ရာဇသိက္ခာပုဒ် သည် မြတ်စွာဘုရာ၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[၁]

သမိုင်းပြင်ဆင်

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ အသျှင်ဥပနန္ဒ၏ အလုပ်အကျွေးအမတ်ကြီးသည် တမန်ဖြင့် “သင်္ကန်းကို ဝယ်၍ အသျှင်ဥပနန္ဒအား သင်္ကန်းဖြင့် ဖုံးလွှမ်းလော့” ဟု သင်္ကန်းဖိုးကို ပို့လွှတ်စေ၏။ တမန်သည် သင်္ကန်းဖိုး အပို့လွှတ်သည်ကို အသျှင်ဥပနန္ဒအား ပြော၏။ ထိုအခါ အသျှင်ဥပနန္ဒသည် “ငါတို့သည် သင်္ကန်းဖိုးကို မခံယူကြ၊ အပ်စပ်သော သင်္ကန်းကိုသာ ခံယူကြ၏” ဟု ပြော၏။

ထိုအခါ တမန်သည် အသျှင်ဥပနန္ဒအား “တစ်ဦးတစ်ယောက်သော အမှုကြီးငယ်ပြုသူကို ညွှန်းပါလော့” ဟု ဆို၏။ ထိုအချိန်တွင် ဥပါသကာတစ်ယောက်သည် အရံသို့ ပြုဖွယ်ကိစ္စဖြင့် သွား၏။ အသျှင်ဥပနန္ဒသည် ထိုဥပါသကာကို မိမိ၏ အမှုကြီးငယ် ပြုသူဖြစ်ကြောင်း ပြော၏။။ ထိုအခါ တမန်သည် “အသျှင်သည် သင့်လျော်သောအခါ ထိုဥပါသကာသို့ ချဉ်းကပ်ပါ၊ သင်္ကန်းဖြင့် ဖုံးလွှမ်းပါလိမ့်မည်” ဟု ဆို၏။

ထို့နောက်တွင် အမတ်ကြီးသည် အသျှင်ဥပနန္ဒထံသို့ တမန်လွှတ်၍ “သင်္ကန်းကို သုံးဆောင်တော်မူပါ၊ တပည့်တော်တို့သည် အသျှင်ဘုရား သင်္ကန်းသုံးဆောင်သည်ကို အလိုရှိကြသည်” ဟု ဆို၏။ ထိုအခါ၌ အသျှင်ဥပနန္ဒသည် ထိုဥပါသကာကို တစ်စုံတစ်ခုမျှ မပြောဘဲ နေ၏။ အမတ်ကြီးသည် ဤနည်းဖြင့် သင်္ကန်းသုံးဆောင်သည်ကို အလိုရှိကြောင်း သုံးကြိမ်တိုင် ပြော၏။

ထိုအချိန်တွင်မှ ဥပနန္ဒသည် ဥပါသကာထံသို့ ချဉ်းကပ်၍ “သင်္ကန်းအလိုရှိကြောင်း” ပြော၏။ ထိုအချိန်တွင် နိဂုံးသားတို့ စုဝေးချိန် ဖြစ်၏။ နောက်မှ လာရောက်သူအား ငါးဆယ် (ဒဏ်) တပ်မည်” ဟု ကတိကဝတ်ပြုထား၏။ သို့ဖြစ်၍ ဥပါသကာသည် တစ်ရက်မျှ ဆိုင်းငံတော်မူပါရန် ပြော၏။ ထိုအခါ အသျှင်ဥပနန္ဒသည် ဥပါသကာ၏ အောက်ပိုးကြိုက်သော ပုဆိုးကို ဆွဲကာ “ယနေ့ပင် ငါ့ကို သင်္ကန်းပေးလော့” ဟု ဆို၏။ ထိုသို့ အတင်းအကြပ်ပြောသဖြင့် ဥပါသကာသည် သင်္ကန်းဝယ်ကာ နောက်မှ သွားရလေ၏။ ထို့ကြောင့် နောက်ကျကာ ဒဏ် (၅၀) ပေးရ၏။ ထို့နောက် အခြားသူတို့သည် အဘယ်ကြောင့်နောက်ကျရသည်ကို မေးမြန်းသဖြင့် ဖြစ်ကြောင်းကုန်စင် ပြောပြ၏။ ထိုအခါ လူတို့သည် ကဲ့ရဲ့ကြကုန်၏။ ထိုအကြောင်းသည် ရဟန်းတို့ထံသို့ ရောက်သွား၏။ အလိုနည်းသော ရဟန်းတို့သည် ကဲရဲ့ကြကုန်၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထား၏။ မြတ်စွာဘုရားသည် အသျှင်ဥပနန္ဒအား “သင်သည် တစ်ရက်မျှ ဆိုင်းငံ့တော်မူပါဟု ဆိုလျက် မဆိုင်းငံဟု ဆိုသည်မှာ မှန်ပါသလား” ဟု မေး၏။ အသျှင်ဥပနန္ဒလည်း “ဟုတ်မှန်ကြောင်း “ ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]

သိက္ခာပုဒ်ပြင်ဆင်

“ရဟန်းကိုသာလျှင် ရည်ညွှန်း၍ မင်းသော်လည်းကောင်း မင်းခစားသော်လည်းကောင်း၊ ပုဏ္ဏားသော်လည်းကောင်း၊ အိမ်ရှင်သော်လည်းကောင်း ‘ဤသင်္ကန်းဖိုးဖြင့် သင်္ကန်းကို ဝယ်၍ ဤမည်သော ရဟန်းကို သင်္ကန်းဖြင့် ဖုံးလွှမ်းပါလော့’ ဟု တမန်ဖြင့် သင်္ကန်းဖိုးကို ပို့စေငြားအံ့၊ အကယ်၍ ထိုတမန်သည် ထိုရဟန်းသို့ ချဉ်းကပ်၍ ‘အသျှင်ဘုရား အသျှင့်ကို ရည်ညွှန်း၍ ဤသင်္ကန်းဖိုးကို ဆောင်လာအပ်သည်၊ အသျှင်သည် သင်္ကန်းဖိုးကို ခံယူတော်မူပါလော့’ ဟု ဆိုငြားအံ့၊ ထိုရဟန်းသည် ထိုတမန်ကို ‘ဒါယကာ ငါတို့သည် သင်္ကန်းဖိုးကို မခံယူကြ၊ ငါတို့သည် သင့်လျော်သောအခါ၌ အပ်စပ်သော သင်္ကန်းကိုသာ ခံယူကုန်၏’ ဆိုရာ၏။ အကယ်၍ ထိုတမန်သည် ထိုရဟန်းကို ‘အသျှင့်အား အမှုကြီးငယ်ကို ပြုသူ တစ်ဦးတစ်ယောက်ရှိပါသလော’ ဟု မေးငြားအံ့၊ ရဟန်းတို့ သင်္ကန်းကို အလိုရှိသော ရဟန်းသည် အရံစောင့်ကိုသော်လည်းကောင်း၊ ဥပါသကာကိုသော်လည်းကောင်း ‘ဒါယကာ ဤသူသည် ရဟန်းတို့၏ အမှုကြီးငယ်ကို ပြုသူတည်း’ဟု အမှုကြီးငယ် ပြုသူကို ညွှန်းရမည်၊ အကယ်၍ ထိုတမန်သည် ထိုအမှုကြီးငယ်ပြုသူကို သိစေပြီးလျှင် ထိုရဟန်းသို့ ချဉ်းကပ်၍ ‘အသျှင်ဘုရား အသျှင်သည် ညွှန်းအပ်သော အမှုကြီးငယ် ပြုသူကို အကျွန်ုပ်သည် သိစေအပ်ပြီးပါပြီ၊ အသျှင်သည် သင့်လျော်သော အခါ၌ ချဉ်းကပ်တော်မူလော့၊ အသျှင့်ကို သင်္ကန်းဖြင့် ဖုံးလွှန်း ‘လှူ’ ပါလိမ့်မည်’ ဟု ဆိုငြားအံ့၊ ရဟန်းတို့ သင်္ကန်းကို အလိုရှိသော ရဟန်းသည် အမှုကြီးငယ်ပြုသူထံသို့ ချဉ်းကပ်၍’ ‘ဒါယကာ ငါ့အား သင်္ကန်းဖြင့် အလိုရှိသည်’ ဟု နှစ်ကြိမ် သုံးကြိမ် တောင်းရမည်၊ သတိပေးရမည်၊ နှစ်ကြိမ် သုံ:ကြိမ်တောင်းလတ်သော် သတိပေးလတ်သော် ထိုသင်္ကန်းကို ပြီးစေငြားအံ့၊ ဤသို့ ပြီးစေခြင်းသည် ကောင်း၏၊ အကယ်၍ မပြီးစေငြားအံ့၊ လေးကြိမ် ငါးကြိမ် ခြောက်ကြိမ် တိုင်ရုံမျှ ဆိတ်ဆိတ်ဖြစ်လျက် ရည်မှတ်၍ ရည်မှတ်၍ ရပ်ရမည်၊ လေးကြိမ် ငါးကြိမ် ခြောက်ကြိမ် တိုင်ရုံမျှ ဆိတ်ဆိတ်ဖြစ်လျက် ရည်မှတ်၍ ရပ်သည်ရှိသော် ထိုသင်္ကန်းကို ပြီးစေငြားအံ့၊ ဤသို့ ပြီးစေခြင်းသည် ကောင်း၏။ အကယ်၍ ထို (နှစ်ကြိမ် သုံးကြိမ်တောင်းခြင်း သတိပေးခြင်း၊ လေးကြိမ် ငါးကြိမ် ခြောက်ကြိမ်ရပ်ခြင်း) ထက်အလွန် အားထုတ်သည်ဖြစ်၍ ထိုသင်္ကန်းကို ပြီးစေငြားအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ အကယ်၍ မပြီးစေငြားအံ့၊ သင်္ကန်းဖိုးဆောင်လာရင်း ဒါယကာအထံ ‘ဒါယကာတို့ သင်တို့သည် ရဟန်းကို ရည်ညွှန်း၍ ပို့အပ်သော သင်္ကန်းဖိုးသည် ထိုရဟန်းအား အကျိုးတစ်စုံတစ်ရာ မခံစားရ၊ ဒါယကာတို့ မိမိဥစ္စာကို တောင်းကြကုန်လော့၊ သင်တို့၏ ဥစ္စာကို မပျက်စီးစေလင့်’ ဟု ကိုယ်တိုင်သော်လည်း သွားရမည်၊ တမန်ကိုသော်လည်း စေရမည်၊ ဤသည်ကား ထိုသင်္ကန်းဖိုး ပို့စေရာ၌ ကျင့်ဝတ်တည်း” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏။)[၁]

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်