆယ်လီမူး အသပြာ စနစ်ကို စွန့်လွှတ်ရုံ သာမက ဗြိတိသျှ မြန်မာပြည်သုံး ငွေကြေး စနစ်နှင့် ကိုက်ညီအောင် ရှစ်မူး တကျပ်၊ ၁၆ ပဲ တကျပ်သို့ ပြောင်းလဲခြင်းဖြင့် ကူးသန်း ရောင်းဝယ်ရေးတွင် အဆင်ပြေစေ တိုးတက် စေခဲ့သည်ဟု မှတ်တမ်း တင်ရမည် ဖြစ်သည်။
[နိုင်ငံသမိုင်း သုတေသန စာစောင် (၃)၊ ၁၉၇၉ တွင်ပါသော The Peacock Coins ကို မြန်မာပြန်ဆို ဖော်ပြပါသည်။]
အခြားကြည့်ရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်