ရေကင်းဝန်သည် မြစ်ကြောင်းတစ်လျှောက်ရှိ ရေကင်းများအား ကြီးကြပ်ကွပ်ကဲရသူ ဖြစ်ဟန်ရှိသည်။ ရေကင်းဝန်ရာထူးကို ညောင်ရမ်းခေတ်နှောင်းကာလ ကပင်စတင်တွေ့ရှိရ၏ ။ ရေကင်းဝန်ရာထူးသည် ကုန်းဘောင်ခေတ်နှောင်းကာလ၌ ကင်းဝန်ရာထူးနှင့် ရောနှောပျောက်ကွယ်သွားသည်။

ညောင်ရမ်းခေတ် ရေကင်းဝန် ပြင်ဆင်ရန်

မဟာဓမ္မာရာဇာဓိပတိမင်း ( ၁၇၃၃- ၁၇၅၂ ) လက်ထက် ၁၇၄၀ ပြည့်နှစ်တွင် ဟံသာဝတီမြို့ဝန် ဦးသာအောင် မြန်မာဘုရင်းအား ပုန်ကန်ခြားနားစဉ် ရေကင်းဝန်သည် ပြည်မြို့ဝန်နှင့်အတူ သွားရောက်နှိမ်နင်းခဲ့ရသည်။ သို့သော် ရေကင်းဝန်၏ ဘွဲ့မည်ကိုမှု မသိရပေ။

မြေဒူးမင်းလက်ထက် ပြင်ဆင်ရန်

ကုန်းဘောင်ခေတ်ဦးကာလ မြေဒူးမင်း ( ဆင်ဖြူရှင် ) ( ၁၇၆၃ - ၁၇⁠၇၆ ) လက်ထက် ရေကင်းဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူမှာ ဗာဟုဗလကျော်ထင်ဖြစ်သည်။ ရေကင်းဝန် ဗာဟုဗလကျော်ထင်သည် ၁၅ စတင်ဘာ ၁၇၆၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် အဘယသင်္ကြန် ဦးစီးသော ၅၀ တော်သွေးသောက်အဖွဲ့၌ အဖွဲ့ဝင်တစ်ဦး အဖြစ်ပါဝင်ခဲ့သည်။

ရေကင်းဝန် သီရိစည်သူ ပြင်ဆင်ရန်

ဗဒုံမင်းလက်ထက် ရေကင်းဝန်အဖြစ် အမှုထမ်းရွက်ခဲ့သူမှာ သီရိစည်သူ ဖြစ်သည်။ ဗဒုံမင်း၏ ၂၀ နိုဝင်ဘာ ၁၈၀၇ ခုနှစ် ရက်စွဲပါ အမိန့်တော်တွင် ရေကင်းဝန်သီရိစည်သူအား ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ ကနောင်၊ မြန်အောင်၊ ဟင်္သတ၊ ဇလွန်၊ ဓနုဖြူ၊ ခဲပေါင် စသည်မြို့များအား အုပ်ချုပ်စီရင်ရန် ညွှန့်ကြားထားကြောင်း တွေ့ရှိရသည်။

စစ်ရေးစစ်ရာ ပြင်ဆင်ရန်

ရေကင်းဝန်သည် စစ်မက်အရေးအရာများ ပေါ်ပေါက်လာလျှင် မိမိတာဝန်ယူအုပ်ချုပ်ရာ မြစ်ဝကျွန်းပေါ် ဒေသမြို့ကြီးများမှ လက်နက်ကိုင် ရဲမက်တို့ကို ဆင့်ဆိုခေါ်ယူ စုဆောင်းပေးရသည်။ ဗဒုံမင်းလက်ထက် ၂၇ စတင်ဘာ ၁၈၀၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်တော်၌ “ ရေကင်းဝန်က သိမ်းစု၊ သာယာဝတီမြို့၊ လိုင်မြို့ ၊ တရုတ်မော်မြို့၊ သာရဝေါ လက်နက်ကိုင် ( တို့ )မှာ ရွှေဖဝါးတော်အောက်ဆန်တက်စေ။ ကျန် မြန်အောင်မြို့၊ ကနောင်မြို့ ၊ ဟင်္သတမြို့ ၊ ဓနုဖြူမြို့ ၊ ဇလွန်မြို့ များမှ ရေကင်းဝန်က အမိန့်တော်ရင်းအတိုင်း သိမ်းရုံး၍ ပုသိနမ်မြို့ဝန်သို့ အပ်စေ ” ဟုဖော်ပြပါသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉