သတ္တဝါတို့၏ အသက်ရှင်နေထိုင်မှုအတွက် ရေကူးခြင်းသည် ရေထဲ၌ ရှေ့သို့ ရွေ့လျားနိုင်ရန်အတွက် နည်းလမ်းတစ်ခုဖြစ်သည်။ ရေကူးခြင်းသည် အသုံးဝင်မှုနှင့် အပန်းဖြေမှု နှစ်ခုစလုံးအတွက် လှုပ်ရှားမှုတစ်ခုဖြစ်သည်။ ၎င်း၏ အခြေခံအသုံးဝင်မှုများမှာ အေးမြခြင်း၊ အသက်ရှုခြင်း၊ ငါးဖမ်းခြင်း၊ အပန်းဖြေခြင်း၊ လေ့ကျင့်ခန်းနှင့် အားကစားလုပ်ခြင်း တို့ဖြစ်ကြသည်။

ကနေဒီ ကွင်းအနီးတွင် လင်းပိုင်တစ်ကောင်၏လှိုင်းစီးနေပုံ

ကျောက်ခေတ်သို့ နောက်ပြန်ဆွဲပြီး အစောဆုံးမှတ်တမ်းအဖြစ်ကြည့်လျှင် သမိုင်းဦးမတိုင်မှီ လွန်ခဲ့သော နှစ်ပေါင်း ၇၀၀၀ ပတ်ဝန်းကျင်ခန့်ကပင် လူများသည် ရေကူးခြင်းကို သိရှိကြပြီးဖြစ်ကြောင်းတွေ့ရသည်။ ခေတ်ပြိုင်အဖြစ်အပျက်များကို နှိုင်းယှဉ်နိုင်သော ပုံစံတစ်ခုအတွင်းမဟုတ်သော်လည်း ရေကူးပြိုင်ပွဲများကို ဥရောပတိုက်တွင် ၁၈၀၀ ခုနှစ်ခန့်က စတင်တွေ့ရှိရပြီး ပထမဆုံး ခေတ်သစ် ၁၈၉၆ ခုနှစ် အေသင်တွင်ပြုလုပ်ကျင်းပခဲ့သော နွေရာသီအိုလံပစ်ပြိုင်ပွဲတွင် တွေ့ရသည်။ ၎င်းကို ၁၉၀၈ ခုနှစ်တိုင်အောင် အပြည်ပြည်ဆိုင်ရာ ရေကူး အဖွဲ့အစည်းများဖြင့် ယှဉ်ပြိုင်နိုင်သောပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများ မလုပ်ရသေးချေ။

ရေကူးကန်အတွင်း ရေအောက်ရှိ ကောင်မလေးတစ်ယောက်

လူတို့သည် လက်နှင့် ခြေများ အသုံးပြု၍ ရေကူးကြသည်။ ရေကူးခြင်းကို ဖားကူး၊ လိပ်ပြာကူး၊ ပက်လက်ကူး၊ လက်ပစ်ကူး စသည်ကဲ့သို့သော ကူးနည်းအချို့ရှိသည်။ လွပ်လပ်သောပုံစံ ရေကူး ပြိုပွဲများအတွင်း ရေကူးသမားသည် ၎င်းလေးမျိုးထဲမှ ကြိုက်နှစ်သက်ရာကူးနည်းဖြင့် ကူးနိုင်သော်လည်း အများစုမှာ ရှေ့လက်ပစ်ကူးနည်းကို ရွေးချယ်ကြသည်။

ရေကူးသူများသည် ရေတွင် ရွေ့သွားရန် ကိုယ်ခန္ဓာအခြားအစိတ်အပိုင်းများ၏ ပေါင်းစပ်ခြင်းကို အသုံးပြုကြသည်။ ရေကူးသူများသည် ရေပေါ်တွင် နေနိုင်ရန်နှင့် တစ်ခါတစ်ရံ ၎င်းတို့၏ အသက်ရှုခြင်းကို ကြာရှည်စွာ ထိန်းသိမ်းခြင်းကို စွမ်းဆောင်နိုင်ရန် လိုအပ်သည်။ သူမ/သူသည် ဤကဲ့သို့သော အားကစားမျိုးပြုလုပ်လိုလျှင် ကျန်းမာဖို့ရန် လိုအပ်သည်။

လက်ပစ်ကူးခြင်းအား ရေကူးပြိုင်ပွဲအတွက် ရွေးချယ်ကြသည်။

ရေကူးခြင်းအား ပျော်စရာတစ်ခုအဖြစ်လည်းကောင်း၊ လေ့ကျင့်ခန်းတစ်ခုအဖြစ်လည်းကောင်း၊ ပြိုင်ပွဲတစ်ခုအဖြစ်လည်းကောင်း အသုံးချနိုင်သည်။ ကျောင်းအချို့တွင် ရေကူးခြင်းအား ရုပ်ပိုင်းဆိုင်ရာ အားကစားတစ်ခုအဖြစ်လည်းကောင်း၊ အပျော်အဖြစ်လည်းကောင်း စာမေးပွဲပြီးချိန် သို့မဟုတ် ခက်ခဲသော လေ့ကျင့်ခန်းများပြီးသည် ရက်သတ္တပတ်တွင် အားကစားရုံများ၌လည်းကောင်း အပြင်တွင်လည်းကောင် လေ့ကျင့်သင်ကြားပေးကြသည်။.[]


ရေကူးခြင်းသည် အလွန်ရှေးကျသော ကိုယ်လက်လှုပ်ရှားနည်း တစ်နည်း ဖြစ်၏။ ရှေးခေတ်ရောမနှင့် ဂရိနိုင်ငံများတွင် စစ်သူရဲများအတွက် လေ့ကျင့်ခန်းအဖြစ် ရေကူးစေခဲ့ကြသည်။ သို့ရာတွင် အလယ်ခေတ်က ဥရောပတိုက်၌ ပြင်ပတွင် ရေကူးခြင်းမှာ ရောဂါကူးစက်နိုင်သည်ဟု အယူရှိကြသဖြင့် တိမ်ကောလုမတတ် ဖြစ်ခဲ့သည်။ ၁၉ ရာစုနှစ် နောက်ပိုင်းသို့ ရောက်ရှိလာခါမှ ဗြိတိန်နိုင်ငံတွင် ရေကူးပြိုင်ပွဲများ စတင်ပြုလုပ်ခဲ့ကြလေသည်။ ရေကူးခြင်းကို ကာယပညာတစ်ရပ်အဖြစ်၎င်း၊ အသက်ဘေးမှ ကာကွယ်နိုင်သည့် အတတ်အဖြစ်၎င်း သိရှိလာကြသောအခါ စာသင်ကျောင်းနှင့် အသင်းအဖွဲ့ အသီးအသီးတို့တွင် ထိုအတတ်ကို အားပေးသင်ကြားစေကြသည်။

ရေကူးရာတွင် ကိုယ်ခန္ဓာအစိတ်အပိုင်းတို့ကို လှုပ်ရှား အသုံးပြုရလေသည်။ ရေကူးကျင်လည်ခြင်းသည် အလွန်အမင်း အားအင်စိုက်ထုတ်နိုင်ခြင်းပေါ်တွင် မတည်ဘဲ ညင်သာစွာ လှုပ်ရှားပေးတတ်သော ကျွမ်းကျင်မှုပေါ်တွင် တည်သည်။ ရေကူးသည့်အခါ ခေါင်းဖျားမှ ခြေဆုံးအထိ ခန္ဓာကိုယ်တစ်ခုလုံးအား လှိုင်းလုံး ရေလုံး ကလေးများက ထိပါးပုတ်ခတ် တိုးဝှေ့နေကြသဖြင့် စိတ်ကြည်နူးရွှင်လန်းလာသည်နှင့်အမျှ ရေကူးပြီးသည့်အခါ တစ်ကိုယ်လုံးရှိ အကြောအခြင်များ လျော့သွားသဖြင့် ကိုယ်လက်ပေါ့ပါး လန်ဆန်းလာသည့် အကျိုးထူးများကြောင့် ရေကူးခြင်းကို ကျန်းမာရေးအတွက် လူကြိုက်များလေသည်။

ထိုအကျိုးထူးကို ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်မရွေး၊ ညီတူညီမျှ ခံစားနိုင်ကြပေသည်။ ထိုသို့ဆိုရာ၌ ရေကူးခြင်း အတတ်သည် လွန်စွာ လွယ်ကူသောကြောင့်မဟုတ်၊ နည်းလမ်းမှန်ကန်စွာ သင်ကြား လေ့ကျင့်လျှင် ခွန်အားဗလများစွာ သန်စွမ်းရန်မလိုဘဲ တတ်မြောက်နိုင်သောကြောင့် ဖြစ်လေသည်။

လူတို့သည် ဖျံ၊ ငါးတို့ကဲ့သို့ မွေးကတည်းက ရေတွင် ကြီးပြင်းလာကြသူများ မဟုတ်သဖြင့် ရေနက်ထဲတွင် အလိုအလျောက် အချိန်ကြာမြင့်စွာ နေနိုင်ရန် လွန်စွာခဲယဉ်း၏။ ထိုအတွက် လူတိုင်းလူတိုင်းပင် ရေကူးခြင်းအတတ်ကို တမင်တကာ သင်ကြားလေ့ကျင့်မှ တတ်မြောက်နိုင်သည်။ သို့ရာတွင် မြင်း၊ ခွေး အစရှိသော တိရစ္ဆာန်များသည် လူတို့ကဲ့သို့ပင် ရေထဲ၌ ကျက်စားသော သတ္တဝါများ မဟုတ်ကြသော်လည်း ရေကူးခြင်းကို မသင်ဘဲနှင့် အလိုအလျောက် တတ်မြောက်နေကြသည်ကို အံဩစွာ တွေ့ရှိရသည်။ ထိုအချက်ကို လက်တွေ့ သဘောပေါက်ကာ သိရှိလိုပါက မွေးကတည်းက တစ်ကြိမ်တစ်ခါမျှ ရေမကူးဘူးသေးသော ခွေးကလေး တစ်ကောင်ကို ယူပြီးလျှင် ရေချိုးကန်တစ်ခုတွင် ရုတ်တရက် နှစ်လိုက်ပြီးနောက် ချက်ခြင်းပြန်၍ မထားလိုက်ပါ။ ထိုအခါ ခွေးကလေး၏ ခြေထောက်လေးချောင်းသည် ရေကူးနေသကဲ့သို့ လေထဲတွင် လှုပ်ရှားနေသည်ကို တွေ့ရပေလိမ့်မည်။ ထိုထက်သေချာ လိုသေးလျှင် ထိုခွေးကလေးကို ရေကူးကန်ထဲသို့ ပစ်ချလိုက်ပါ။ ထိုအခါ ခွေးကလေးသည် ကမ်းစပ်သို့ ကျွမ်းကျင်စွာ ကူးခတ်ရောက်ရှိသွားသည်ကို အံ့ဩစွာ တွေ့မြင်ရပေမည်။

ခွေးကလေးသည် ရေကူးမသင်ဘဲနှင့် အဘယ်ကြောင့် အလိုအလျောက် တတ်မြောက်နေသနည်းဆိုသော် ယင်း၏ ကိုယ်ခန္ဓာအနေအထားသည် ကုန်းပေါ်တွင် လမ်းလျှောက်သည့် အခါ၌၎င်း၊ ရေထဲတွင် ရေကူးသည့်အခါ၌၎င်း ထူး၍ ပြောင်းလဲခြင်း မရှိသောကြောင့် ဖြစ်လေသည်။ လူတို့ကား လမ်းလျှောက်သည့်အခါ ခြေနှစ်ချောင်းပေါ်တွင် မတ်တပ်ရပ်လျှောက်ရ၍၊ ရေကူးသည့်အခါတွင်ကား မှောက်လျက်ဖြစ်စေ၊ ပက်လက်ဖြစ်စေ ကိုယ်ကို အလျားလိုက်ထားကာ ကူးခတ်ရသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ ရေကူးတတ်ရန် တမင်တကာ သင်ကြားလေ့ကျင့်ယူကြရလေသည်။ ရေတစ်ခါမျှ မကူးဘူးသော သူငယ်တစ်ယောက်သည် ပထမအကြိမ် ရေသို့ ဆင်းလိုက်သောအခါ ရေထဲတွင် ကိုယ်ကို မတ်တည်နေစေရန်သာ ကြိုးစားနေပေလိမ့်မည်။ ရေသည် နက်၍ ထောက်မမှီခဲ့သော် ဆွဲမိ ဆွဲရာ ဆွဲကိုင်အားပြုကာ ကိုယ်ကို မတ်မတ်တည်နေစေရန် ဆက်လက် ကြိုးစားနေပေလိမ့်မည်။ ထိုသို့ မတ်မတ်တည် နေရန် ကြိုးစားလေ အနစ်မြန်လေ ဖြစ်မည်ကား မလွဲချေ။ စင်စစ်မှာ ထိုသူငယ်သည် သူ၏ကိုယ်ကို ရေပေါ်တွင် သစ်တုံးကဲ့သို့ အလျားလိုက် ဖြစ်စေရန်သာ ကြိုးစားသင့်ပေသည်။ ထိုအလေ့အကျင့်ကို ရရှိနိုင်စေရန် မကြောက်မရွံ့ သင်ယူလိုက်လျှင် ရေကူးတတ်ရန် မခဲယဉ်းလှတော့ချေ။

ရေကြောက်တတ်သလား

ပြင်ဆင်ရန်

လူတိုင်းလိုပင် ပင်ကိုအားဖြင့် ရေကြောက်တတ်ကြ၏။ သို့ရာတွင် ထိုရေကြောက်စိတ်ကို ပပျောက်သွားရန် ပြုလုပ်နိုင်ပေသည်။ ရေကြောက်စိတ်ကို ပပျောက်အောင် လုပ်ရန်မှာ ရေကူးသင်ရာတွင် ပထမဆုံး လိုက်နာရမည့် သင်ခန်းစာ ဖြစ်သည်။ ရေကြောက်စိတ်ကို အချို့လူတို့သည် အမြန်ပယ်ဖျောက်နိုင်ကြ၍ အချို့မှာ အတန်ကြာသည့်တိုင်အောင် မပယ်ဖျောက်နိုင်ကြချေ။

ရေနှင့် နီးစပ်ကာ ရေကြောက်စိတ် ပျောက်သွားစေရန် ရှေးဦးစွာ ဒူးဆစ်ခန့်နက်သော ကမ်းစပ်တွင် ခြေနှင့် ထောက်၍ ဟိုမှသည်မှ သွားလာလှုပ်ရှား ကစားနေပါ။ မကြာမီ ရေထဲတွင် နေသားကျကာ ယခင်ကထက် စိတ်ရဲလာသည်ကိုတွေ့ရပေမည်။ ထိုအခါ ခါးလောက်နက်သောနေရာအထိ တိုး၍ သွားပါ။ ထိုနောက် ကမ်းဘက်သို့ မျက်နှာမူကာ မြေကြီးကို လက်နှစ်ဘက်ဖြင့် ကုန်း၍ထောက်ပြီးလျှင် ခြေထောက်နှစ်ချောင်းစလုံးကို ရေထဲတွင် ဖြည်းဖြည်းချင်း မပေးပါ။ အားစိုက်ကာ တောင့် မထားမိရန် သတိပြုလျက် မကြောက်မရွံ့သာ ပြုလုပ်ပါ။ ထိုအခါ လက်ဖျားကလေးများဖြင့် အသာအယာဖေးမထားသည်မှ တစ်ပါး ကိုယ်ခန္ဓာတစ်ခုလုံးကို ရေတွင်ဖော့ထားနိုင်သည်ကို တွေ့လာပေလိမ့်မည်။ ထိုသို့ ပြုလုပ်နိုင်လျှင် ရေကူးစတင် လေ့ကျင့်ရန် သင့်လျော်ပြီ ဖြစ်သဖြင့် ရေထဲတွင် မည်ကဲ့သို့ ခြေနှင့်လက်များ လှုပ်ရှားရမည်ကိုသာ သင်ယူရန် လိုတော့သည်။ ဤအဆင့်တွင် ရေကူးသင်သူ တိုင်းလိုပင် စိတ်တုန် လှုပ်ကာ ရွံ့သွားတတ်ကြပေသည်။ စင်စစ်မှာလည်း ရေကူးအတတ်သည် နှုတ်ပြော လွယ်သလောက် လက်တွေ့လုပ်ရာတွင် ခက်ခဲသည်မှာ ယုံမှားဖွယ် မရှိချေ။

ရေကူးသင်ရာတွင် စံနစ်တကျ မှန်ကန်စွာ အသက်ရှုတတ် ရန်မှာ လွန်စွာအရေးကြီး၏။ ရေကူးသမားသည် ပါးစပ်မှ လေကို ရှူသွင်း၍ နှာခေါင်းမှဖြစ်စေ၊ ပါးစပ်မှဖြစ်စေ၊ သို့မဟုတ် နှစ်ခုစလုံးမှဖြစ်စေ လေကို ရှူထုတ်လေ့ရှိကြ၏။ လေကိုလျင်မြန်စွာ လေးလေးပင်ပင် ရှူသွင်း၍ ခပ်ညင်းညင်း ထုတ်တတ်ရန်မှာ ရေကူးသင်သူတို့အတွက် အရေးကြီးသော အချက်တစ်ခု ဖြစ်ပေသည်။

ထိုနည်းကို ကျင့်သားရစေရန် ခါးအထိ နက်သော ရေထဲသို့ ဆင်းပြီးလျှင် လေကို ပါးစပ်မှ အားပါးတရ ပထမ ရှူသွင်းလိုက်ပါ။ ထိုနောက်ကုန်း၍ ဒူးနှစ်ဘက်ကို လက်နှင့်ထောက်ထားပြီးလျှင် မျက်နှာကို ရေထဲနှစ်လျက် အသက်အောင့်ကာ တစ်မှ တစ်ဆယ်အထိ ရေတွက်ပါ။ ထိုနောက် မျက်နှာကိုဖော်၍ အသက်ရှုထုတ် လိုက်ပါ။ ထိုနည်းအတိုင်း ကျင့်သားရလာ၍ တစ်မှ ဆယ့်ငါးအထိ ရေအောက်တွင် မခဲယဉ်းဘဲ အသက်အောင့်နေနိုင်လာလျှင် ရေအောက်တွင်ပင် အသက်ရှူထုတ်ရန် ဆက်လက်၍ လေ့ကျင့်ပေးပါ။ ထိုမှတစ်ဖန် ကျင့်သား ရလာပြန်လျှင် မျက်နှာကို ရေမှမဖော်တော့ဘဲ ခေါင်းကို ဘေးသို့စောင်းကာ အသက်ရှူသွင်း၊ ရေအောက်တွင် လေရှူ ထုတ်၊ ပြီးလျှင် အခြားတစ်ဖက်သို့ စောင်းကာ လေရှူသွင်း စသော အလေ့အကျင့်ကို ထပ်တလဲလဲ ပြုလုပ်ပေးခဲ့သော် ရေကူးရာတွင် မှန်ကန်စွာ အသက်ရှူတတ်လာမည် ဖြစ်၏။


ကမ်းစပ်ရေတိမ်တွင် ကိုယ်ကို ဖော့ထားနိုင်ခြင်းနှင့် အသက်ရှူခြင်းတို့ကို လေ့ကျင့်ပြီးသောအခါ ခြေခတ်ခြင်း၊ လက်ယက်ခြင်းတို့ကို တစ်ဆင့်တက်၍ လေ့ကျင့်နိုင်ပြီ ဖြစ်၏။ ရေထဲတွင် ခြေခတ်ခြင်းကို လေ့ကျင့်ရန် အကောင်းဆုံးနည်းမှာ ကမ်းစပ်တွင် ကိုင်တွယ်စရာတန်းတစ်ခု ပြုလုပ်ထား၍ အလျားမှောက်ကာ ထိုတန်းကို တံတောင်ဆစ်ကွေးချ၍ လက်နှင့် ကိုင်ထားပြီးလျှင် ခြေထောက်များကို ဆန့်တန်းကာ အထက်အောက် တစ်ဖက်တစ်လှည့်စီ လှုပ်ရှားပုတ်ခတ်ပေးခြင်းပင် ဖြစ်၏။ ထိုသို့ လေ့ကျင့်သောအခါ ခြေထောက်များ၏အနေအထားသည် ရေကူးသည့်အခါတွင်ရှိမည့် အနေအထားတိုင်း ဖြစ်နေရန်လိုပေသည်။ ထိုသို့ ရေထဲတွင် မှောက်လျက် ခြေခတ်တတ်လာသည့်အခါ လက်နှင့် တန်းကိုမကိုင်ဘဲ ရေကူးခြင်းကို စတင် လေ့ကျင့်နိုင်ပေသည်။ စတင်ကူးသည့်အခါ လက်နှစ်ချောင်းကို ရှေ့သို့ ဆန့်တန်းလျက် လက်ဖဝါးနှစ်ဘက်ကို ထိစေပြီးလျှင် လက်ချောင်းများကို စုထားရလေသည်။ ခြေထောက်နှစ်ချောင်းကိုလည်း ဆန့်တန်း၍ ဖနောင့်နှစ်ခုကို ထိထားပြီးလျှင် ခြေဖျားများကို ဘေးဘက်သို့ အတန်ငယ် ကားနေစေရလေသည်။ ထိုနောက် ဆန့်ထားသော လက်နှစ်ချောင်းကို ခွဲကာ လက်ဖဝါးကို ဘေးသို့ လှည့်ပေး၍ နောက်ဘက်သို့ ပခုံးနှင့် တစ်ပြေး ညီညာလာသည့်တိုင်အောင် ယက်ပေးရလေသည်။ နောက်တစ်ကြိမ် ယက်ရန် လက်ဖဝါးနှစ်ဘက်ကို မျက်နှာ အောက်သို့ ပြန်၍ သိမ်းယူလိုက်သည့်အခါ ခြေထောက်များကို ဖနောင့်ချင်း ထိကပ်ထားရင်း ကွေးယူလိုက်ရလေသည်။ ထိုနောက်မှ တစ်ဖန်ဘေးဘက်သို့ ကန်ထုတ်ဆန့်တန်းလိုက်ပြီးလျှင် ချက်ခြင်းပြန်၍ စုပေးလိုက်ရလေသည်။ ဤနည်းမှာ ဖားကူးကူးနည်းပင် ဖြစ်၏။ ဖားကူးကူးနည်းဖြင့် ရေကူးတတ်လာသောအခါ အခြားကူးနည်းများကို အလွယ်တကူ သင်ယူ နိုင်ပေမည်။ ဖားကူးကူးနည်းအပြင် အခြားလွယ်ကူသော ရေကူး နည်းတို့မှာ ပက်လက်ဖားကူး ကူးနည်းနှင့် ဘေးတိုက် လက် ယက်ကူးနည်းများ ဖြစ်ကြသည်။ အမြန်ဆုံးနှင့် အသုံးအဝင် ဆုံးသော ရေကူးနည်းမှာ လက်ပစ်ကူးနည်း ဖြစ်လေသည်။ အထက်ဖော်ပြပါ ရေကူးနည်းများအပြင် လိပ်ပြာရေကူး နည်းဟူ၍လည်း ရှိသေးသည်။ ဤနည်းတွင် လက်များကို ရေထဲ၌ ရှေ့သို့ ဆန့်တန်း၍ မထုတ်တော့ဘဲ ရေပေါ်မှ ရှေ့သို့ ယူသွားရလေသည်။ ဤသို့ ပြုလုပ်နိုင်ရန် ရေကူးသူသည် သူ၏ကိုယ်အရှေ့ပိုင်းကို ရေပေါ်တွင် ပေါ်သွားအောင် ပြုလုပ် ရသည်။ လက်များကို ရှေ့သို့ယူသည့်အခါ၌ တစ်ခုနှင့်တစ်ခုကို ရှစ်လက်မ (စင်တီမီတာ ၂ဝ)ခန့် အကွာတွင် ရှိစေပြီးလျှင် ရေထဲသို့ ကျရောက်စေကာ အားစိုက်၍ တင်ပါးဆီးသို့ ကြွယူ ရလေသည်။

သို့သော် ဤရေကူးနည်းသည် လွန်စွာပင်ပန်းသောနည်း ဖြစ်သည့်အပြင် ခန္ဓာကိုယ်၏ အတက်အကျ လှုပ်ရှားမှုများကြောင့် ကြည့်၍ မကောင်းလှချေ။

ရေကူးတတ်လာသည်နှင့် တစ်ပြိုင်နက် ရေကူးနည်း ကောင်းတို့ကို အလျင်အမြန် လေ့ကျင့်သင်ယူအပ်ပေသည်။ အကြောင်းကား နည်းညံ့တို့ဖြင့် ကြာရှည်စွာ ကူးခတ်နေခဲ့သော် ထိုအလေ့အကျင့်ကို ဖျောက်ပစ်ရန်မှာ လွယ်ကူသည်မဟုတ်သော ကြောင့် ဖြစ်သည်။

ရေကူးတတ်စ သူများသည် ရေကူး မကျင်လည်မီ အကြောင်းမသိသေးသော နေရာတို့တွင် ရေကူးခြင်း၊ ရေနက် ဘက် ထွက်ကူးခြင်း၊ လှိုင်းစီးခြင်း စသော အတင့်ရဲမှုများကို ရှောင်ကြဉ်အပ်ကြ၏။ ထမင်းစားပြီး နှစ်နာရီအတွင်း ရေမကူး ခြင်းနှင့် ချမ်းလာသည့်တိုင်အောင် ရေမကူးခြင်းတို့မှာလည်း ကောင်းသောသတိထားမှုကလေးများ ဖြစ်ပေသည်။ ချမ်းလာ သည့်တိုင်အောင် ရေကူးလျှင် ကြွက်တက်ကာ ရေနစ်တတ်၏။ ရေကူးပြိုင်ပွဲများကို ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံအသီးသီး တို့တွင် နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကြ၏။ လေးနှစ် တစ်ကြိမ် ပြုလုပ်သော ကမ္ဘာ့အိုလင်းပစ်ကစားပွဲများတွင်လည်း ရေကူး ပြိုင်ပွဲများကို ထည့်သွင်းကျင်းပကြလေသည်။ ၁၉၆၄ ခုနှစ်တွင် တိုကျိုမြို့၌ ကျင်းပခဲ့သော ကမ္ဘာ့အိုလင်းပစ်ကစားပွဲတွင် အမေရိကန်ပြည်ထောင်စု နိုင်ငံမှ စတိကလတ်ဆိုသူသည် မီတာ ၁ဝဝ ရေကူးပြိုင်ပွဲကို စံချိန်သစ်ပြု၍ ၅၂ ့၉ စက္ကန့်နှင့် အနိုင် ယူကာ တံခွန်စိုက်ခဲ့လေသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် လည်း ရေကူးအသင်းအဖွဲ့များ ရှိရုံမက ရေကူးပြိုင်ပွဲများလည်း ကျင်းပလျက် ရှိလေသည်။

ဂျွမ်းပစ်ထိုးငုပ်ခြင်း

ပြင်ဆင်ရန်

ရေကူးခြင်းနှင့် ဆက်သွယ်လျက်ရှိသော ကစားနည်းမှာ ဒိုင်ဗင်ခေါ် ရေထဲသို့ ဂျွမ်းပစ်ထိုးငုပ်ခြင်း ဖြစ်လေသည်။ ဂျွမ်းပစ်ထိုးငုပ်ခြင်းသည် ကျွမ်းကျင်မှုအတတ်တစ်ခု ဖြစ်သည့် အလျောက် ကျင်လျင်စွာ ကစားနိုင်ခြင်းမှာ အလေ့အကျင့်ပေါ် တွင်သာ တည်နေလေသည်။ ဂျွမ်းပစ်ထိုးငုပ်လိုက်သည့်အခါ ကိုယ်သည် ရေထဲသို့ ကျောက်ခဲတစ်လုံးကို မြေ|ာက်၍ ပစ်ချ လိုက်သည့်အတိုင်း ရှောကနဲ ကျသွားရန်လိုပေသည်။ လက် နှစ်ဘက်ကို ဦးခေါင်းထက်တွင် မြေ|ာက်၍ဆန့်တန်းထားပြီးလျှင် လက်ဖဝါးနှစ်ခုကို ယှဉ်ကာ လက်မချင်းထိအောင် ထားရလေ သည်။ လက်ဖဝါးနှစ်ခုကို ယှက်ကာ စုမထားရချေ။ ကိုယ်လုံး သည် ရေထဲသို့ ဝင်ရောက်သည့်အခါ ညင်သာစေရန် ကိုယ်ကို ဖြောင့်ထားပြီးလျှင် ခြေဦးများကိုလည်း နောက်ဘက်သို့ ဆန့် ထားရသည်။ ကိုယ်လုံးထက်ဝက်ခန့်သည် ရေထဲသို့ ရောက်သွား သည့်အခါ လက်တို့ကို အထက်ဘက်သို့ ကော့ပေးလိုက်ရ သည်။ ယင်းမှာ ဦးခေါင်းကို ရေပြင်ပေါ်သို့ အမြန်ပေါ်ထွက် လာစေရန်အတွက် ဖြစ်၏။ ထိုအခါ အသက်ကို ဝအောင် ရှူနိုင်လေသည်။ အချို့တို့သည် ဂျွမ်းထိုးပြင်ပြားပေါ်မှနေ၍ ဂျွမ်းပစ်ထိုးငုပ်ကစားကြ၏။ အချို့မှာမူ လွန်စွာမြင့်မားသော နေရာမှ ဂျွမ်းပစ်ထိုး ငုပ်ကစားကြ၏။ အချိန်မှာမူ လွန်စွာ မြင့်မားသောနေရာမှ ဂျွမ်းသုံးလေးပတ် လည်စေလျက် ရေထဲသို့ ဂျွမ်းပစ်ထိုး ငုပ်ကစားကြလေသည်။ ဂျွမ်းပစ်ထိုး ငုပ်ကစားခြင်း တွင် တစ်ပတ်ဂျွမ်း၊ ဝက်အူရစ်ဂျွမ်း၊ ပျံလွှားဂျွမ်း၊ ငန်းဂျွမ်း အစရှိသဖြင့် ကစားနည်းအမျိုးမျိုး ရှိလေသည်။

အသက်ကယ်ဆယ်ခြင်း

ပြင်ဆင်ရန်

ရေနစ်သေဆုံးကြသည့် သတင်းများကို ရံဖန်ရံခါ ကြားကြ ရပေသည်။ ရေနစ်နေသူကို မြင်လျက်နှင့် သွားရောက် ကယ် ဆယ်နိုင်သူ မရှိသောကြောင့် လူ့အသက်တစ်ချောင်း အဆုံးခံရ ခြင်းသည် အသည်းနာဖွယ်ရာ ကောင်းလှတော့သည်။ သို့ဖြစ်၍ ရေကူးတတ်သူတိုင်းသည် ရေနစ်သူအား ကယ်ဆယ်သောနည်း ကို နားလည်တတ်မြောက်ထားသင့်ကြပေသည်။

ရေနစ်သူတို့သည် ကြောက်စိတ်မွှန်နေသဖြင့် မိရာကို စွဲမြဲ စွာ ဆွဲယူဆုပ်ကိုင်ထားတတ်ကြ၏။ ရေနစ်နေသူအား သူ၏ ရှေ့ဘက်သွား၍ အမှတ်မဲ့ကယ်ဆယ်ရန် ကြိုးစားခဲ့သော် ရေနစ် သူ၏ ဖက်ယက်ဆုပ်ကိုင်ထားမှုကြောင့် ကယ်ဆယ်မည့်သူပါ အတူတကွ နစ်သွားတတ်သည်ကို သတိပြုရပေမည်။ နည်းမှန် ကောင်းမွန်သော ကယ်ဆယ်နည်းမှာ ကယ်ဆယ်မည့်သူသည် ရေနစ်သူအား နောက်ဘက်မှ အသာအယာကပ်ပြီးလျှင် မေးစေ့ ကို တစ်တောင်ဆစ်ကွေးဖြင့် ချိတ်ယူ၍ နောက်ပြန်ဆွဲယူပြီး နောက် အားနေသောလက်တစ်ဖက်နှင့် ခြေထောက်များကို အသုံးပြုကာ ပက်လက်ဖားကူးကူးနည်းဖြင့် ကမ်းဘက်သို့ ကူးခတ်လာခြင်း ဖြစ်လေသည်။[]

ဆက်စပ်အကြောင်းအရာ

ပြင်ဆင်ရန်

ဆောင်းရာသီ ရေကူးခြင်း

  1. Kehm၊ G (2007)။ Olympic Swimming and Diving:Great Moments in Olympic History။ The Rosen Publishing Group။ pp. 14ISBN 1404209700
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)