ရုံဂိုဏ်း တုံဂိုဏ်း
သာသနာတော် (၆၀၀)ကျော် (၇၀၀) နှစ်ခန့်တွင် သီဟိုဠ်ကျွန်း ဘူမိရာဇာမင်းလက်ထက် ရဟန်းတော်တို့သည် အလဇ္ဇီသာ များသဖြင့် ပရိမဏ္ဍလ သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်တော်များကို အလေးအမြတ် မပြုကြ၊ တရားတော်နှင့် မညီညွတ် အဝတ်အရုံ ဖေါက်ပြန်၍ ဦးထုပ်ဆောင်းခြင်း၊ ရင်စည်းခြင်း စသော မလျောက်ပတ်သော အမှုကို ပြုကျင့်ကြကုန်၏။ ဦးထုပ်ဆောင်းခြင်း၊ ရင်စည်းခြင်း စသော မလျောက်ပတ်သော အမှုသည် ပရမတိလောကမင်း လက်ထက် ယိုဒယားပြည် (ထိုင်း)သို့ ရောက်လေသည်။ (ယခုအချိန်ထိ ထိုင်း ရဟန်းတော်များ ရင်စည်းလျက်ရှိသည်)။
သက္ကရာဇ် ၉၀၀ ပြည့်လောက်က မင်းတရား တပင်ရွွှေထီး ယိုဒယားကို အောင်မြင်သောအခါ ဆင် မြင်း ဗိုလ်ပါ မှစ၍ ထုတ်ယူခဲ့ရာတွင်၊ ရင်စည်း ရဟန်းတော်များ ပါလာသည်။ ထိုအခါမှစ၍ ရင်စည်း ရဟန်းတော်များ ဟံသာဝတီ သို့ရောက်သည်။ မဟာ သံဃရာဇာ မွန်ဆရာတော် အရှင်သဒ္ဓမ္မပါလ နှင့် တရားဆွေနွေး မေးမြန်းကြလျင်၊ သဘာဂမတူ အယူကွဲပြား ကြသည်ဖြစ်၍ ကံကြီး ကံငယ် မစပ်ယှက် ဂိုဏ်းသီး ဂိုဏ်းခြား ထားလေသည်။
သက္ကရာဇ် ၉၇၄ နှစ်လောက် ရောက်သောအခါ၌လည်း သန်လျင်စား ပေါ်တူဂီ လူမျိုး ငဇင်ကာ နှင့်အလိုက်သင့် ပေါင်းသင်း၍ နေကြသော သီဟိုဠ်သား အလဇ္ဇီ ဒုဿီလတို့သည်လည်း ဦးထုပ် ဆောင်ခြင်း သင်္ကန်း နောက်လှန် ဦးခေါင်းခြုံဝတ်ခြင်း ရင်စည်းခြင်း ဘရင်ဂျီ ဘုန်းကြီးများကဲ့သို့ တရပတ်ကိုင်ခြင်း အရက်သောက်ခြင်း စသည်တို့ကို ပြကြကုန်သည်။ ၎င်းတို့ကို အတုလိုက်သော အဓမ္မဝါဒီ အလဇ္ဇီိတို့သည် ဟံသာဝတီကစ၍ ပွားများဆင်းသက်လာလေသည်။ ၎င်းအဓမ္မဝါဒီ တို့၏ အလေ့အကျင့်မျိုးတို့သည် တစတစ ကြီးပွါ၍ မြန်မာနိုင်ငံတော် တဝှမ်းလုံး ပြန့်နှံ့လေသည်။
သက္ကရာဇ် ၁၀၅၀ ကျော်အခါ ကာလ သမယ လောက် တွင် ညောင်ရွှေကျေး ညောင်ဝန်းသားဖြစ်သော အရှင်ဝိစိတ္တာလင်္ကာရ မထေရ်သည် ပိဋကတ်စာပေ နှံ့စပ်၍တက်ရည် လိမ္မာရည်နှင့် ပြည့်စုံပြီး ဖြစ်ရကား၊ တောင်ငူမြို့ အရညဝါသီ တောကျောင်းနေတော်မူ၏၊ ထိုအခါ ငယ်ရွယ်စဉ်အခါက စာပေ သင်ကြားဘက် ဖြစ်ကြကုန်သော ငမြာ အရှင်ပညာသာရ၊ နောင်ဘ အရှင်စန္ဒမဥ္မူ၊ မောဂ္ဂလာန် အရှင်ဓမ္မနန္ဒ၊ ငရံအို အရှင်ကုဏ္ဍလ၊ မိုးကောင်း အရှင်အဂ္ဂဧသိ၊ တုံရွာ အရှင်ဂုဏသီရိ ခြောက်ပါးတို့သည် ဝိနည်းတရားတော် ရှိသည့်အတိုင်း ကျင့်ဆောင်လိုကြသည်ဖြစ်၍ ကျမ်းဂန်းတရား ဆွေးနွေးအံ့သောငှါ၊ တောင်ငူ အရှင်ဝိစိတ္တာလင်္ကာရ ထံသို့ ရောက်ကြလျင်၊ ဆရာတော်က “ငါရှင်တို့လည်း ကျမ်းဂန်သင်ဘူးသည်ချည်း ဖြစ်သည်။ အခုကာလ သာမဏေတို့သည် ကိုယ်ရုံကို ရင်စည်းဖွဲ့၍ မြို့တွင်း ရွာတွင်းသို့ ဝင်ကြသည်၊ ၎င်းအလေးကျင့်သည် ကျမ်းဂန်နှင့် ညီ မညီ သင့် မသင့်ကို စာပေကို ကြည့်ရှု့ ဆင်ခြင်ကြဦး” ဟုမိန့်တော်မူသဖြင့် ၂နှစ်ပါတ်လုံး စာပေကျမ်းဂန် ကြည့်ရှု့ စိစစ်ကြပြီးလျှင် “အလဇ္ဇီတို့၏ အလေအကျင့် ဖြစ်သော ဦးထုပ်ဆောင်းခြင်း ရင်စည်းဖွဲ့ခြင်း တို့သည် ဝိနည်း ပါဠိ အဋ္ဌကထာ ဋီကာတို့နှင့် မညီ။ ပါဠိ အဋ္ဌကထာ ဋီကာ လာရှိသည့်အတိုင်း ငါတို့ ကျင့်တော့မည်” ဟု ကတိကဝတ်ပြုကြပြီးလျင်၊ အသီးအသီး မိမိတို့၏ ရပ်ရွာဌာနေသို့ ပြန်ရောက်ကြလျင်၊ ရှေးအာစရိယဝါဒ အလေ့အကျင့်ကို စွန့်ပစ်ကြ၍၊ ထေရဝါဒ ဖြစ်သော ပါဠိ အဋ္ဌကထာလာတိုင်း ကျင့်ဆောင်ကြကုန်သည်။
တုံရွာ အရှင်ဂုဏသီရိ မူကား ရပ်ရွာသို့ရောက်လျင်၊ “ကျမ်းဂန် အရှိတိုင်း ကျင့်လိုသည်” ဟု တပည့်ကြီး ရှင်ဝိမလာစာရအား ပြောကြားတိုင်ပင်ရာ “အိုးစရည်းကြီး လုပ်ပြီးမှ အိုးငယ် ခွက်ငယ် လုပ်ပြန်မည် ဟုဆိုသည့် အရာသည် မသင့်မလျော်” ဟုဆိုသော ရှင်ဝိမလာစာရ၏ စကားကို နာယူ၍၊ အထက်ပါ ခြောက်ပါး၏ ဆုံးဖြတ်ချက် ကတိကဝတ်ကို ဖျက်၍ တပည့်သာမဏေတို့ကို ဦးထုပ်မဆောင်းစေဘဲ အပေါ်ရုံ သင်္ကန်းကို ဒုကုဋ် ကဲ့သို့ ခေါက်စေ၍ လက်ဝဲ ပခုံးထက်၌ ရှေ့နောက် တွဲရရွဲ ချ၍ တင်စေပြီးလျင်၊ သင်္ကန်းပမာဏ မလောက်သော ဖန်ရည်စွမ်းသော ဖျင် နံငယ် တစ်ခုကို အတွန့် အတွန့် ခေါက်လိပ်၍ ရင်စည်း ဖွဲ့ချည်ပြီးလျင် မြို့တွင်း ရွာတွင်းသို့ ဝင်စေသည်၊ ဤတုံရွာ အရှင်ဂုဏသီရိ ကို အစွဲပြု၍ “ဒုကုဋ်တင် တုံဂိုဏ်း” ဟုပေါ်ပေါက် လာသည်။
ထိုအခါကာလက မြန်မာနိုင်ငံတွင် “ဂါမဝါသီ ဦးထုပ်ဆောင်းဂိုဏ်း၊ ဒုကုဋ်တင် ရင်စည်း တုံဂိုဏ်း၊ အရညဝါသီ တောနေဂိုဏ်း” ဟု ဂိုဏ်း ၃မျိုး ထင်ရှား ကွဲပြားကြလေသည်။
ဆင်ဖြူရှင်မင်း လက်ထက် သက္ကရာဇ် (၁၀၆၀)လောက်တွင် ၀ဏ္ဏဗောဓန သတ်အင်း ကျမ်းပြု အရှင်ဥက္ကံသမာလာ အမှူးရှိသော အရုံဂိုဏ်း သံဃာတော်တို့က ဓမ္မ ဝိနယ နှင့်အညီ ပထမ အကြိမ် ပြောဆိုသော်လည်း အလဇ္ဇီ အသင်းအပင်း အားကြီးသောကြောင့် ဦးထုပ်ဆောင်း ရင်စည်း အလေ့ကျင့် မပျောက်ကွယ်။
သက္ကရာဇ် (၁၀၉၅) ခုနှစ်မှာ မင်း အဖြစ်သို့ရောက်သော ဟံသာဝတီရောက် မင်းတရားကြီးလက်ထက် အဘိဓာန် နိဿရည်း စသော ကျမ်းပြု အောင်ကျောင်စံထား ဆရာတော် အရှင်ဉာဏဝရ အမှူးရှိသော အရုံဂိုဏ်း ဆရာတော်တို့က ဒုတိယ အကြိမ် စာပေကျမ်းဂန် နှင့်အညီ ပြောဆိုပါသော်လည်း၊ ဝိနည်းမှန်း မသိရှာသော ရာဇဝလ္လဘ မင်းဆရာ ဝိနည်းဓိုရ် အောင်မြေရွွှေဘုံ ဆရာတော်ကြောင့် အမှု မပြီးပြတ်ပေ။
အမှုမပြီးပြတ်မီအတွင်း မိုးထိကျောင်းနေ ဂါမဝါသီ ဦးထုပ်ဆောင်းဂိုဏ်း ရှင်သာသနာလင်္ကာရ ဆရာတော်က “ကျမ်းဂန်ထွေထွေ ထူးထူး ပြဆိုရမည့် အရာမဟုတ်ပေ၊ ရှေး ပဝေသဏီ အဆက်ဆက်က ဆင်းသက်ခဲ့သော အရာဖြစ်၍ ပကတိအတိုင်း ဦးထုပ်ဆောင်း နှင့် နေထိုင်သင့်ကြောင်း” ဟံသာဝတီမင်းထံ စာဆက်သွင်းသောကြောင့် မင်း အာဏာဖြင့် တောနေ အရုံဂိုဏ်း တုံဂိုဏ်း နှစ်ဦးနှစ်ဘက်လုံးပင် ဦးထုပ်ဆောင်း ပြန်ချေသည်၊ ထေရဝါဒ လဇ္ဇီပေသလ သီလဝန္တ ဝိနယဂရုက ဖြစ်တော်မူကြကုန်သော အချို့သော အရုံဂိုဏ်း ဆရာတော်ကြီးတို့သည် အဝမြို့တော် မှ ဖဲခွါ၍ တောကျေးလက်သို့ ကြွသွားကြပြီးလျင် ဦးထုပ်ကို ဆုပ်ဖဲ့၍ ဝိနည်းတော်နှင့် အညီ နေထိုင် သီတင်းသုံးတော်မူကြသည်။
သက္ကရာဇ် (၁၁၁၃) ခုနှစ် မင်းနှင့်တကွ အဝမြို့ကို ရာမညမင်းက သိမ်းယူပြီးနောက်၊ သက္ကရာဇ် (၁၁၁၅) ခုနှစ်မှာ မင်းအဖြစ်သို့ ရောက်သော ရတနာသိင်္ဃ အလောင်းမင်းတရား မင်းကြီးကလက်ထက်သို့ ရောက်သောအခါ တုံရွာ အရှင်ဂုဏသီရီ၏ အဆက်နွယ်ဖြစ်သော အတုလယသံဃရာဇာ ဆရာတော်က ဘုရင်မင်းတရားကြီးအား စူဠဂဏ္ဍိကျမ်း နှင့်အညီ ဥရ ဗန္ဓန ဒုကုဋ်တင် ရင်စည်းဂိုဏ်းသာ မှန်ကန်ကြောင်း စာဆက်သွင်းသောကြောင့်၊ “သုံးဂိုဏ်း သုံးသွယ် အကွဲအပြား မရှိစေနှင့် ဒုကုဋ်တင် ရင်စည်း အနွယ်ချည်း ဖြစ်စေ” ဟု မင်းအမိန့် အာဏာထုတ်ပြန်လေသည်တွင် “ဝိနည်းတရားတော် ရှိသည့်အတိုင်း ကျင့်လိုသည်” ဟူသော ထေရဝါဒ လဇ္ဇီ ပေသလ တောနေ အရုံဂိုဏ်း ဆရာတော်တို့၏ စကားကို ရွေနားတော် ကြားတော်မူပြန်လျင်၊ “သာသနာရေးကိစ္စ ထားဘိဦး၊ နိုင်ငံတော်ရေး ကိစ္စ ပြီးစေပြီးမှ စိစစ်တော်မူမည်” ဟု အမိန့်တော်မှတ်လေသည်။
သက္ကရာဇ် (၁၁၁၃) ခုနှစ် မင်းအဖြစ်သို့ ရောက်သော စဉ့်ကူးမင်း လက်ထက် ရုံသင့် တင်သင့် ကလဟ ဝိဝါဒ စကားဆိုကြသည် ကို ကြားတော်မူသဖြင့်၊ စလင်းမြို့ သီတင်းသုံးနေတော်မူသော သာသနသုဒ္ဓိဒီပက ကျမ်းပြုဆရာတော် အရှင်နန္ဒမာလာ ကို ရွှေမြို့တော်သို့ ပင့်၍၊ မင်းကြီးသည် အသောကမင်း အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်ထံ အယူဝါဒ မှန် မမှန် သင်ကြား နည်းယူသကဲ့သို့၊ ဘုရင်ကိုယ်တော်တိုင် ပါဠိ အဋ္ဌကထာ ဋီကာ တို၏ သဘောယုတ္တိ နှိုင်းညှိ ဆင်ခြင်ခြင်းကို သင်ယူတော်မူပြီးနောက်၊ သုဓမ္မာ သဘင်ကြီးဝယ် လကျ်ာဘက်က ဒုကုဋ်တင် ရင်စည်း တုံဂိုဏ်း အကြီးမူးဖြစ်သော တောင်ဘီလူး ဆရာတော် ရှင်နန္ဒမေဓာ အစရှိသော မထေရ်တို့ကို နေစေ၍၊ ထေရဝါဒ ရုံဂိုဏ်း အကြီးမှူးဖြစ်သော မင်းအို အရှင်ဂုဏလင်္ကာရ အစရှိသော မထေရ်တို့ကို လက်ဝဲဘက်ကနေစေ၍၊ ပါဠိ အဋ္ဌကထာ ဋီကာ လာရှိတိုင်း ပြဆိုကြစေရာ၊ နောက်ဆုံး၌ တုံဂိုဏ်း ဆရာတော်တို့က မိမိတို့၏ အယူဝါဒ အလေ့အကျင့်သည် ပါဠိ အဋ္ဌကထာ ဋီကာ တို့၌ လာသည် မဟုတ်ပါ၊ စူဠဂဏ္ဍိကျမ်းကို စွဲ၍ ဆရာအစဉ်အဆက်တို့၏ အလေ့အကျက်မျှသာ ဖြစ်ပါတော့သည် ဟု ဝန်ချရလေသဖြင့်၊ သက္ကရာဇ် ၁၁၄၂ ခုနှစ် ဂါမပဝေသန အရာ၌ ရဟန်း သာမဏေ မကွဲမပြား တချက်တည်းပင် နှစ်ဘက် သင်္ကန်းရုံ ဆုံးမပြသတော်မူရမည် ဟု ဘုရင်မင်းမြတ်က အမိန့်တော် ပြန်တမ်း ထုတ်တော်မူသည်။ ၎င်း စဉ့်ကူးမင်း နတ်ရွာစံတော်မူပြီးနောက် ကာလ၌ ရင်စည်းဒုကုဋ်တင် တုံဂိုဏ်း ဝင် ဆရာတို့သည် ရှေး ဂါမဝါသီ ဦးထုပ်ဆောင်းဂိုဏ်းဝင် အဆက်အနွယ် တို့နှင့် ပူးပေါင်း စည်းလုံးကြပြီးလျှင် မိမိဝါဒ မပျက် ကျင့်မြဲ ဝတ်မြဲ ဝတ်ကြပြန်လေသည်။
သက္ကရာဇ် (၁၁၁၃) ခုနှစ် မင်းအဖြစ်သို့ ရောက်သော အမရပူရမြို့တည် ဘိုးတော် ဗဒုံမင်းတရားကြီးသည် သာသနာတော်၏ အညစ်အကြေး မစင်ကြယ်သေးသည်ကို မြင်တော်မူသဖြင့်၊ ပညာရှိ သုခမိန် တွင်းသင်းဝန် ဦးညို ကိုအမှူးထား၍ မင်း မှူးမတ်များကို အတင်ဂိုဏ်း အရုံဂိုဏ်းဝင် ဆရာတော်တို့၏ ကျောင်းစေ့အောင် သွား၍ လျောက်ထား မေးမြန်း စစ်ဆေး ပါဠိသာဓက ကိုဆောင်စေရာ အတင်ဂိုဏ်း ဆရာတော်တို့၏ နောက်ဆုံးထွက်ဆိုချက်မှာ သာမဏေများကို ရွာသွားတွင် ဒုကုဋ်တင် ရင်စည်း စေခြင်းသည် ပါဠိ အဋ္ဌကထာ ကျမ်းဂန်လာ မရှိပေ။ တစ်ဦးကို တစ်ဦး အတုအပ ကျင့်စေမိသည်သာ ဖြစ်သည်၊ နောင် ပါဠိ အဋ္ဌကထာ ကျမ်းဂန်နှင့်အညီ ဝတ်ရုံပါမည် ဟုဝန်ခံကြ၏။ ဤသို့ ထွက်ဆိုသည့်အတိုင်း မှတ်သား၍ ဘုရင်မင်းမြတ်ထံ တင်သွင်းလျောက်ထားကြရာ ဆရာတော်တို့သည် တညီတညွတ် ဖြေင့်မတ်စွာ ဝန်ချ ဝန်ခံ ပြုကြသည်မှာ ကိုယ်အမှုကို ကိုယ်ပင် စီရင်သည့် အရာဖြစ်တော့သည်၊ အထူးစီရင်ဖွယ်မရှိပြီ၊ ပရိမဏ္ဍလ၊ သုပ္ပဋိစ္တန္န ဖြစ်အောင် သာမဏေများကို ရွာသွား ရွာဝင် ဝတ်ရုံကြစေ ဟု အမိန့်တော်ရှိသည်အတိုင်း အညီအညွတ် ကျင့်ဆောင်ကြလေသည်။
အလောင်းမင်းတရား မင်းကြီး၏ ဆရာ သံဃရာဇာဟောင်း အတုလယသ ဆရာတော်က မိမိ၏ အယူဝါဒ ဖြစ်သော ဒုကုဋ်တင် ရင်စည်း အကျင့်သာ အပ်ကြောင်း ကျမ်းဂန် ရှိကြောင်း စာရေး၍ တကာများမှ တဆင့် ရွှေနားတော် တင်သွင်း ပြန်သဖြင့်၊ ၎င်းဆရာတော်ကို ပင့်၍ သုဓမ္မာ သဘင်ဝယ် “ဝိနယ ဥဗ္ဗိနယ စကားဆိုကြစေ၊ မှန်ရာကို ငါလိုက်တော်မူမည်” ဟု အမိန့်ရှိသဖြင့် သုဓမ္မာသဘင်ဝယ် ပြောဆိုစေရာ ပါဠိ အဋ္ဌကထာ ဋီကာ လာရှိသည်ကို မဆိုမပြောနိုင်ဘဲ၊ စူဠဂဏ္ဍိလာကျမ်းလာ စီဝရဥရဗန္ဓနာ ကိုသာ ပြောဆိုလေသော် တပိဋကာလင်္ကာရ ဗားကရာဆရာတော် မောင်းထောင်းကြီးဆရာတော် စသော မထေရ်တို့က “ငါရှင့် နှစ်သက်မြတ်နိုးလှသော စူဠဂဏ္ဍိလာကျမ်းတွင် ပဥ္ဇင်းခံရာ ကမ္မဝါစာ ဆရာတို့သည် ပေစာကို မကြည့်ဘဲ နှုတ်လွတ် ရွတ်မှသာ ကံမြောက်သည်” ဟု ဆို၏၊ “ငါရှင့်ကို ပဥ္ဇင်းခံသောဆရာတို့သည် ပေစာကို ကြည့်၍ ရွတ်ကြသလော၊ နှုတ်လွတ်ရွတ်ဆိုသလော” ဟုမေးမြန်းရာ မိန်းမောတွေဝေ၍ မကြံနိုင်အောင် ရှိသောကြောင့် သောင်တင် ရေမကျ စကားကိုသာ ပြောဆိုနေလေသည်။ တဖန် တိပိဋကာလင်္ကာရဆရာတော်က “ဝိနည်း ငါးကျမ်းတွင် ဖျင် တနံကို ဒုကုဋ်တင်၍ ရင်ဖွဲ့ စည်းပြီးလျင် တဘက်လက်ကတော့ တင်နှင့် သွားအပ်ကြောင်းကို ထုတ်နှုတ်၍ ဆိုတော်မူပါ”” ဟုလျောက်ထား မေးမြန်းပါသော်လည်း ဆိုစရာမရှိ ငုံးတိတိ ငေးမှိုင်လျက် နေချေသော် တုံ ရုံ အဆုံးဖြတ်တွင် အကျယ် ပြဆိုထားသည့်အတိုင်း ပါဠိ အဋ္ဌကထာ အာဂမယုတ္တိ တကွပြောဆိုကြလေသည်။
၎င်းအလုံးစုံကို ရွှေနားတော် ကြားတော်မူလျှင် “အတုလယသဆရာတော်သည် ဝိနည်း ငါးကျမ်းကို ပစ်ပါယ်၍ အာစရိဝါဒ အတ္တနောမတိ မျှဖြင့် ကျင့်ဆောင်သော အလဇ္ဇီပုဂ္ဂိုလ်ပင်ဖြစ်သည်၊ သူမှတပါးသော အာစရိယဝါဒ အယူရှိကြသော ပုဂ္ဂိုလ်များက ကံကြီး ကံငယ် မစပ်ယှပ်ဘဲ ကြဉ်ဖယ်ထားခြင်း၏ အကြောင်း ထပ်လာင်း၍ မေးကြဦး” ဟုမိန့်ဆိုချက်ကို ဦးထိပ်ပန်ဆင်ရသော အမတ်ကြီးတို့သည် မေးမြန်း စိစစ်ကြပြန်ရာ “ခမည်းတော် အလောင်းမင်းတရား လက်ထက် ရာဇဝလ္လဘ သံဃရာဇာ မင်းဆရာဖြစ်သည့် အလျောက် လူမှုရေးရာ ကိစ္စများကို ဝင်ရောက် ဆုံးဖြတ်သဖြင့် ကြေး ငွေ ကုန်ကျခြင်း ရာဇဝတ် ပြစ်ဒဏ် ခံရခြင်း စသော အကြောင်းတို့ကြောင့် မပေါင်း မယှက် ထားပေသည်” ဟု ဆိုကြ၍၊ အတုလယသ ဖြတ်ထုံး အစောင်စောင်ကို တင်ပြ ဆက်သွင်းကြရာ၊ လူပညာရှိ သုခမိန် မှုမတ်များက သည့်အတိုင်း မှန်လျှင် တရားလက်လွတ် သီလမရှိ ဖြစ်ချေသည် ဟု သံတော်ဦးတင်ကြရာ “အတုလယသ ပုဂ္ဂိုလ်သည် သာသနာတော်၏ ဘေးရန် ဆူးငြောင့် ပြုကျင့်၍ နေသောသူဖြစ်သည်၊ ထင်ရှားအောင် လူဝတ်လဲ၍ မောင်းကြော်ပြီးမှ မိမိရပ်ရွာသို့ နှင်ထုတ်လေ” ဟု အမိန့်တော် ချမှတ်သည့်အတိုင်း နှင့်ထုတ်လိုက်လေသည်။
ထိုအခါမှ စ၍ အလဇ္ဇီ ဒုဿီလတို့၏ အလေ့ အကျင့်ဆိုး တို့သည် မြန်မာပြည်တွင် ပျောက်ကွယ်ကြလေသည်။
ဒေါက်တာကုသလ(ကိုးကတ္တား)ရေးသည့် (http://phayagyitaik.blogspot.com)