ရုပ်သေး

မြန်မာ့ရိုးရာဖျော်ဖြေရေးအရုပ်တစ်မျိုး

ရုပ်သေးဆိုသည်မှာ ခေါင်း၊ ခြေ၊ လက် စသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့ကို လှုပ်ရှား၍ လူ့သဏ္ဌာန် ဟန်အမူအရာနှင့် ကပြနိုင်စေရန် စီမံပြုလုပ်ထားသော အရုပ်များဖြင့် ခင်းကျင်းကပြခြင်းကို ခေါ်သည်။ ကမ္ဘာ့ရုပ်သေးသဘင်တွင် အကြမ်းအားဖြင့် ရုပ်သေး လေးမျိုးလေးစား ရှိလေသည်။ ယင်းတို့မှာ (၁) လက်သွင်းရုပ်သေး၊ သို့မဟုတ် လက်ရုပ်သေး၊ (၂) ခြေ၊ လက်၊ ခေါင်း၊ ခါးတို့တွင် ကြိုးအများတပ်ကာ ဒလက်တွင် ချည်ပြီး ကပြရသော ကြိုးဆွဲရုပ်သေး၊ (၃) အရုပ် တွင်းသို့ တုတ်တစ်ချောင်း လျှိုသွင်းပြီး ခြေ လက်တို့တွင် နန်းကြိုးငယ်၊ တုတ်ချောင်းငယ်တို့ တပ်ဆင်ကာ ဆွဲငင်လှုပ်ရှား ကပြရသော တုတ်ထိုးရုပ်သေး၊ (၃) ကတ်ထူပြားကို ပြုလုပ် ထားသည့် အရုပ်ကို စင်နောက်ဘက်မှ မီးထိုးပေးကာ အရိပ်ကို လှုပ်ရှားပြရသော ရုပ်သေး စသည်တို့ ဖြစ်၏။

လက်သွင်းရုပ်သေး

ပြင်ဆင်ရန်

လက်သွင်းရုပ်သေး၊ သို့မဟုတ် လက်ရုပ်သေး ဆိုသည်မှာ ခေါင်းတစ်ခုတည်းတွင်သာ သစ်သားထည့် တပ်ပြီးလျှင် ကျန် အပိုင်းတို့တွင် ပိတ်စတို့ဖြင့် ဆက်စပ်ချုပ်လုပ်ထားသည်။ အရုပ်၏ အတွင်းပိုင်းသည် အခေါင်းပေါက် ဖြစ်၏။ လက် သွင်းသောအခါ လက်ညှိုးက ခေါင်းပေါက်တွင်းသို့ သွင်းပြီး လျှင် လက်မနှင့် လက်ခလယ်တို့က လက်ပေါက်များအတွင်းသို့ သွင်းရသည်။ လက်သွင်းရုပ်သေးတွင် ရုပ်သေးစင်ပါသော်လည်း စင်တွင် ကြမ်းပြင်မပါချေ။ နောက်ခံကားနှင့်တကွ ရှေ့ကာကား ဖြင့်လည်း ထားရှိရသည်။ ကပြသောအခါ ရုပ်သေးရုပ်၏ အထက်ပိုင်းသာ ပေါ်နေပြီးလျှင် အရုပ်ကိုင်သူက အောက်ဘက် ကနေရသည်။ ရုပ်သေးစင်တွင် ထွန်းထားသည့် မီးသည် အရုပ် နှင့် နောက်ခံကားပေါ်သို့ တည့်တည့်ကျနေရန် လိုသည်။

ကြိုးဆွဲရုပ်သေး

ပြင်ဆင်ရန်

ကြိုးဆွဲရုပ်သေးမှာမူကား အရုပ်ကို သစ်သားဖြင့် ပြုလုပ် ၍ တောက်ပြောင်သောဖဲ ကတ္တီပါစများဖြင့် ဝတ်ဆင်ပေးထား တတ်သည်။ ခြေဆစ် လက်ဆစ် ခါးဆစ် စသည်တို့တွင် ပတ္တာ ဆက် တပ်ဆင်ထားသဖြင့် အဆစ်တို့ကို လိုသလိုချိုးနိုင်သည်။ မျက်နှာခြေလက် စသည်တို့ကို ဆေးခြယ်ရသည်။ ခြေကြိုး၊ လက်ကြိုး၊ ခါးကြိုး စသည်တို့ကို ဒလက်တွင် ချည်ကာ ကျွမ်း ကျင်စွာ ကပြအသုံးတော်ခံနိုင်သည်၊ သို့သော် ကျွမ်းကျင်မှုကို လွယ်လင့်တကူ မရရှိနိုင်ပေ။ အလေ့အကျင့်များစွာ လိုသည်။ ရုပ်သေးလေးမျိုးတွင် အခက်ဆုံးအမျိုး အစားလည်း ဖြစ်သည်။ မြန်မာရုပ်သေးသည် ဤကမ္ဘာ့ရုပ်သေး ဒုတိယအမျိုးအစားတွင် ပါဝင်သည်။

တုတ်ထိုးရုပ်သေး

ပြင်ဆင်ရန်

တုတ်ထိုးရုပ်သေး ဆိုသည်မှာ အရုပ်အတွင်း ဇက်အထိ တုတ်ချောင်းကြီးတစ်ချောင်း လျှိုသွင်းထားသည်။ ခြေလက် အတောင်နှုတ်သီး စသည်တို့ကို တုတ်ချောင်းငယ်၊ သို့မဟုတ် နန်းချောင်းငယ်များနှင့် ဆက်သွယ်လှုပ်ရှား ကပြရသည်။ စင်မှာ လက်ထိုးရုပ်သေး ကပြသော ရုပ်သေးစင်မျိုးနှင့် အတူ တူပင် ဖြစ်၏။

အရိပ် ရုပ်သေး

ပြင်ဆင်ရန်

အရိပ် ရုပ်သေးဆိုသည်မှာ တုတ်ထိုးရုပ်သေးနှင့် အတူတူ ပင်ဖြစ်၍ ကပြပုံလောက်သာ ကွာခြားသည်။ အရုပ်တို့မှာ များ သောအားဖြင့် ကတ်ထူပြားကို ညှပ်ကာ ပြုလုပ်ထားခြင်း ဖြစ် သည်။ တုတ်ကြီးတပ်ဆင်ကာ ခေါင်း ခါး ခြေလက်တို့ကို တုတ်ချောင်းငယ်၊ နန်းချောင်းငယ်တို့နှင့် ဆက်သွယ်ထားပုံ တို့မှာ တုတ်ထိုး ရုပ်သေးအတိုင်း ဖြစ်၏။ ငှက်ရုပ်ဆိုလျှင် နှုတ်သီးဟပြသည်။ အတောင်ခတ်ပြသည်။ အမြီးခါပြသည်၊ ခြေ လှမ်းပြသည်။ စင်ပြင်ထားပုံမှာ ရှေ့တွင် ပိတ်ဖြူကားကြီး ချထားပြီးလျှင် ပိတ်ဖြူကားနောက် ခပ်လှမ်းလှမ်းတွင် အရုပ် ထားသည်။ အရုပ်နောက်က မီးထိုးပေးသည်။ အရိပ်ကို ပိတ်ဖြူ ကားပေါ်တွင် တွေ့မြင်ရသည်။

သမိုင်းကြောင်း

ပြင်ဆင်ရန်

ရုပ်သေးသဘင်သည် မြေထဲပင်လယ်တစ်ဝိုက်မှ အီဂျစ်၊ ဂရိ၊ ရောမစသော ကမ္ဘာ့ရှေးခေတ်ယဉ်ကျေးမှုများ ထွန်းကား ခဲ့စဉ်ကပင် ပေါ်ပေါက်နေပြီဟု ဆိုသည်။ ရုပ်သေးသဘင်သည် ရှေးဦးမဆွကပင် လူထုကို ဖြေဖျော်ရန်အတွက် ပွဲလမ်းသဘင်မျိုး ဖြစ်ခဲ့သည်ဟုလည်း ဆိုသည်။ အလယ်ခေတ်တွင် ဥရောပတိုက်ရှိ အီတလီ၊ ဂျာမနီ၊ ပြင်သစ်နှင့် အင်္ဂလန်နိုင်ငံတို့တွင် ရုပ်သေးသဘင်ကို သာသနာဖက်မှ ပုဂ္ဂိုလ်များက ခရစ်တော် ဖွားတော်မူခန်းကဲ့သို့သော အယူဝါဒရေးရာ ဇာတ်လမ်း ဇာတ် ကွက်များကိုကပြရန်အတွက် အသုံးပြုခဲ့ရာ အီတလီနိုင်ငံမှ တစ်ဆင့် ဥရောပတိုက်ရှိ အခြားနိုင်ငံများသို့ ပျံ့နှံ့သွားတန် ရာသည်ဟု ယူဆကြလေသည်။


တရုတ်နိုင်ငံတွင် ရုပ်သေးပညာရပ်သည် စာဟောင်းပေဟောင်းများအရ လွန်ခဲ့သော နှစ် ၂ဝဝဝ ကျော်လောက်ကပင် ပေါ်ပေါက်ခဲ့ကြောင်း သိရ၏။ အိန္ဒိယနိုင်ငံတွင်လည်း ရုပ်သေးပညာရပ်သည် နှစ်ပေါင်းထိုမျှလောက်ပင် ကြာခဲ့ကြောင်း သိရပြန်သည်။ အိန္ဒိယနိုင်ငံ၏ ရုပ်သေးသဘင် ယဉ်ကျေးမှုများသည် ဆူမတြာ၊ ဂျားဗား အစရှိသည့် အင်ဒိုနီးရှားနိုင်ငံ အပါအဝင် ကျွန်းများ၊ မလ္လာယုနှင့်ယိုးဒယားတို့ဘက်သို့ ဆင်းသက်လာခဲ့ပြီးလျှင် ထိုနိုင်ငံများတွင် မိမိတို့ဘာသာနှင့်လူမျိုးအကြိုက်လိုက်ကာ ချဲ့ထွင်ပြင်ဆင်၍ ကပြခဲ့ကြလေသည်။ ဂျားဗားကျွန်းတွင် အထူးသဖြင့် အရိပ်ရုပ်သေးပွဲများမှာ လူကြိုက်များဆဲပင်ဖြစ်၏။


မြန်မာ့ရုပ်သေးသဘင်သည် မြန်မာသက္ကရာဇ် ၁၁၃၈-ခုနှစ်တွင် နန်းတက်သော ငစဉ့်ကူးမင်းလက်ထက် သဘင်ဝန်ရာထူးဖြင့် ထမ်းရွက်ရသူ ဦးသော်က စတင်တီထွင်ခဲ့သည်ဟု ဆိုသည်။ ရုပ်သေးအစ၊ ကျုံးသုံးတန်နှင့် ပုဂံကဟူသော စကားအရ မြန်မာရုပ်သေးသဘင်သည် သက္ကရာဇ် ၁၂ဝ၈ ခုနှစ်၌ နန်းတက်သော ပုဂံမင်းလက်ထက်တွင် စတင်ပေါ်ပေါက်သည်ဟုလည်း ဆိုရန်ရှိသည်။ တစ်ဖန်တုံ မြဝတီမင်းကြီးဦးစ တီထွင်သည်ဟုလည်း အချို့က ဆိုပြန်သည်။ သက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် ရွှေဘိုမင်းတရား အထွတ်အမြတ်သို့ ရောက်သောအခါ မရီးတော် နန်းမတော်မယ်နု၊ စလင်းမင်းသားကြီးမောင်အိုတို့နှင့် အလိုတူ အလိုပါဟူ၍ မြဝတီမင်းကြီးလည်း အကျဉ်းချထားခြင်း ခံရသည်။ ယင်းကဲ့သို့ အကျဉ်းချထားခံနေရစဉ်အတွင်း စိတ်ညစ်ညူးသဖြင့်၎င်း၊ ပျင်းရိငြီးငွေ့သဖြင့်၎င်း အဝတ်စုတ်များကို အရုပ်လုပ်ပြီးလျှင် ကပြစေရာမှ ရုပ်သေး ပေါ်ပေါက်လာကြောင်း အချို့က ဆိုသည်။ သို့သော် သက္ကရာဇ် ၁၁၇ဝ ပြည့်နှစ်လောက်တွင် ရေးသားသော အီနောင် နန်းတွင်းဇာတ်တော်ကြီးတွင် သရေဇာတ်ဟူ၍ရုပ်သေးအကြောင်း ဖော်ပြပါရှိသည်ကိုတွေ့ရပြီးလျှင် အင်းဝခေတ် ဒုတိယမင်းခေါင် လက်ထက် သက္ကရာဇ် ၈၄၆ ခုနှစ်က ရှင်မဟာရဋ္ဌသာရရေးသော ဘူရိဒတ်လင်္ကာကြီး၌၎င်း၊ သက္ကရာဇ် ၈၉၁ ခုနှစ်တွင် ရှင်မဟာရဋ္ဌသာရပင် ရေးသားသော သံဝရပျို့၌၎င်း ရုပ်သေးသဘင်သည် အင်းဝခေတ်ကပင်လျှင်ပေါ်ပေါက်နေပြီဖြစ်ကြောင်းဆိုနိုင်လေသည်။ ထိုမှတစ်ပါး သုတေသီ အချို့ကလည်း မြန်မာရုပ်သေးသည် မြန်မာ့မူပိုင် ဖြစ်သည်ဟု ဆိုလေသည်။ ရှေးအခါက ရုပ်သေးသဘင်ကို အမြင့်သဘင်၊ ဇာတ်ကို အနိမ့်သဘင်ဟု ခေါ်ဆိုခဲ့ကြပြီးလျှင် ဇာတ်၊ အငြိမ့်၊ ရုပ်သေး စသည့် သဘင်သုံးမျိုးတွင် ရုပ်စုံသဘင်သည် အခက်ဆုံး၊ အနက်ဆုံး၊ အရင့်ဆုံးဟူ၍ ပညာရှင်အပေါင်းတို့ မှတ်ယူခဲ့ကြပေသည်။


မြန်မာရုပ်သေးသဘင်သည် အလွန် စည်းကမ်းကလနားကြီးသော သဘင်မျိုး ဖြစ်သည်။ ရုပ်သေးကပြရန် စင်ကိုပင် ထင်သလို မဆောက်လုပ်ရပေ။ ရုပ်သေးစင် အကယ်၍ လယ်ကွက်ထဲတွင် ဆောက်သည်ဆိုပါက လယ်ကန်သင်းကို ခွ၍ မဆောက်ရဘဲ မလွှဲမရှောင်သာ၍ ဆောက်ရလျှင်လည်း လယ်ကန်သင်းကို ဖြတ်ထားရလေသည်။ ရုပ်သေးစင်သည် အမြင့်သုံးတောင်၊ မျက်နှာစာအကျယ်အဝန်း ခုနစ်ပင်ခြောက်ခန်းဖြစ်၍ ခန်းဖွင့် ငါးတောင် ရှိရသည်။ လက်ယာဘက်၊ လက်ဝဲဘက်တို့တွင် ငါးပင်လေးခန်း၊ ခန်းဖွင့် ငါးတောင်ရှိရ၍ ရုပ်သေးစင်နောက်ဖက်တွင် သုံးပင်နှစ်ခန်း၊ ခန်းဖွင့်ငါးတောင် ရှိရသည်။ ရုပ်သေးစင်ဆောက်ရာ၌ ကြသောင်း ဝါး၊ ကြခတ်ဝါးများကို မသုံးရဘဲ၊ အမိုးမှာလည်း သက်ငယ်ပျစ်ကိုသာ မိုးရ၏။ ဝါးများကို ဆက်သောအခါ တေ့ဆက်မလုပ်ရ၊ ဝါးအခေါင်းထဲသို့ အခြားဝါးတစ်လုံးသွင်း၍ မဆက်ရပေ။ ရှေ့လက်တန်းတွင် မင်းပေါက် ချန်လှပ်ထားရ၍ မင်းပေါက်သည် ဆိုင်းဝိုင်းနှင့် တည့်နေရသည်။ ပွဲခင်းအတွင်းရှိ မင်းလမ်းနှင့်လည်း တည့်နေရသည်။ ပွဲခင်းအတွင်းရှိ မင်းလမ်းနှင့်လည်းတည့်နေရသည်။ မတည့်လျှင် ခိုက်ရန်ဖြစ်ပွားတတ်သည်ဟု အယူရှိကြ၏။ မင်းပေါက်ထားရာ၌ လက်တန်းဝါးကို ခေါင်းချင်း ဆိုင်ထားရသည်။ သက်ငယ်ပျစ်များ မိုးရာတွင်လည်း အပျစ်စဉ် မှန်စေရသည်။ ရုပ်သေးစင် ဆောက်လုပ်ရာတွင်လည်း ရွာကို ကျောပေး၍ မဆောက်လုပ်ရပေ။


ရုပ်သေး ကပြရမည့် ပညာသည်များမှာ ရှေးအခါက ယောက်ျား ပညာတတ်များသာ ကပြရသည်။ မည်သည့်မိန်းမမျှ မပါဝင်ရပေ။ ထိုကြောင့်ပင် ရုပ်သေးမင်းသမီးများမှာ ယောက်ျားမင်းသမီးချည့်သာ ဖြစ်ခဲ့လေသည်။

မြန်မာရုပ်သေး

ပြင်ဆင်ရန်

မြန်မာရုပ်သေးသဘင်တွင် ရုပ် ၂၈ ပါးကို အစွဲပြုပြီးလျှင် အရုပ် ၂၈ ရုပ် ပါဝင်မြဲ ဖြစ်သည်ဟု ဆိုသည်။ ထို ၂၈ မျိုးသောအရုပ်တို့မှာ

  1. နတ်ကတော်ရုပ်၊
  2. မြင်း၊
  3. ဆင်၊
  4. ကျား၊
  5. ဆင်ထိန်း၊
  6. ကုမ္ဘော ဘီလူး၊
  7. ကုမ္ဘဏ်ဘီလူး၊
  8. ကြက်တူရွေး၊
  9. ငှက်ရုပ်၊
  10. ဂဠုန်၊
  11. နဂါး၊
  12. ဇော်ဂျီ၊
  13. သူဌေး၊
  14. စုန်းမ၊
  15. နတ်၊
  16. နေရာထိုင်ခင်းအရုပ်၊
  17. ရှင်ဘုရင်၊
  18. ရွှေနန်းဆက်မိဖုရား၊
  19. မင်းသားလတ်၊
  20. မင်းသားနုရုပ်၊
  21. မင်းသမီး၊
  22. သံချိုလက်စွဲ၊
  23. သံပျက်လက်စွဲ၊
  24. မင်းကြီး သက်တော်ရှည်၊
  25. ရွှေတိုက်ဝန်၊
  26. ဝန်ထောက်၊
  27. ဂုတ်ဝန်၊ (တစ်ခါတစ်ရံ) မြို့တော်ဝန်၊
  28. ပုဏ္ဏား (တစ်ခါတစ်ရံ) ဆရာတော်ရုပ်တို့ဖြစ်သည်။


အခြားမှတ်တမ်းတစ်စောင်တွင် -

  1. နတ်ကတော်ရုပ်-၂၊
  2. မြင်းရုပ်-၁၊
  3. ဆင်ဖြူဆင်မည်း-၂၊
  4. ကျားရုပ်-၁၊
  5. မျောက်ရုပ်-၁၊
  6. ကြက်တူရွေး-၁၊
  7. နဂါးရုပ်-၁၊
  8. ဘီလူးရုပ်-၂၊
  9. ဇော်ဂျီ-၁၊
  10. ဝန်ကြီး-၄၊
  11. မင်းသား-၁၊
  12. ရှင်ဘုရင်-၁၊
  13. မင်းသမီး-၁၊
  14. မင်းသား ကြီး မျက်နှာနီနှင့် မျက်နှာဖြူ-၂၊
  15. ပုဏ္ဏား-၁၊
  16. ရသေ့-၁၊
  17. နတ်-၁၊
  18. ဗြဟ္မာ-၁၊
  19. အမယ်အို-၁၊
  20. လူပြက်-၂ ဟူ၍ ဖော်ပြထားလေသည်။

ပြုလုပ်နည်း

ပြင်ဆင်ရန်

အရုပ်များ ထုလုပ်ရာတွင် လူ မြင်း နတ်ရုပ်များကို ယမနေသား၊ သစ်မဉ္ဇူသားများဖြင့် ထုလုပ်ရမည်။ ကျန်အရုပ်များကို လက်ပံ သံသတ်ပင်သားများဖြင့် ထုလုပ်အပ်သည်။ မည်သည့်အရုပ်မဆို အင်္ဂါစုံ ပါစေရမည်ဟု ဆိုသည်။ များသောအားဖြင့် ယမနေသားကို မင်းသမီးရုပ်တုရာတွင်သာ အသုံးပြုလေ့ရှိသည်။ ရှင်ဘုရင်ရုပ်၊ မင်းသားရုပ်တို့ကို ထုလုပ်သောအခါ ဧကရာဇ်သားကို အသုံးပြုသည်။ ဝန်ကြီးရုပ်၊ လက်စွဲတော်ရုပ် စသည်တို့ကို လက်ပံသား၊ ပုန်းမဲစာသား၊ မအူသားများကို အသုံးပြုသည်။ အရုပ်၏အမြင့်မှာ တစ်ထောင့်ထွာ တစ်တောင့်တစ်မိုက်ခန့်သာ ရှိလေသည်။

အရုပ်ကို ဆေးခြယ်သောအခါ တိရစ္ဆာန်ရုပ်များကို အကောင်အထည် ပေါ်ရုံလောက်သာ ဆေးခြယ်ရန် လိုသည်။ လူရုပ်များကို ဆေးခြယ်သောအခါ အထူးဂရုပြု၍ ရှင်ဘုရင်ရုပ်၊ ဝန်ကြီးရုပ်များဆိုလျှင် ခံ့ညားတည်ကြည်အောင် ခြယ်ရသည်။ မင်းသားရုပ်၊ မင်းသမီးရုပ်၊ အပျိုတော်ရုပ်များကို လှပတင့်တယ် ရှုချင်စဖွယ် ဖြစ်အောင် ခြယ်ရသည်။ လက်စွဲတော်ရုပ် (ဝါ) လူပြက်ရုပ်တို့ကိုမူကား ကြည့်ရှုရုံမျှဖြင့် ရယ်ရွှင်စရာဖြစ်အောင် ခြယ်ရသည်။ သို့သော် များသောအားဖြင့် လူရုပ်များကို ခပ်ပြုံးပြုံး ရေးခြယ်ထားလေ့ ရှိလေသည်။

အဝင်အထွက် ကပြပုံ

ပြင်ဆင်ရန်

ရုပ်စုံထွက်သောအခါ သူ့အရုပ်နှင့် သူ့တီးကွက် သတ်မှတ်ထားချက်ရှိသည်။ ပမာအားဖြင့် ရှင်ဘုရင်ရုပ်ဆိုလျှင် ထွက်လာပြီးသော် နန်းပေါ်မှာ ထိုင်ရသည်။ ထိုနောက် ကန်တော့ခံသည်။ တီးကွက်မှာ စမုတ် ခံတီးရသည်။ နန်းတွင်းဝန်၊ ဂုတ်ဝန်၊ တပတ်ဝန်၊ ပြည်ခံဝန်(ဝါ) ခါးကြပ်ဝန်တို့ ထွက်လျှင် သပြေခံ၍ အခန်းခန်း တီးပြီးလျှင် သပြေနှင့်ပင် နန်းသို့ဝင်ရသည်။ အပျိုတော်ထွက်လျှင် ဘွဲ့ခံတီး၍ သံစုံည|ပ်ကာ မြမြ မောင်းမောင်းနှင့် သတ်၍ ဝင်ရသည်။

ဆင်ရုပ် ကျားရုပ် ထွက်လာသောအခါ သောင်းလုံးမြေလျှံကို တီးရသည်။ နဂါးရုပ်ထွက်သောအခါ ရွှေနဂါးကြီး ခြုံစရာ ဖဲကတ္တီပါ၊ ကတ္တီပါ ရှာပါအုံး၊ မိုးတောင်ကချုန်း တီး ရသည်။ ဂဠုန်ထွက်သောအခါ ဗိန်းဗောင်းကို တီးရသည်။ ဘီလူးရုပ်၊ ကျေးရုပ် ထွက်သောအခါ လွမ်းစရာသည် မြိုင်လယ်မှာတီးရသည်။ မြင်းရုပ် ထွက်လာသောအခါ ရွှေဘိုမြင်းရယ်လေး တီးရလေသည်။

ထို့ပြင် အရုပ်ထွက်ရာတွင်လည်း စည်းကမ်းများ ရှိသေးသည်။ လက်ဝဲဘက် လက်တန်းထိပ်မှ စ၍ မြင်းထွက်လျှင် လက်ယာဘက် ထီးနန်းစိုက်မည်ဟု သိရသည်။ အလယ်မင်းပေါက်မှ မြင်းစ၍ထွက်လျှင် လက်ယာဘက်တွင် တစ်ပြည်ထောင်၊ လက်ဝဲဘက်တွင် တစ်ပြည်ထောင် ထီးနန်းစိုက်မည်ဟု သိရသည်။

တစ်နည်း ပိတ်လက်တန်းရှေ့တွင် သစ်ပင်နှစ်ပင် စိုက်လျှင် နှစ်ပြည်ထောင် ထီးနန်းစိုက်မည်ဟု ပရိသတ်က သိရ၏။ နှစ်ပြည်ထောင် ထီးနန်းစိုက်သောအခါ လက်ယာဘက်တွင် နန်းတော်နန်းဆောင်ပုံချ ပြီးမှ လက်ဝဲဘက်တွင် နန်းတော်ချရသည်။ နန်းတော် နန်းဆောင်ပုံများ သလွန်တော်များကို လက်တန်းပေါ်က ကျော်၍ ချစိုက်ရသည်။ လက်တန်းဖုံးအောက်မှ ထုတ်၍ ချစိုက်ရုံး ထုံးစံမရှိပေ။ ဟိမဝန္တာခန်း ထွက်ခါနီး သစ်ပင်တို့ကို ချစိုက်သောအခါ လက်တန်းဖုံးအောက်က ထုတ်၍ ချစိုက်ရသည်။ ဟိမဝန္တာခန်း ထွက်သောအခါ မျောက်ရုပ်၊ ဝိဇ္ဇာဇော်ဂျီရုပ်၊ ငှက်ဂဠုန်ရုပ်များသည် ခုန်လွှား ပျံတက်နိုင်သော သတ္တဝါများဖြစ်သည့်အလျောက် လက်တန်းထိပ်မှ စတင်မထွက်ရဘဲ၊ လက်တန်းပေါ်မှ ခုန်ထွက် ခုန်ဝင်ရသည်။ ဘီလူးရုပ်၊ ကျားရုပ်၊ ဆင်ရုပ်များ ထွက်သောအခါ လက်တန်းထိပ်မှ ဆွဲယူရသည်။ နဂါး၊ မိကျောင်း စသည့်ရေ၌ ကျက်စားသော တိရစ္ဆာန်အရုပ်များ ထွက်သောအခါ ဆင်ရုပ်၊ မြင်းရုပ်တို့ကဲ့သို့ မြှောက်မဆွဲရဘဲ ရုပ်စုံစင်ကြမ်းပြင်နှင့် လွတ်မထွက်သွားရန် သတိထားရလေသည်။

ရုပ်သေးကပြပုံမှာ ပထမပိုင်းတွင် ညဉ့်ဦးယံ သဘာယံပွဲဖြစ်၍ လူစုသည့်အနေနှင့် လူငယ်များအကြိုက် ဟိမဝန္တာမှ မြင်း၊ မျောက်၊ ကျား၊ ဆင်၊ ဇော်ဂျီ စသည်တို့ကို ပွဲထုတ်လေသည်။ ဤပထမပိုင်းကို ဟိမဝန္တာခန်းဟုလည်း ခေါ်သည်။ မြန်မာတို့၏ ဇာတ်သဘင် အစဉ်အလာအရ မည်သည့် ဇာတ်ကိုကပြသည်ဖြစ်စေ ပထမတိုင်းပြည် တည်ရသည်။ ကမ္ဘာရှိမှလည်း တိုင်းပြည်တည်နိုင်သဖြင့် တိုင်းပြည်မတည်ခင် ကမ္ဘာတည်ပြဖို့ လိုသည်။ ကမ္ဘာတည်ပုံ ပျက်ပုံ ဗုဒ္ဓအယူဝါဒအရ ကမ္ဘာအသစ် ဖြစ်လာခါနီးတွင် ကမ္ဘာပြုမိုးကြီး ရွာ၍ ထိုအခါတွင် အာကာသတွင် ရေလောကဓာတ်ကြီး တည်လာကာ၊ ရေခြောက်သွားလျှင် မြေမျက်နှာပြင်သည် စည်မျက်နှာပြင်ကဲ့သို့ တစ်ညီတည်း ပေါ်ထွန်းလာသည်။ ထိုနောက် နေလနက္ခတ် ပေါ်လာ၍ ဥတုသမုဋ္ဌာန်ကြောင့် အနိမ့်အမြင့် ရှိလာပြီးလျှင် တောတောင်ရေမြေ ဖြစ်ပေါ်လာကြသည်။ မြင်းမိုရ် ဟိမဝန္တာတောတောင် ရေမြေသမုဒ္ဒရာတို့ ပေါ်ထွန်းလာသည်။ ထိုကြောင့် ကမ္ဘာကြီး တည်ပြသည့်အခန်းကိုထွင်ကာ လူလည်း စုရာရောက်၊ ကလေးများလည်း ဖျော်ဖြေရာ ကျစေရန် ကမ္ဘာတည် ပြီးနောက် ဟိမဝန္တာတောထဲတွင် ဘာသာဘာဝ ဟိမဝန္တာသူ၊ ဟိမဝန္တာသားတို့ ပျော်မြူးနေကြဟန်ကို ကလေးများအတွက် ပြသခြင်းဖြစ်၍ ဟိမဝန္တာခန်းဟု ခေါ်သည်။


ဦးစွာပထမ နတ်ကတော် (အပျိုတော်) ထွက်ပြီးလျှင် မြို့တော်ရှင်၊ နယ်တော်ရှင် ခေါ်သော နတ်ကြီးများကို ကန်တော့၍ ဆုမွန်ကောင်းတောင်းသော သီချင်းများ သီဆိုလျက် ဆိုင်းဝိုင်းကမူ နတ်ချင်းများကို တီးမှုတ်ပေးနေရလေသည်၊ နတ်ကတော်သည် အပျိုတော် ၁၂ ခန်းကုန်အောင် ကပြရသည်။


နတ်ကတော်ပြီးလျှင် မြင်းရုပ်ထွက်၏။ သဘောမှာ ကမ္ဘာဦးတွင် မြင်းခေါင်းသဏ္ဌာန်ရှိသော အဿဝဏီနက္ခတ် ပေါ်လာခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်ဟု ဆို၏။ ထိုမြင်းရုပ်ကို ပရိသတ်ဖက်သို့ ဦးခေါင်းလှည့်ကာ ဘေးတိုက်ထွက်စေရာ မြင်းတက် ယိုးဒယားစသော တီးလုံးသွားများဖြင့် ဆိုင်းချက်က ပို့ပေးရလေသည်။


မြင်း ဝင်ပြီးသော် မျောက်၊ ကျား၊ ဆင်၊ ဇော်ဂျီ စသည်တို့ အစဉ်အလိုက် ထွက်ကြရသည်။ ထိုသို့ ပထမပိုင်းအရုပ်များကို အစဉ်အလိုက် တီးကွက်၊ အမျိုးမျိုးသော ဆိုင်းချက်ဖြင့် စံနစ်တကျ ပွဲထုတ်ပြီးနောက် ဒုတိယပိုင်းတွင်ကား တိုင်းပြည်တစ်ပြည်ကို တည်ရခြင်းသဘောထင်ရှားအောင် ဘုရင်နှင့် ဝန်ကြီးများ စထုတ်ရ၏။ ထိုအခန်းမှ စ၍ ပြလိုရာ ဇာတ်ကြောင်း ဖော်ရလေသည်။ ထိုနောက် မင်းသား၊ မင်းသမီး နှစ်ပါးသွားခန်းပြီးလျှင် နောက်ဆုံး ဇာတ်လမ်းအလျောက် လွမ်းခန်းဆွေးခန်းများကို ပြသကြသည်။ ရုပ်သေးသဘင် (ဝါ) အမြင့်သဘင်များ၏ စည်းစံနစ်အတွက် သက္ကရာဇ် ၁၁၈၃ ခုနှစ် စစ်ကိုင်းမင်းတရားကြီးသည် အမရပူရမြို့တော်၌ စိုးစံတော်မူစဉ် ရွှေတောင်မြို့စားသဘင်ဝန် ဦးသော်၏ အမိန့်တော် ပြန် တမ်းတွင် ဖော်ပြပါရှိသည်မှာ- ရုပ်သေးမှာ ၅၅ဝ နိပါတ်၊ ရာဇဝင်၊ မဟာဝင်၊ ဇင်းမယ် စသော ဇာတ်များ၊ သိုက်နှင့် ဝတ္ထုများ၊ ဘုရားသမိုင်းများကို ခင်းကျင်းပြသနိုင်၏။ ပွဲကို သုံးညဉ့်ကပြရမည်။ အစညဉ့်တွင် ရှေးဦးစွာ ဆိုင်းမှ (လေ၊ မီး၊ မိုး)ဟု သုံးကြိမ်တီးပြီးမှ နတ်မိန်းမ စ၍ ထွက်ရမည်။ ဇမ္ဗူဒိပ်ကျွန်း လက်ယာထွန်းသောကြောင့် လက်ယာဘက်မှ စ၍ ထွက်ရမည်။ ပထမ စင်တိုင်၊ ဒုတိယနယ်ရှင်တိုင်၊ တတိယ ပွဲကြည့်ပရိသတ်ကို တိုင်တည်ရမည်။ သို့တိုင်တည်ရာတွင် မင်းသားလုပ်သူ မင်းသမီးလုပ်သူ နှစ်ဦးမှတစ်ပါး အခြားလူ သီဆိုခြင်း မပြုရ။ ဆိုင်းဆရာများက တီးခွင့်ရှိသော ၃၇ ချင်း သံချပ်ကြီးများ တီးမှုတ်၍ ဆုံးလျှင် လက်ရုံးတန်းအထက်သို့ အထိအခိုက်မရှိအောင် မ၍ တင်ရမည်။


၎င်းနောက် တောသုံးထောင်ရှိသည်ကို ရည်ရွယ်၍ တောပင် သုံးပင် စိုက်ရမည်။ တောပင်မှာ ဓာတ်နံကောင်းသော သစ်ပင်မှ ယူရမည်။ နွယ် စသည်တို့ကို မယူရ။ တောပင်ကို စကြဝဠာတံတိုင်းကို ရည်ရွယ်၍ ကာရံထားသော လက်တန်းအဝတ်အောက်မှ အထက်သို့ စိုက်ထူရမည်။ ထိုနောက် နဂါး ဂဠုန် ထွက်ရမည်။ နဂါးမှာ အောက်မှ အထက်သို့၊ ဂဠုန်မှာ အထက်မှ အောက်သို့ ထွက်ပြရမည်။ ယက္ခမှာ လက်ယာ၊ ကုမ္ဘဏ် မှာ လက်ဝဲထွက်ရမည်။ မျောက်ထွက်လျှင် တောပင်ထိပ်မှ ကြောက်လန့်သည့်ပုံ ပြရမည်။ ထိုနောက် ဆင် ကျား- ဆင်မှာ လက်ဝဲ၊ ကျားဆွဲ လက်ယာ ထွက်ရမည်။ ထိုနောက် မြင်းထွက်ရမည်။ မြင်းမှာ နန်းတည်ရာဘက်သို့ မျက်နှာမူ၍ ပထမလေးဖက်၊ ဒုတိယဆင်ရံ၊ တတိယဒုန်းဟု သုံးမျိုးက ရမည်။ ၎င်းနောက် နန်းရှိရာ ဘက်သို့ ဝင်ရမည်။ ထိုနောက် ဝိဇ္ဇာ ဇော်ဂျီဟူသော ဇော်ဂျီကို ပြရမည်။ ဆေးကြိတ်ဟန်၊ ဆေးကြူး ဟန်ပြ၍ လှပသော ကကွက်များဖြင့်သာ ပြရမည်။ ဇော်ဂျီမှာ အလယ်မင်းပေါက်ကသော်လည်းကောင်း၊ လက်တန်းပေါ်ကသော်လည်းကောင်း ထွက်ဝင် ကပြခွင့် ရှိသည်။ ၎င်းနောက် ကပြမည့် ဇာတ်အလျောက် ထီးနန်းကို လက်ယာဘက်တွင် ချရမည်။ နန်းပြိုင်ဖြစ်မူ လက်ယာဘက်က အလျင်ချရမည်။ ရသေ့ကျောင်းပါမူ ထိုနန်းနှင့်အတူ ချရမည်။ ၎င်းနောက် ကပြမည့် ဇာတ်အလျောက် ထီးနန်းကို လက်ယာဘက်တွင် ချရမည်။ နန်းပြိုင်ဖြစ်မူ လက်ယာဘက်က အလျင်ချရမည်။ ရသေ့ကျောင်းပါမူ ထိုနန်းနှင့်အတူ ချရမည်။ ၎င်းနောက် (၁) နန်းရင်းဝန်၊ (၂) တရားဝန်၊ (၃) ဝန်ထောက်တော်မင်း၊ (၄) မြို့ဝန်မင်းဟူသော အစဉ်အတိုင်း လက်ဝဲမှ ယာသို့ သိမ်မွေ့စွာ ညီလာဝင်ရမည်။ ညီလာမစုံမီ ဓမ္မသတ်၊ ရာဇသတ်၊ ဖြတ်ထုံးများကို တည်ကြည်လေးနက်သောအသံဖြင့် ဆွေးနွေး ပြောဆိုရမည်။ ထိုနောက် စမုတ်ခံကို တီး၊ ထွက်စည် ယွန်းပြီးသည်နှင့် တစ်ပြိုင်နက် ဘုရင်နန်းထိုင်ပြီး ဖြစ်ရမည်။ ၎င်းနောက် ညီလာခံ ပြီးလျှင် ဇာတ်ပန္နက် ရိုက်ရမည်။ မည်သည့်ဇာတ်ကို ကပြသည်ဖြစ်စေ နန်းပေါ်မှ ရှင်ဘုရင် ငိုခြင်းမပြု။ ရာဇဣန္ဒြေနှင့်သာ ပြောဆိုရမည်။ ၎င်းနောက် ဇာတ်ကြောင်းကို အသင့်ဖြစ်အောင် ညွှန်း၍ လေပြေချ။ လေပြေမှာ သိုက်တဘောင် စသောလင်္ကာများ ပထမညဉ့်တွင် ရွတ်ဆိုခြင်း မပြုရ။ နောက်ညဉ့်မှသာ ရွတ်ဆိုရမည်။ ဇာတ်လမ်းအလျောက် ကပြရမည့်ပွဲမှာ မည်သည့်အခါမဆို သုံးညဉ့်ကပြရမည်။ ပြသပြောဆို သီကုံးရာတွင် သာသနာ၊ ရာဇာ၊ ဘာသာများ ကို မထိပါးစေရ၊ ပြက်လုံးများမှာ ရဟန်း ပုဏ္ဏား ကြားမကောင်းသော ပြက်ရယ်မှု မပြုရ။ လွန်ကြူးခဲ့သော သူအား ကိုယ်ကိုသော်လည်းကောင်း၊ လက်ကိုသော်လည်းကောင်း၊ လျှာကိုသော်လည်းကောင်း လှီးဖြတ်ခွင့် ရှိစေရမည်။


မြန်မာဘုရင်များလက်ထက်တွင် ရုပ်သေးစင်များကို -

  1. စင်တော်ကြီး၊
  2. စင်တော်ကလေး၊
  3. သမီးတော်စင်၊
  4. ဝင်းစင်ဟူ၍ ခွဲခြားထားခဲ့သည်။


စင်တော်ကြီးဆိုသည်မှာ ဘုရင်မင်းမြတ်၏အမိန့်ဖြင့်သာ တည်ထောင်ထားသော ရုပ်သေးအဖွဲ့ ဖြစ်သည်။ ထင်ပေါ်ကျော်ကြား ပညာသားပါပါ ကပြအသုံးတော်ခံနိုင်သော ပညာသည်များကို မြို့စားရွာစား ချီးမြှောက်တော်မူလေ့ရှိသည်။ စင်တော်ကြီးသည် ဝဲဆိုင်း၊ ယာဆိုင်းနှင့်တကွ မင်းတက်လှေကားပါရသည်။ စင်ထောင့်၌ ငှက်ပျောပင် စိုက်ခွင့် ရာဇမတ်ကာခွင့်များလည်း ရရှိသည်။ စင်တော်ကြီးတွင် ကြာယပ်နဖူးစည်း တပ်ရသည်။ သိုင်းများလည်း ရသည်။ ရုပ်စုံစင်တော်ကြီးအတွက် တစ်စင်စာ ကိရိယာ အစုံအလင်ကို ရွှေတိုက်တော်အမိန့်နှင့် ဆိုင်ရာတို့က ထုတ်ပေးရသည်။ မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက်က စင်တော်ကြီးများနှင့်တကွ လက်ယာဆိုင်းတော်၊ လက်ဝဲဆိုင်းတော်တို့သည် မြို့တော်တွင်းမှာသာ ကပြတီးမှုတ်ကြရသည်။ စင်တော်ကလေးဆိုသည်မှာလည်း ဘုရင်၏အမိန့်ဖြင့် တည်ထောင်ထားသော ရုပ်သေးအဖွဲ့ပင် ဖြစ်၏။ သို့ရာတွင် စင်တော်ကြီးကဲ့သို့ အခွင့်အရေးများ မရရှိပေ။ သမီးတော်စင်မှာ ဘုရင့်သမီးတော်များ၏ အမိန့်ဖြင့် တည်ထောင်ထားသော ရုပ်သေးအဖွဲ့ဖြစ်၍ ဝင်းစင်မှာကား အရပ်စင်ပင် ဖြစ်သည်။ စင်တော်ကလေး၊ သမီးတော်စင်နှင့် ဝင်းစင်ခေါ် အရပ်စင်တို့မှာ စင်တော်ကြီးကဲ့သို့ အခွင့်အရေး မရကြပေ။ သို့သော် စင်တော်ကလေးနှင့် သမီးတော်စင်တို့မှာမူကား ထိုက်သည့်အားလျော်စွာ ချီးမြှောက်ခြင်းကို ခံရသေးသည်။ စင်တော်ကလေးနှင့် သမီးတော်စင်တို့မှာ မြို့တော်တွင်း ကပြသည်ဖြစ်စေကာမူ အမိန့်တော်ခံရတတ်သည်။ ဝင်းစင်ကလေးမှာမူကား အမိန့်တော် မခံရဘဲ ငှားသူရှိလျှင် ကပြနိုင်လေသည်။

ရုပ်သေးမင်းသား/မင်းသမီးများ

ပြင်ဆင်ရန်

အမရပူရနှင့် ရတနာပုံခေတ်တွင် ရုပ်သေးမင်းသား မင်းသမီးများအဖြစ် ကျော်ကြားခဲ့သူ အများအပြား ရှိခဲ့ရာ မင်းသားအဖြစ် ဦးသာပြော၊ ဆရာလှိုက်၊ ဦးအောင်တိုးတို့နှင့် မင်းသမီးများမှာ ဦးသာဇံ၊ ဦးချင်း တောင်၊ ဦးပါတူ၊ ဆရာမူ၊ ဆရာစံ၊ ဆရာမြှင်၊ ဆရာမြဲ၊ ဦးပန်းညိုတို့ ဖြစ်လေသည်။ သီပေါမင်း ပါတော်မူ ပြီးနောက်တွင်ကား မင်းသားဦးဖုန်းမို၊ ဦးလူထွား၊ ပုဂံသား၊ ဦးဘကျော့ (ဦးဘကျော်လည်းဟူ၏။) ဦးရွှေစင်၊ ပုဆိုးခြုံ ဦးရွှေလုံး၊ ဓားထိုးဦးညိုမှိုင်း၊ ချွဲဦးသစ်၊ ဦးကြီးပေါင်တန်း၊ ဦးအုံးခိုင်၊ ဆရာဉာာဏ်၊ ဦးသာဖန်၊ ဦးကြွယ်ကြီး၊ ပိဋကတ်ဆရာမောင်၊ ဆရာသျှန်၊ ဦးစိန်ခို၊ စံပယ်သက်၊ ဦးဘလွန်း၊ စံပယ်တင်တို့ ဖြစ်၍ မင်းသမီးများအဖြစ် ဆရာပု၊ ဦးရှမ်းဖြူ၊ ဦးပေါက်တူး၊ ဦးပေါက်ဆိန် တို့သည် ပရိသတ်နှုတ်ဖျားတွင် တင်ရှိလောက်အောင် စွမ်းဆောင်နိုင်ကြပေသည်။ အထူးသဖြင့် အပြောတွင် ဦးဖူးညို၊ အဆိုတွင် ဦးပုဟု ပြောစမှတ်ရလောက်အောင်ပင် ရုပ်သေးမင်းသမီး ဦးဖူးညိုနှင့် ဦးပုတို့သည် နာမည်ရသည့်ဘက်၌ ထူးခြားလှပေသည်။ ရုပ်သေးမင်းသမီး လုပ်သူသည် ရုပ်သေးမှာ အသံ၊ ဇာတ်မှာဟန် ဆိုသည့်အတိုင်း အသံကောင်းရန်နှင့် အပြောကောင်းရန် အရေးကြီးသည်။ ရှေးခေတ် ရုပ်သေးမင်းသား မင်းသမီးလုပ်သူများသည် အသံကောင်း၊ အပြော ကောင်းလှသဖြင့် အရုပ်ကလေးများက သရုပ်ဆောင်ကပြသည်ကိုပင် ပရိသတ်များ ငိုကြ ရယ်ကြရလေသည်။


ကမ္ဘာ့ကြိုးဆွဲရုပ်သေးတွင် သာမန်အားဖြင့် ပခုံးနှစ်ကြိုး၊ ဦးခေါင်းနှစ်ကြိုး၊ လက်နှစ်ကြိုး၊ ခြေနှစ်ကြိုး၊ ခါးတကြိုးဟူ၍ ကိုးကြိုးသာ ရှိသည်။ ယင်းတို့ကို ဒလက်တွင် စုချည်ကာ ကျွမ်းကျင်စွာ ကပြ အသုံးတော်ခံသည်။ မြန်မာရုပ်သေးတွင် ရှေးအခါက မင်းသားရုပ်မှာ ဦးခေါင်းနှစ်ကြိုး၊ ပခုံးနှစ်ကြိုး၊ ခါးတစ်ကြိုး၊ လက်မောင်းနှစ်ကြိုး၊ လက်ဖျားနှစ်ကြိုးမျှသာတပ်၍ သိမ်သိမ်မွေ့မွေ့ ယဉ်ကျေးစွာ လက်ဟန်ခြေဟန် ဦးခေါင်းဟန်လောက်သာ ကြိုးဟန်ရှိလေသည်။ မင်းသမီးမှာ ဒူးကြိုး၊ ခြေကြိုး နှစ်ခုစီ တိုးရသည်၊ ထိုသို့တိုးရခြင်းကြောင်းမှာ ဘုရင့်ရှေ့တော်တွင် အသုံးခံရသဖြင့် ကြိုးဆွဲသူက မိမိခြေဖျားပေါ်တွင် မင်းသမီးရုပ်တင်၍ ယိမ်းနွဲ့သော အမူအရာဖြစ်အောင် ခြေထိုး၍ မကရ၊ သို့အတွက် ခြေထိုးမည့်အစား ခြေကြိုးတပ်ပေးရလေသည်။


မြန်မာရုပ်သေးတွင် ကြိုးဆွဲပညာသည် တန်ဖိုးအရှိဆုံးနှင့် အခက်ဆုံး ဖြစ်သည်။ သစ်သားရုပ်များကို လူအမူအရာနှင့် ပကတိတူအောင် သဘာဝကျနိုင်သမျှကျအောင် အရုပ်ကြိုးတပ်၍ ဆွဲရသည်။ ရုပ်သေးခေတ် ကောင်းစားခဲ့စဉ်က အပျိုတော်တွင် ကြိုး ၆ဝ ထက်မနည်း ရှိခဲ့ဖူးသည်ဟု ဆိုသည်။ ၁၂၉၅ - ခုနှစ်ဆီက ပေါ်ပေါက်ခဲ့ဖူးသော ကြိုးဆွဲဦးဝင်းဆိုသူ၏ အရုပ်မှာ ကြိုးပေါင်း ၆ဝ ရှိ၍ ထိုအရုပ်မှာ ဒလက်ကို ကိုင်ရုံမျှနှင့် အရုပ်ကလေး လှုပ်နေသည်ဟု ဆိုလေသည်။ မြန်မာရုပ်သေးသဘင်မှ ကဟန်အချို့ကို မြန်မာဇာတ်သဘင်သည်တို့က မှီးကာ အရုပ်ဟန်သက်သက် အက(စင်တော်မင်းသား၊ သို့မဟုတ် စင်တော်မင်းသမီးဟန်)၊ အရုပ်နှင့်လူ ပေါင်းစပ်ကဟန်၊ ယိုးဒယားမူ၊ သို့မဟုတ် ရှေးမြန်မာအကတွင် အရုပ်ဟန်ပေါင်းစပ်ထားဟန် စသည်ဖြင့် အကဟန်အမျိုးမျိုး တီထွင်ကွန့်မြူးလာကြပေသည်။ ယနေ့ မြန်မာသဘင်များတွင် ခေတ် စားနေသော စင်တော်မင်းသား၊ စင်တော်မင်းသမီး၊ အရုပ်ထိုင်၊ အရုပ်ပြေး၊ အရုပ်တက် စသည့် ကကြိုးကဟန်များမှာ ရှေးမြန်မာရုပ်သေးသဘင်၏ အမွေအနှစ်များပင် ဖြစ်ပေသည်။ ကြိုးဆွဲရာတွင် မင်းသမီးရုပ်ကို ကြိုးဆွဲ အကောင်းဆုံးက ဆွဲရသည်။ အဆွဲခက်သည်မှာ ကြိုးနည်းပြီးလျှင် ဟန်များများဆွဲရသည့် ဇော်ဂျီရုပ် ဖြစ်သည်။ ဇော်ထွက်သည့်အခါ မင်းသမီး ကြိုးဆွဲသည် ဇော်ရုပ်ကို ဆွဲရသည်။ အပျိုတော်ရုပ်ကိုလည်း ထိုသူပင် ဆွဲရသည်။ ထိုကြောင့် အပျိုတော်ထွက်ကတည်းကဖြစ်စေ၊ ဇော်ထွက်ကတည်းက ဖြစ်စေ ရုပ်သေးစင်မှ မင်းသမီးကြိုးဆွဲ ကောင်းမကောင်းကို သိနိုင်သည်။ အတော်ဆုံးလူသာ ဇော်ရုပ်ကို ဆွဲရသဖြင့် ဇော်ဆွဲဆိုလျှင် လူတော် လူမော် အဓိပ္ပာယ် ရလေသည်။[]

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၁)

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)