ရေကာတံတိုင်း ပြင်ဆင်ရန်

ပင်လယ်ကမ်းရိုးတန်းရှိသော နိုင်ငံတွင် သင်္ဘောာဆိပ် ကောင်းများ ရှိဖို့ လိုအပ်သည်။ နိုင်ငံရပ်ခြားနှင့် ကုန်စည် ကူးသန်းရောင်းဝယ်ရေးတွင် ပင်လယ်ကူးသင်္ဘောများ ခိုလှုံ ဆိုက်ကပ်နိုင်ရန် သင်္ဘောဆိပ်ကောင်းရှိခြင်းသည် တိုင်းပြည်၏ စီးပွားရေးအခြေခံ ဖြစ်သည်ဟု ဆိုရပေမည်။ လှိုင်းလေထန်နေချိန်တွင် ပင်လယ်ကူးသင်္ဘောများသည် ပင်လယ်ပြင်တွင် ရောက်ရှိနေလျှင် ကမ်းခြေနှင့် နီးကပ်နေသည် ထက် ပို၍စိတ်ချရ၏။ ထိုကြောင့် ကမ်းခြေနှင့် တစ်မိုင်နှစ်မိုင် အကွာသို့ သင်္ဘောကို ကမ်းနှင့် ဝေးနိုင်သမျှ ဝေးအောင် ဆုတ် ခွာသွားရလေသည်။ အဘယ်ကြောင့်ဆိုသော် သင်္ဘောသည် ကမ်းနှင့် နီးကပ်နေလျှင် လှိုင်းလေအရှိန်ကြောင့် ကမ်းခြေရှိ ကျောက်ဆောင်များနှင့် တိုက်မိဆောင့်မိမည်ကို စိုးရိမ်ရသော ကြောင့် ဖြစ်လေသည်။ သို့ဖြစ်၍ သင်္ဘောများ ဆိုက်ကပ်ခိုလှုံ နိုင်ရန် သင်္ဘောဆိပ်ကောင်းများရှိဖို့ လိုအပ်သည်မှာ ထင်ရှား သည်။ အချို့သင်္ဘောဆိပ်များမှာ သဘာဝအလျောက် ကျွန်း၊ သို့ မဟုတ် ကျွန်းဆွယ်များ ဝန်းရံကာဆီးလျက် ရှိသဖြင့် ပင်လယ် ဘက်မှ လေပြင်းမုန်တိုင်းနှင့် လှိုင်းတံပိုးများကို အလို အလျောက် ကာကွယ်ထားပြီး ဖြစ်သည်။ ထိုကဲ့သို့သော သင်္ဘောဆိပ်မျိုးတွင် သင်္ဘောများ အချိန်အခါမရွေး ကမ်းသို့ ဆိုက်ကပ်နိုင်ကြလေသည်။ သို့ရာတွင် ထိုကဲ့သို့ သဘာဝ အလျောက် လုံခြုံလျက်ရှိသော သင်္ဘောဆိပ်ကမ်းကောင်းတို့ကား ရှားပါး၏။ ရှိလျှင်လည်း ရှိသင့်သည့်အရပ်တွင် မရှိဘဲ ဖြစ် တတ်သည်။ ထိုကြောင့် လူတို့သည် မိမိတို့အလိုရှိရာအရပ်တွင် သင်္ဘောဆိပ်ကောင်း ဖြစ်ပေါ်လာစေရန် ကြံစည်ဖန်တီးရ လေသည်။ သင်္ဘောဆိပ်ကောင်းတစ်ခု ဖြစ်ပေါ်လာအောင် ပြုလုပ်ရာ၌ အချိန်အနည်းငယ်အတွင်း ပြုလုပ်ပြီးစီးနိုင်သည်မဟုတ်။ နှစ် ပေါင်း များစွာ ကြာမြင့်အောင် တည်ဆောက်ကြရသည်။ တစ်ပိုင်းတစ်စ ပြီးစီးခါမှ လေပြင်း မုန်တိုင်းကျရောက်သဖြင့် ဆောက်လုပ်ထားသော အကာအကွယ်များ မကြာခဏ ပျက်စီး ရတတ်သည်လည်း ရှိလေသည်။ သင်္ဘောဆိပ်ကောင်းတစ်ခု ဖြစ်ပေါ်လာရန် ပထမဦးဆုံး အရေးကြီးသောအချက်မှာ ရေကာတံတိုင်း ဆောက်လုပ်ရခြင်း ဖြစ်သည်။ ထိုရေကာတံတိုင်းများ ရှိလျှင် ပင်လယ်မှ တိုက်ခတ် လာသောလေကို တားဆီးနိုင်မည် ဖြစ်၏။ တံတိုင်း အောက် ခြေခံ အတွက် ပင်လယ်ထဲသို့ ကျောက်တုံးကျောက်ခဲ များစွာ တို့ကို သွန်ချရလေသည်။ ထိုနောက် တံတိုင်းအောက်ခြေခံကို ပင်လယ်ထဲ အလိုရှိရာဘက်သို့ တိုးချဲ့ဆန့်ထုတ်ရသည်။ သွန်ချ လိုက်သော ကျောက်တုံးကျောက်ခဲတို့သည် တဖြည်းဖြည်း မြင့် တက်လာ၍ ရေပြင်ပေါ်တွင် ကျောက်တန်း ပေါ်လာသည်။ အခြေခိုင်မြဲရအောင် တံတိုင်းအောက်ခြေပိုင်းမှာ ကား၍ အထက်သို့ ခပ်ရှူးရှူးပိရမစ်ပုံ တက်သွားရသည်။ သို့သော် တံတိုင်းထိပ်မှာ ပြန်ရသည်။ ထိုနောက် ကျောက်တံတိုင်း ဘေးနှစ်ဘက်ကို အင်္ဂတေကိုင်၍သော်လည်းကောင်း၊ အလွန်မာသော ကျောက်တုံးကြီးများ ချ၍သော်လည်းကောင်း မံပေးရလေသည်။ အောက်ခြေကို စိတ်ချရလောက်အောင် ခိုင်မြဲစေရန် ရေငုပ် သမားများဖြင့် တံတိုင်း၏ဘေးနှစ်ဘက်ကို အင်္ဂတေကိုင်ခြင်း၊ သို့မဟုတ် ကျောက်တုံးချခြင်းတို့ကို ပြုလုပ်ရသည်။ ရေကာတံတိုင်းများသည် ပင်လယ်ဘက်ဆီမှ လေပြင်း မုန်တိုင်း တိုက်ခတ်လာသဖြင့် လှိုင်းလုံးများ ရိုက်ပုတ်သည့် ဒဏ်ကို ခံနိုင်ရည်ရှိရပေမည်။ ထိုကြောင့် သင်္ဘောဆိပ်အတွက် ရေကာတံတိုင်း မဆောက်လုပ်မီ လေကြောင်း၊ ရေကြောင်း၊ ဒီရေပြည့်အမှတ်၊ ဒီရေစစ်အမှတ်မှ စ၍ အခြားလိုအပ်သော အချက်အလက်တို့ကို ဦးစွာသိရှိထားရလေသည်။ သို့မှသာလျှင် သင်္ဘောများအတွက် စိတ်ချရသော ဆိပ်ကမ်း ဖြစ်နိုင်ပေမည်။ ရေကာတံတိုင်းများ ဆောက်လုပ်ထားသဖြင့် ကမ္ဘာပေါ် တွင် သင်္ဘောဆိပ်ကောင်းများစွာ ပေါ်ပေါက်လာခဲ့လေသည်။ အင်္ဂလန်ပြည်ရှိ ပို့တလန်မြို့ သင်္ဘောဆိပ်တွင် ရေကာတံတိုင်း နှစ်ခုရှိ၍ ထိုဆိပ်တွင် ရေတပ်တစ်ခုလုံးပင် ဝင်ရောက်ဆိုက်ကပ် ထားနိုင်သည်။ ပို့တလန်ရေကာတံတိုင်း နှစ်ခုပေါင်း၏ အလျား မှာ ပေ ၈ဝဝဝ မျှ ရှိသည်။ အောက်ခြေတွင် ပေ ၃ဝဝ ထု အကျယ်ရှိ၍ ရေအောက်မြေပြင်မှ ထိပ်အထိ ပေတစ်ရာ မြင့် သည်။ ထိုမျှ ထုထယ်ကြီးမား ခိုင်ခံ့သော ရေကာတံတိုင်းနှစ်ခု ကို ၂၅ နှစ်နီးပါးမျှ ဆောက်လုပ်ရလေသည်။ ပြင်သစ်နိုင်ငံမြောက်ဘက် ရှားဗုသင်္ဘောဆိပ်ကမ်းမြို့ရှိ ရေကာတံတိုင်းသည် အလျားပေပေါင်း ၁၂ဝဝဝ မျှ ရှိသဖြင့် အရှည်ဆုံးသော ရေကာတံတိုင်းတစ်ခုပင် ဖြစ်သည်။ ထိုရေကာ တံတိုင်း၏ အောက်ခြေထုအကျယ်မှာ ၂၉၈ ပေ ရှိ၍ ထိပ်တွင် ၂၁ ပေ ကျယ်သည်။ အဆိုပါ ရေကာတံတိုင်းကို နှစ်ပေါင်း ၇ဝ မျှ ကြာအောင် ဆောက်လုပ်ခဲ့ရသည်။ အင်္ဂလန်ပြည် ပလင်းမတ်မြို့ရှိ ရေကာတံတိုင်းကို ၁၈၁၂ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ရာ ၃၄ နှစ်ကြာမှ ပြီးမြောက် သည်။ ရွှေဒင်္ဂါးပေါင်ပေါင်း တစ်သန်းငါးသိန်းမျှ ကုန်ကျသည်။ ထိုရေကာတံတိုင်း၏ ထူးခြားချက်မှာ ဒီရေပြည့်သည့်အခါ တန် တိုင်းထိပ်သည် ရေပြင်အပေါ် တစ်ပေနှစ်ပေခန့်သာ မြင့်တက် နေ၏။ ထို့ကြောင့် လေပြင်းတိုက်လာလျှင် လှိုင်းလုံးများသည် တံတိုင်းပေါ်သို့ ကျော်လွှမ်းသည့်တိုင်အောင် ရိုက်ခတ်နိုင်လေ သည်။ ထိုရေကာတံတိုင်း၏ အစွန်းတစ်ဖက်တွင် မီးအချက်ပြရုံ၊ အခြားတစ်ဖက်တွင်ကား မီးပြတိုက် ရှိလေသည်။ ထိုရေကာ တံတိုင်းသည် အလျားတမိုင်ခန့်ရှိ၍ အောက်ခြေထုအကျယ် ပေ ၃ဝဝ ခန့် ရှိသည်။ ထိပ်အကျယ် ၄၅ ပေမျှ ရှိ၏။ ထိုရေကာ တံတိုင်းကြီးကို တည်ဆောက်ရာတွင် ကျောက်တန်ချိန်ပေါင်း လေးသန်းမျှ ကုန်လေသည်။ အင်္ဂလန်ပြည် ဒိုဗာမြို့ဆိပ်ကမ်းတွင် ရေကာတန်တိုင်ကြီး နှစ်ခုအပြင် အက်ဒမီရယ်လတီပီးယားခေါ် ဆိပ်ခံတံတိုင်း ရှည်လည်း ရှိလေသည်။ အတွင်းဘက်ကျသော ရေကာတံတိုင်း မှ အရှေ့ဘက်နှင့် အနောက်ဘက် သို့ လက်တံနှစ်ခု ဖြာထွက် လေသည်။ အက်ဒမီရယ်လတီဆိပ်ခံတံတိုင်းရှည်သည် အနောက် ဘက်လက်တံတွင် ပါဝင်သည်။ အနောက်ဘက်တန်း ရေကာ တံတိုင်းသည် ပေ ၄၁ဝဝ ရှည်လျား၍ အရှေ့ဘက်တန်းမှာ ပေ ၂၉ဝဝ မျှ ရှည်လျားသည်။ အပြင်ဘက်ကျသော ရေကာတံတိုင်းသည် ပေ ၄၂ဝဝ မျှ ရှည်လျား၍ ကမ်းခြေမှ တစ်မိုင်နီးပါးခန့် ကွာဝေးသည်။ ထို တံတိုင်းကြီးများကို အင်္ဂတေတုံးပေါင်း ၆ဝဝဝဝ မျှ အသုံးပြု ရလေသည်။ ရေကာတံတိုင်း ၏ ထပ်အကျယ်မှာ ၄၅ ပေရှိ၍ ရေအောက်မြေပြင်မှ အမြင့် ၇၅ ပေ ရှိလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)