ရာဇဝတ်မှုဆိုသည်မှာ နိုင်ငံတစ်ခုခုတွင် ပြဋ္ဌာန်းထားသော တရားဥပဒေနှင့် ဆန့်ကျင်သော အမူကို ကျူးလွန်ခြင်းဖြစ်၍၊ ထိုကဲ့သို့ ကျူးလွန်သူသည် တရားဥပဒေအရ အပြစ်ဒဏ်စီရင် ခြင်းကို ခံရသည်။ အိမ်ကို ဖောက်ထွင်း၍ ပစ္စည်းခိုးယူခြင်း၊ တစ်စုံတစ်ယောက်ထံမှ ပစ္စည်းကို လုယူခြင်း၊ လက်မှတ်လိမ် ဖြင့် ငွေထုတ်ယူခြင်း၊ သူတစ်ပါးပိုင် ငွေကို အလွဲသုံးစား ပြုခြင်း၊ လူကိုဖြစ်စေ၊ တိရစ္ဆာန်ကို ဖြစ်စေ ညှဉ်းဆဲခြင်း အစ ရှိသော ကျူးလွန်မှုတို့သည် ရာဇဝတ်မှုများ ဖြစ်ကြသည်။ လူသတ်မှု၊ နိုင်ငံကို သစ္စာဖောက်မှု စသည်တို့သည် အလွန်ကြီး လေးသော ရာဇဝတ်မှုများ ဖြစ်ကြသည်။ ထိုကဲ့သို့ ကြီးလေး သော ရာဇဝတ်မှုမျိုးကို သေဒဏ်စီရင်နိုင်သည်။ သို့ရာတွင် နိုင်ငံတစ်ခု၌ ရာဇဝတ်မှုဟူ၍ ယူဆသော အမှုတစ်စုံတစ်ခုသည် အခြား နိုင်ငံတစ်ခုတွင် ရာဇဝတ်မှု ဖြစ်ကောင်းမှ ဖြစ်မည်။ ထိုနည်းတူ နိုင်ငံတစ်ခုတွင် ထောင်ဒဏ် အပြစ်ပေးနိုင်သော ရာဇဝတ်မှုဟူ၍ ယူဆသော အမှုတစ်စုံတစ်ခုသည် အခြားနိုင်ငံ တစ်ခုတွင် သေဒဏ်အထိ အပြစ်ပေးနိုင်သော ပြစ်မှု ဖြစ်နိုင် လေသည်။

ရာဇဝတ်မှုများကို ဥပဒေဖြင့် ထိန်းချုပ်သည်။

တစ်နည်းအားဖြင့်ဆိုရသော် တစ်စုံတစ်ယောက်သောသူ သည် အကျိုးတူ လူစုအတွက် အန္တရာယ်ဖြစ်စေမည့် ကျူးလွန်မှု သည် ရာဇဝတ်မှုပင် ဖြစ်သည်။ လူအချင်းချင်းနှင့်သာဆိုင်သော အမှုကိုမူ တရားမမှုဟု ခေါ်သည်။ ပမာအားဖြင့် ကြွေးမြီကိစ္စ၊ အမွေကိစ္စတို့သည် တရားမမှုများဖြစ်၍ တရားရုံးအနေဖြင့် နှစ်ဦးနှစ်ဘက်ကြားတွင် တရားဥပဒေအရ ဖြေရှင်းပေးခြင်း ဖြစ်လေသည်။

အလွန် ရှေးကျသော ခေတ်က ရာဇဝတ်မှုအားလုံးတို့သည် သက်ဆိုင်သူအချင်းချင်းနှင့်သာဆိုင်သော ကိစ္စဟူ၍ ယူဆခဲ့ကြ သည်။ ထိုယူဆချက်အရ လူသတ်မှုကိုပင်လျှင် လူသတ်သမား နှင့် အသတ်ခံရသူဘက်မှ ဆွေမျိုးသားချင်းတို့၏ သီးသန့်ကိစ္စ တစ်ရပ်ဟု အမှတ်ပြုခဲ့သည်။ အသတ်ခံရသူဘက်မှ ဆွေမျိုး သားချင်းတို့သည် မိမိတို့ သဘောအလျောက် လက်စားချေ လိုက လက်စားချေနိုင်သည်။ လျော်ကြေးလက်ခံ၍ ကျေအေး လိုကလည်း ကျေအေးနိုင်သည်။ ထို့နောက် ရာဇဝတ်မှု ဆို သည်မှာ လူ့လောကကို ထိခိုက်စေသော ပြစ်မှုဟူ၍ ယူဆလာ ကြသဖြင့် ရာဇဝတ်မှုဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းခဲ့ကြလေ သည်။ သို့သော်လည်း ရာဇဝတ်မှု ဥပဒေကို ကျူးလွန်သူအား အပြစ်ဒဏ်ပေးရာ၌ လက်စားချေသည်သဘော ပါလျက်ပင် ရှိသေးသည်။ ထို့နောက်တွင်ကား အခြားသူတို့သည် ထိုပြစ်မှု မျိုးကို မကျူးလွန်စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ရာဇဝတ်မှု ကျူးလွန် သူတို့အား ထိုက်သင့်သော အပြစ်ဒဏ်ကို စီရင်ခဲ့ကြ လေသည်။

ယခုအခါ၌မူကား ရာဇဝတ်မှု ကျူးလွန်သူကို အပြစ်ဒဏ် ပေးခြင်း၏ ရည်ရွယ်ချက်မှာ ပြောင်းလဲလာပြီ ဖြစ်သည်။ ထိုကြောင့် ယခုအခါ ရာဇဝတ်မှု ကျူးလွန်သူတစ်ယောက်ကို အပြစ်ဒဏ် စီရင်ရာ၌ ထိုသူသည် နောင်တွင် ထိုပြစ်မှုမျိုးကို မကျူးလွန်စေရန် ပြုပြင်ပေးသည့်ရည်ရွယ်ချက် ထားရှိလာကြ လေသည်။ သို့ဖြစ်၍ ရာဇဝတ်မှုများကို လေ့လာသူတို့က ရာဇဝတ်မှု ကျူးလွန်သူတို့သည် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့သော ပြစ်မှုကို ကျူးလွန်ရကြောင်းကို›င်း၊ နောက် ထပ်ပြစ်မှု မကျူးလွန်စေရန် ထိုသူအား ပြုပြင်ပေးနိုင်မည့် နည်း လမ်းကို›င်း စူးစမ်းရှာဖွေကြလေသည်။ ဤသို့အားဖြင့် ရာဇဝတ်မှု ကျူးလွန်သူတစ်ဦးအား လူကောင်းတစ်ယောက် ဖြစ်လာအောင် ယိုင်းပင်းကူညီကြရလေသည်။ ဆင်းရဲခြင်း၊ နေထိုင်ရာရပ်ကွက် မကောင်းခြင်း၊ ပညာချို့ငဲ့ခြင်းတို့သည် ရာဇဝတ်မှုကို ကျူးလွန်စေသည့် အခြေခံအကြောင်းများပင် ဖြစ် ကြလေသည်။

ရာဇဝတ်မှုကို အကြီး၊ အသေးဟူ၍ ယူဆပုံနှင့် ထို ရာဇဝတ်မှုအတွက် သေဒဏ်ပေးပုံတို့မှာ ခေတ်ကို၎င်း၊ ဒေါသ ကို၎င်း လိုက်၍ ကွဲပြားခြားနားသည်။ ရှေးအခါက ခိုးမှု အတွက် သေဒဏ်ကိုပင် စီရင်လေ့ရှိခဲ့ကြသည်။ ယခုအခါ ၌မူကား တရားရုံးတော်က ရာဇဝတ်ပြစ်မှု တစ်ခုခုအတွက် အပြစ်ဒဏ်စီရင်ရာ၌ အမှုသွား အမှုလာကို၎င်း၊ ပြစ်မှုကျူးလွန် သူ၏ အခြေအနေ စသည်တို့ကို၎င်း ထည့်သွင်း စဉ်းစားကြ လေသည်။ ထို့ကြောင့် မိမိကိုယ်ကို ကာကွယ်ရာတွင် မတော် တဆ လက်လွန်၍ တစ်ဖက်သား သေဆုံးရကြောင်းကို အခိုင် အလုံ တင်ပြနိုင်ပါက လူသတ်မှုမဖြစ်ဘဲ၊ လူသေမှု ဖြစ်လေ သည်။ စိတ်မနှံ့သူ၊ သို့မဟုတ် အရက်မူးနေသူတို့ ရာဇဝတ်မှု တစ်စုံတစ်ခုကို ကျူးလွန်ခဲ့လျှင် တရားရုံးတော်က စီရင်ရာ၌ စိတ်မနှံ့ခြင်း၊ အရက်မူးနေခြင်းတို့ကိုလည်း ထည့်သွင်းစဉ်းစား ရလေသည်။

လူသတ်မှု၊ နိုင်ငံကို သစ္စာဖောက်မှုတို့သည် အလွန်ကြီး လေးသော ရာဇဝတ်မှုများ ဖြစ်သောကြောင့် များသောအားဖြင့် သေဒဏ် စီရင်ကြသည်။ အခြားရာဇဝတ်မှုများအတွက် ထောင် ဒဏ်၊ ငွေဒဏ်၊ ကြိမ်ဒဏ် စသည်တို့ကို ပြဋ္ဌာန်းထားသော တရားဥပဒေအရ စီရင်ဆုံးဖြတ်ကြလေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)