ရန်ကုန်မင်္ဂလာစျေးမီးလောင်မှုကြီး

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ မင်္ဂလာဈေးတွင်၂၀၁၀ခုနှစ်၊ မေလ(၂၄)ရက်၊ နံနက် ၈ နာရီ၊ ၁၅မိနစ်ဝန်းကျင်ခန့်မှစ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ မင်္ဂလာဈေး၏ စတုတ္ထထပ်တွင် မီးလောင်မှု ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းနှင့် မင်္ဂလာဈေး၏ ဈေးဖွင့်ချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ပြီး အဆိုပါဈေးသည် မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင်ဈေးဖြစ်သည်။ အဆိုပါမီးလောင်မှုကြောင့် ရန်ကုန်တိုင်းအတွင်းရှိ သက်ဆိုင်ရာ မီးသတ်ဌာနအသီးသီးမှ မီးသတ်ယာဉ်များ စုစုပေါင်း (၇၀) ကျော်နှင့် မီးသတ်သမားစုစုပေါင်း (၁၅၀၀)ကျော်တို့ လာရောက်မီးငြှိမ်းသတ်ခဲ့ကြသည်။ အဆိုပါ မီးလောင်မှုမှာ မင်္ဂလာဈေး စတုတ္ထထပ်ဆိုင်အမှတ်မှ ဝါယာရှော့ခ်ဖြစ်ပြီး စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ နံနက် ၉ နာရီခွဲအချိန် ဝန်းကျင်ခန့် တွင် မင်္ဂလာဈေးစတုတ္ထထပ် ခေါင်မိုးပေါ်တွင် ပိတ်မိခဲ့သော လူ ၁၁ ဦးအား သက်ဆိုင်ရာမီးသတ် တပ်ဖွဲ့မှ အသက်ကယ်လှေကားဖြင့် ကယ်တင်နိုင်ခဲ့သည်။ အဆိုပါ မင်္ဂလာဈေးကို ၁၉၉၇ ခုနှစ်ဝန်းကျင်က စတင်ဖွင့်လှစ်ခဲ့ပြီး မီးလောင်ကျွမ်းလျက်ရှိသည့် စတုတ္ထထပ်၌ အခန်းပေါင်း ၇၉၀ ကျော်နှင့် မင်္ဂလာဈေးတစ်ခုလုံး၌ ဆိုင်ခန်းစုစု ပေါင်း ၄၀၀၀ ဝန်းကျင်ရှိကြောင်း သိရှိရသည်။ မေလ ၂၅ ရက်နေ့ နံနက် ၄ နာရီခွဲဝန်းကျင်၌ မီးညွန့်အား ထိန်းသိမ်းနိုင်ခဲ့သည်။ မေလ ၂၅ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်အချိန်၌ မီးငြိမ်းသွားခဲ့သည်။ မင်္ဂလာဈေး မီးလောင်မှုတွင် မီးစတင် လောင်ကျွမ်းခဲ့သည့် ဆိုင်ခန်းပိုင်ရှင်နှင့် အလုပ်သမားနှစ်ဦး တို့အား မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှ ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။ ယင်းမီးလောင်မှု ဖြစ်စဉ်အပေါ် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှ နှစ်ဖက် သက်သေခံချက်များ ရယူပြီး စက်တင်ဘာလ ၇ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး ပြစ်မှုကြီး အမှတ်-၄၇၅/၂၀၁၀ အမှုမှ (၁) ဆိုင်ခန်းပိုင်ရှင် ဦး ----အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အလုပ်နှင့်ထောင်ဒဏ် ခြောက်လ ကျခံစေရန်၊ (၂) ဆိုင်ခန်းမှ အလုပ်သမား မ---နှင့် (၃) မ---တို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၇ အရ အလုပ်နှင့် ထောင်ဒဏ်သုံးနှစ်စီ ကျခံစေရန် စီရင်ချက်များ ချ မှတ်ခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် အချိန် အကြာဆုံး မီးလောင်သည့် စာရင်းဝင်သွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ခန့်မှန်း ကျပ်သန်းပေါင်း ၂၀၉၂၆ သန်း ဖြစ်သည်ဟု သိရှိရသည်။ မင်္ဂလာဈေး မီးလောင်ခဲ့ရသည့် အကြောင်းရင်းမှာ ဈေးစတုတ္ထထပ်ရှိ အလှကုန် ရောင်းချသော ဆိုင်ခန်း အမှတ်(စ-၈၀/၈၁)တွင် မေလ ၂၃ ရက်နေ့ ညနေပိုင်း ဈေးပိတ်ချိန်၌ လျှပ်စစ်ရေနွေးအိုးအား ပလပ်ပေါက်ထိုး၍ ရေနွေးအိုး ကျိုထားခဲ့ကြောင်း၊ ဈေးပိတ်ချိန်တွင် ဈေးကော်မတီမှ လျှပ်စစ်မီးများ ဖြတ်တောက်ခဲ့ရာတွင် ကျိုထားသော လျှပ်စစ်ရေနွေးအိုးအား ပလပ်ပေါက် မဖြုတ်ခဲ့ကြောင်း၊ မေလ ၂၄ ရက်နေ့ ဈေးဖွင့်ချိန် ဈေးကော်မတီမှ လျှပ်စစ်မီး ပြန်ပေးချိန်တွင် ကျိုထားသော လျှပ်စစ်ရေနွေး အိုးမှ ရေခန်း၍ အပူလွန်ကဲပြီး အနီးရှိ အလှကုန် ပစ္စည်းများကို မီးကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးချက်များ အရ သိရှိရသည်။
[၁]

ကိုးကား ပြင်ဆင်ရန်

  1. Weekly Eleven Journalcontent&view=article&id=5217:2010-10-03-18-54-12&catid=43:2009-11-10-07-39-09&Itemid=111