ရိုဒီးဇီးယားနယ် ပြင်ဆင်ရန်

ရိုဒီးဇီးယားနယ်သည် အာဖရိကတိုက်တွင် မြောက်ဘက်၌ ကွန်ဂိုနိုင်ငံနှင့် တောင်ဘက်၌ တောင်အာဖရိက ပြည်ထောင်စုတို့၏အကြားတွင် တည်ရှိ၍ စဲစီဂျွန်ရုတ်အမည်ကို အစွဲပြုမှည့်ခေါ်သော နယ်ကြီးဖြစ်သည်။


မြောက်ပိုင်း ရိုဒီးဇီးယားနှင့် တောင်ပိုင်းရိုဒီးဇီးယားဟူ၍ နယ်နှစ်နယ် သီးခြားပါဝင်သည်။ ဇမ်ဗီဇီမြစ်သည် ထိုနယ်နှစ်ခုကို ပိုင်းခြားသည့် နယ်နိမိတ်သဖွယ် အရှေ့အနောက် ဖြတ်သန်းစီးဆင်းသည်။

မြောက်ပိုင်း ရိုဒီးဇီးယားနယ်သည် များသောအားဖြင့် ပေ ၃ဝဝဝ မှ ပေ ၅ဝဝဝ အထိရှိသော ကုန်းပြင်မြင့်ဖြစ်၍ ၂၉ဝ၃၂၃ စတုရန်းမိုင် ကျယ်ဝန်းသည်။ ဇမ်ဗီဇီမြစ်နှင့် ချမ်ဗီဇီ မြစ်တို့၏ မြစ်လက်တက်များ ဖြတ်သန်းစီးဆင်းလျက် ရှိသည်။ စက်စီယင်ကောင်များ၏ အန္တရာယ်ကြောင့် စိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းကို ခဲယဉ်းစွာ လုပ်ကိုင်ကြရသည်။


လူဆာကာမြို့တော်သည် စိုက်ပျိုးရာ နယ်မြေ ဗဟိုချက်တွင် တည်ရှိသည်။ ပြောင်းဖူး၊ ဆေး၊ ပီလော ပီနံ၊ နှံစားပြောင်း၊ မြေပဲနှင့် သစ်သီးများကို စိုက်ပျိုးသည်။ ခဲ၊ ကြေးနီ၊ သွတ်၊ မန်ဂနိ၊ ကိုဗော့ စသော တွင်းထွက်သတ္တုများကို ဗရုတ်ကင်းဟီးနှင့် နဒိုလာအရပ်များ၌ တူးဖော်ရရှိသည်။ ရိုဒီးဇီးယား မီးရထားလမ်းသည် တောင်ပိုင်းနယ်နှင့် မြောက်ပိုင်းနယ် တို့ကို ဖြတ်၍ ဂွတ်ဒဟုပ်အငူမှ ကိုင်ရိုမြို့အထိ မီးရထားလမ်းအတွက် ကွင်းဆက်ဖြစ်သည်။ အာဖရိကတိုက်ကို အရှေ့နှင့်အနောက် ဖြတ်၍ ဖောက်လုပ်ထားသော မီးရထား လမ်းသည်လည်း ရိုဒီးဇီးယားနယ်ကို ဖြတ်သန်းသွားသည်။ ၁၉၂၄ မတိုင်မီက မြောက်ပိုင်းရိုဒီးဇီးယားနယ်ကို ဗြိတိသျှ တောင်အာဖရိကကုမ္ပဏီက အုပ်ချုပ်သည်။ ထိုနောက် ၁၉၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ကရောင်းကိုလိုနီအဖြစ် ဗြိတိသျှ ဘုရင်ခံတစ်ဦးက အမှုဆောင်ကောင်စီအဖွဲ့နှင့် ဥပဒေပြုကောင်စီ အဖွဲ့တို့ဖြင့် အုပ်ချုပ်ခဲ့၏။ ထိုမှတစ်ဖန် စောင့်ရှောက်ခံနယ် ဖြစ်လာသည်။

၁၉၅၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် မြောက်ပိုင်း ရိုဒီးဇီးယားနယ်၊ တောင်ပိုင်း ရိုဒီးဇီးယားနယ်နှင့် နီယာစာလန်နယ်တို့ကို ပူးပေါင်း၍ ရိုဒီးဇီးယားနှင့် နီယာစာလန် ပြည် ထောင်စုဟု ဖွဲ့စည်းခဲ့၏။ သို့သော် ထိုပြည်ထောင်စုကို ၁၉၆၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ၁ဝ လကြာမျှ ပြည်တွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိခဲ့သည်။ ၁၉၆၄ ခုနှစ် ဇန်နဝါရီလမှ စ၍ မြောက်ပိုင်း ရိုဒီးဇီးယားနယ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ် ပြဋ္ဌာန်းပေးခဲ့ရာ ပြည်တွင်းကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာများ ရရှိခဲ့၏။ ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှစ၍ လွတ်လပ်ရေးရရှိကာ ဇမ်ဗီယာနိုင်ငံသည် ဗြိတိသျှ ဓနသဟာယဝင်နိုင်ငံ ဖြစ်၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။

ဇမ်ဗီယာနိုင်ငံ၏ လူဦးရေမှာ ၁၉၆၄ ခုနှစ် ခန့်မှန်းခြေ အရ ၃,၇၃၂,၇ဝဝ ဖြစ်၍ တိုင်းရင်းသား ၃.၆၅ သန်း ရှိ၍ ဥရောပတိုက်သား ၁၁၇ဝဝ ရှိလေသည်။ တောင်ပိုင်း ရိုဒီးဇီးယား နယ်သည်လည်း များသောအားဖြင့် ပေ ၃၅ဝဝ မှ ပေ ၅၅ဝဝ အထိရှိသော ကုန်းပြင်မြင့်ပင် ဖြစ်၏။ မြောက်ဘက်၌ ဇမ်ဗီဇီမြစ်သည်၎င်း၊ တောင်ဘက်၌ လင်ပိုပိုမြစ်သည်၎င်း နယ်နိမိတ်သဖွယ် တည်ရှိသည်။ မာရှိုနာလန်နှင့် မတ်တာဗီလီလန် တိုင်းရင်းသားနယ် နှစ်နယ်လည်း ပါဝင်လေသည်။ ၁၅ဝ,၃၃၃ စတုရန်းမိုင် ကျယ်ဝန်း၏။ မြေဩဇာ ထက်သန်သဖြင့် ဆေး၊ ပြောင်းနှင့် သစ်သီးများကို စိုက်ပျိုးသည်။ နွားနို့လုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်သည်။ ဆော့စဗာရီမြို့တော်သည် စိုက်ပျိုးရာ နယ်မြေတွင်း၌ ရှိသည့်အပြင်၊ ရွှေထွက်သည့်ဒေသ ဗဟိုချက်လည်း ဖြစ်သည်။ ထင်ရှားသော အခြားတွင်းထွက်သတ္တုများမှာ ငွေ၊ ကျောက်ဂွမ်း၊ သံ၊ ကျောက်မီးသွေး၊ ကရိုမီယမ်နှင့် လချေးဖြစ်သည်။

ဇမ်ဗီယာနိုင်ငံမှမီးရထားလမ်းသည် ဇမ်ဗီဇီမြစ်ကို ဝိတိုရိယ ရေတံခွန်အနီး၌ ဖြတ်ကျော်ပြီးလျှင် တောင်ပိုင်းနယ်ရှိ ဗူးလာဝေးယိုးမြို့သို့၎င်း၊ ထိုမှတစ်ဆင့် ကိပ်တောင်းမြို့သို့၎င်း ရောက်သည်။ လေကြောင်းခရီးဖြင့်လည်း အရပ်ရပ်နှင့် ဆက်သွယ်လျက် ရှိလေသည်။

၁၉၂၃ ခုနှစ် မတိုင်မီက တောင်ပိုင်း ရိုဒီးဇီးယားနယ်ကိုလည်း ဗြိတိသျှ တောင်အာဖရိကကုမ္ပဏီက အုပ်ချုပ်သည်။ ထိုနှစ်တွင် ဗြိတိသျှပိုင် နယ်ပယ်အဖြစ် သွတ်သွင်း၍ ဘုရင်ခံ တစ်ဦးက အုပ်ချုပ်မှုအမှုဆောင်အဖွဲ့၊ ဥပဒေပြုကောင်စီတို့ဖြင့် အုပ်ချုပ်ခဲ့သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်ပယ်ဖြစ်ခဲ့သည်။ ၁၉၅၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် တောင်ပိုင်း ရိုဒီးဇီးယားနယ်၊ မြောက်ပိုင်း ရိုဒီးဇီးယားနယ်နှင့် နီယာစာလန်နယ် တို့ကို ရိုဒီးဇီးယားနှင့် နီယာစာလန်ပြည်ထောင်စုအဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သည်။

ထိုပြည်ထောင်စုကို ဖျက်သိမ်းပြီးနောက်တွင် တောင်ပိုင်းရိုဒီးဇီးယားသည် ဗြိတိသျှဓနသဟာယအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့ဝင်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။ သို့သော် ယခင် ပြည်ထောင်စုအစိုးရက ဆောင်ရွက်ခဲ့ရသည့် အစိုးရလုပ်ငန်း အများအပြားကို တာဝန်ယူ လုပ်ကိုင်ခဲ့ရ၏။ ယင်းတို့မှာ ကာကွယ်ရေး၊ ပညာရေးနှင့် ပြည်ပရေးရာလုပ်ငန်းများ စသည်တို့ ဖြစ်၏။

၁၉၆၄ ခုနှစ်မှ အစပြု၍ တောင်ပိုင်း ရိုဒီးဇီးယားအစိုးရနှင့် ဗြိတိသျှအစိုးရတို့ လွတ်လပ်ရေးအတွက် ဆွေးနွေးလာခဲ့ရာ မပြေလည်ခဲ့ဘဲ ရှိခဲ့သည်။ ၁၉၆၄ ခုနှစ် ဧပြီလ ၁၄ ရက်နေ့မှ အစပြု၍ ဝန်ကြီးချုပ် ဖြစ်လာခဲ့သော အီယန်စမစ်ခေါင်းဆောင်သည့် တောင်ပိုင်း ရိုဒီးဇီးယားအစိုးရက နိုင်ငံတွင်းရှိ လေးသန်းမျှသော လူမည်းများအတွက် လူများစု အုပ်ချုပ်မှုဖြစ်လာနိုင်ဖို့ အာမခံချက်ပါရှိအောင် အခြေခံဥပဒေကိုပြင်ရန်ဟူသော ဗြိတိသျှအစိုးရ၏ တောင်းဆိုချက်များကို မလိုက်လျောဘဲ ၁၉၆၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တစ်ဖက်သတ် လွတ်လပ်ရေး ကျေညာခဲ့သည်။ ထိုအခါ ဗြိတိသျှဘုရင်ခံက စမစ်နှင့် ယင်း၏အစိုးရအဖွဲ့ကို ရာထူးမှ နုတ်ပယ်လိုက်သည်။ ဗြိတိသျှအစိုးရကလည်း တောင်ပိုင်း ရိုဒီးဇီးယားအတွက် တာဝန်ရှိကြောင်း ထုတ်ပြန်ကျေညာခဲ့၍ ယခုအခါ ရိုဒီးဇီးယားနိုင်ငံဟု တွင်လျက်ရှိသည့် တောင်ပိုင်း ရိုဒီးဇီးယားကို ဓနသဟာယအတွင်း ကုန်သွယ်မှု အခွင့်အရေးများ ခံစားခွင့် မပေးတော့ဘဲ စတာလင်နယ်ပယ်မှလည်း ထုတ်ပယ်လိုက်၏။ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း အဖွဲ့ဝင်နိုင်ငံများအား ရိုဒီးဇီးယားနိုင်ငံနှင့် စီးပွားရေးအဆက်ဖြတ်ရန် တိုက်တွန်းခဲ့လေသည်။ တောင်အာဖရိက ပြည်ထောင်စုနှင့် ပေါ်တူဂီနိုင်ငံတို့သာလျှင် စီးပွားရေးအဆက်မဖြတ်ဘဲ ရှိနေခဲ့၏။ ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှစ၍ ထိုသို့စီးပွားရေး အဆက်ဖြတ်မှုတွင် ရေနံနှင့် ရေနံထွက်ပစ္စည်းများကိုပါ ရောင်းချခြင်း မပြုရန် ထည့်သွင်းလိုက်၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)