ဒပ်ချလူမျိုးနာမည်ကျော် ပန်းချီဆရာ ရမ်းဗရန့်(ခရစ် ၁၆ဝ၆-၁၆၆၉)သည် ၁၆ဝ၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဟော်လန်နိုင်ငံ လေဒင်မြို့၌ ဖွားမြင်သည်။ ဖခင်မှာ စက်ပိုင်ရှင် တစ်ဦးဖြစ်၏။ မိဖများက ရမ်းဗရန့်ကို ဦးစွာ လက်တင်စာသင်ကျောင်းသို့ ပို့ပြီးနောက် လေဒင်တက္ကသိုလ်၌ ပညာဆက်လက် သင်ကြား စေသည်။ သို့ရာတွင် သူသည် စာပေဘက်၌ စိတ်မဝင်စားချေ။ ပန်းချီဖက်၌သာ စိတ်ထက်သန်သဖြင့် အီတလီပြန် ပန်းချီဆရာ တစ်ဦးထံတွင် သုံးနှစ်မျှ တပည့်ခံ သင်ကြားစေသည်။ ထို နောက် အမ္မစတာဒမ်မြို့တွင် ပီတာလာ့စမန်ဆိုသူထံ၌ ပန်းချီ ပညာကို ခြောက်လခန့် ဆက်လက်လေ့လာသည်။ ၁၆၂၆ ခုနှစ် တွင် လေဒင်မြို့သို့ ပြန်လာပြီးလျှင် ငါးနှစ်မျှ ပန်းချီရေးဆွဲ လျက် နေထိုင်လေသည်။ ထိုအတောအတွင်း ပန်းချီပညာနှင့် အက်ချင်းခေါ် စားဆေးဖြင့် ပုံဆွဲခြင်းအတတ်ကို လေ့လာသည်။ ရမ်းဗရန့်သည် မိမိအိမ်သူ အိမ်သားနှင့် နေ့စဉ်တွေ့မြင်ရသော ပုဂ္ဂိုလ်များကို ပုံစံပြု၍ ပုံတူများ ရေးဆွဲလေ့ ရှိ၏။ သူ၏ ပုံတူကား ပေါင်း ၅ဝ ကျော်မျှတွင် ရေးဆွဲနည်း စံနစ်အမျိုးမျိုး ပြောင်း၍ သရုပ်ဖော်ထားသည်ကို တွေ့ရသည်။

၁၆၃၁ ခုနှစ်သို့ ရောက်သော် ရမ်းဗရန့်၏ သတင်းမှာ ကျော်ကြားလာပြီ ဖြစ်၍ အမ္မစတာဒမ်မြို့သို့ ပြောင်းရွေ့ အခြေစိုက် နေထိုင်လေသည်။ ၁၆၃၄ ခုနှစ်တွင် ရုပ်ရည်လှပသော ဆတ်စကီယာဆိုသူ အမျိုးသမီးနှင့် လက်ထပ်သည်။ သမီးသုံးယောက်နှင့် သားတစ်ယောက် ထွန်းကားခဲ့သော်လည်း သမီး များမှာ ကလေးအရွယ်ကပင် ပျက်စီးကုန်၏။ ထိုအချိန်တွင် ရမ်းဗရန့်သည် မိမိ၏ဇနီးကို ပုံစံပြုလျက် ပုံတူကားများစွာ ရေးဆွဲခဲ့သည်။ နာမည်လည်း ထင်ရှားလာ၍ ပစ္စည်းဥစ္စာလည်း ကြွယ်ဝချမ်းသာလာလေသည်။

၁၆၄၂ ခုနှစ်တွင် ဇနီးသည် ကွယ်လွန်သည်။ ထိုနောက် နှစ်သုံးဆယ် စစ်ပွဲကြောင့် ဥရောပတိုက် မြောက်ပိုင်းတွင် စီးပွားရေးကပ်ဆိုက်လာရာ ရမ်းဗရန့်သည် မိမိ၏ ပန်းချီကား များကို လေလံတင်၍ လျှော့ဈေးဖြင့် ရောင်းရသည်အထိ အခြေ ဆိုးလာခဲ့လေသည်။ နောက်ဆုံး၌ လူမွဲတစ်ယောက်အဖြစ်ဖြင့် ၁၆၆၉ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ကွယ်လွန် လေသည်။

ရမ်းဗရန့်၏ ပန်းချီကားများသည် အလင်းအမှောင်ပေးပုံ သိမ်မွေ့ခြင်း၊ ဆေးရောင်သုံးပုံ နူးညံ့ခြင်း၊ ဆေးသားချောညက်ခြင်းတို့ဖြင့် ပြည့်စုံ၏။ ပန်ချီကားပေါင်း ၇ဝဝ ခန့် ရေးဆွဲခဲ့ သည်အနက် ၅ဝဝ မျှ ကျန်ရှိသေးသည်။ ယခုအခါ အမ္မစတာဒမ်မြို့ တော်ဝင်ပြတိုက်၌ရှိသော ညဉ့်စောင့်များအမည်ရှိ ပန်းချီကားမှာ ရမ်းဗရန့်၏ ထင်ရှားသည့် လက်ရာတစ်ခု ဖြစ်ပေသည်။ ထိုပန်းချီကားကို ၁၆၄၂ ခုနှစ်တွင် ရေးဆွဲခဲ့သည်။ ရမ်းဗရန့်သည် သက်ရှိအရွယ် လူပေါင်း ၂၉ ဦးပုံတွင် အလင်းအမှောင် ဆေးရောင်ဆေးသား စသည်တို့ကို ကျွမ်းကျင်စွာ ဆက်စပ်ရေးဆွဲထားသဖြင့် အသက်ဝင်လျက် ရှိပေသည်။ ပန်းချီ ကားအလယ်လောက်တွင် အဝါရောင်ဝတ်ဆင်သော မိန်းကလေး တစ်ယောက်ပုံကို ထည့်ခြင်းအားဖြင့် ပတ်ဝန်းကျင် အမှောင်ထု ကို ပြေအောင် ဖြေပေးထားလေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)