ရေကြည်ဝန် ပြင်ဆင်ရန်

ရေကြည်ဝန်သည် ဘုရင်မင်းမြတ်နှင့်တကွ မိဖုရား ၊ သားတော် ၊ သမီးတော်များအတွက် သောက်တော်ရေ စီစဉ်ပေးရသူဖြစ်သည်။ ရေကြည်ဝန်၏ လက်အောက်တွင် ရေကြည်တော်အမှုထမ်းများ အများအပြား ထားရှိပြီး သောက်တော်ရေတွင်းများမှ ရေကြည်တော်များ ခပ်ယူဆက်သကြရ၏ ။

ကုန်းဘောင်ခေတ်ဦးကာလ ပြင်ဆင်ရန်

ကုန်းဘောင်ခေတ်ဦးကာလ အလောင်းမင်းတရားလက်ထက်က နန်းတွင်း၌ သုံးစွဲရန် ရေကြည်တော် ရရှိရေးအတွက် သီးသန့်ရေတွင်းများ သတ်မှတ်တူးဖော် ထားရှိခဲ့သည်။ ထိုစဉ်က ရေတွင်းခေါင်းများကိုလည်း ခန့်အပ်ထားပြီး ကြည်လင်သန့်ရှင်းသောရေကို နန်းတွင်းသို့ ပို့ဆောင်သိုလှောင်ထားကြဟန် တူသည်။ မြေဒူးမင်း ( ဆင်ဖြူရှင် ) လက်ထက်တွင် ရေတွင်းခေါင်းအား ဗိုလ်အဆင့်ပင် ပေးအပ်ချီးမြှင့်ခဲ့သည်ကို တွေ့ရှိရ၏ ။

ရန်ကုန်မြို့မှ သဒတ်ငန်းရေတွင်း ပြင်ဆင်ရန်

အလောင်းမင်းတရားသည် ၂ မေ ၁၇၅၅ ခုနှစ်တွင် ရှေ့ဒဂုန်မြို့ဟောင်း နေရာ၌ ခုတ်ထွင်းရှင်းလင်းကာ ရန်ကုန်မြို့သစ်ကို တည်ဆောက်ခဲ့သည်။ ထိုစဉ်က ရေကြည်ရေသန့်ရရှိရေးတွက် သောက်ရေတွင်းများကိုလည်း တူးဖော်ခဲ့ရာ ကဒတ်ငန်းရေတွင်းမှာ ထင်းရှားလှပါသည်။ ကဒတ်ငန်းရေတွင်းသည် ခရေပင်ကျောင်းခေါ် ဘုန်းတော်ကြီးကျောင်းဝန်း အတွင်း၌ တည်ရှိပြီး ခေတ်အဆက်ဆက် ရန်ကုန်မြို့သူ မြို့သားများ၏ အားကိုးအားထားပြုရာ ရေတွင်းကြီးဖြစ်ခဲ့သည်။ သာယာဝတီမင်းလက်ထက် ရန်ကုန်သို့ လာရောက်စံနေစဉ်ကလည်း ကဒတ်န်းရေတွင်းမှ ရေကိုပင် သောက်တော်ရေအဖြစ် အသုံးပြုခဲ့သည်ဟု ဆိုကြ၏ ။ ၁၈၃၃ ခုနှစ်ဝန်းကျင်က ရန်ကုန်သို့ ရောက်ရှိလာခဲ့သူ မစ်စတာဟောက်၏ အမှတ်အသားအရ ကဒတ်ငန်းရေတွင်းမှ ရေကို မြို့သူမြို့သားများ ခပ်ယူသုံးစွဲနေကြဆဲ ဖြစ်ကြောင်း သိရှိရသည်။ ယင်းရေတွင်းကြီးမှာ ယနေ့ခေတ် အနေအထားအရ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း ၊ ပြန်ကြားရေးဝန်ကြီးဌာန အဆောက်အဦအောက်၌ တည်ရှိသည်။ ကိုလိုနီခေတ်က (Rebecca) ဆိုသူ ဂျူးအမျိုးသမီးကြီးတစ်ဦး ပိုင်ခြံအတွင်းရှိခဲ့၍ Rebecca’s Well ဟုခေါ်ဆိုခဲ့ကြသည်။

ဆေးဖက်ဝင် သွေးဆေးကန်ရေ ပြင်ဆင်ရန်

ရွှေတိဂုံစေတီတော်အနီးရှိ သွေးဆေးကန်ရေသည် မြန်မာဘုရင်တို့ စိတ်ဝင်စားခဲ့ရာ ရေဖြစ်သည်။ ဆေးဖက်ဝင်သည်ဟု ယုံြကည်ကြသည့် အလျောက် သွေးဆေးကန်ရေကို နေပြည်တော်သို့ပင် တကူးတက မှာယူသုံးစွဲ ကြရသည်။ ၅ နိုဝင်ဘာ ၁၈၁၁ ခုနှစ် ရက်စွဲပါ ဗဒုံမင်း၏ အမိန့်တော်တွင် “ ရန်ကုန်မြို့ သွေးဆေးကန်က ရေလုံးရေ ၁၀ ကို ဟံသာဝတီမြို့ဝန်က ရွှေဖဝါးတော်အောက် ကောင်းမွန်အောင် ဆောင်ယူဆက်သလာစေ ” ဟူ၍ ဖော်ပြပါရှိသည်။ ဆေးဖက်ဝင်ကြောင်း သတင်းကြီးနေသဖြင့်လည်း ၁၇၉၆ ခုနှစ်တွင် မြန်မာပြည်သို့ လာရောက်ခဲ့သူ ဗြိတိသျှကိုယ်စားလှယ် ကပ္ပတိန် ဟီရန်ကောက်စ်က သွေးဆေးကန်ရေအား သိပ္ပံနည်းကျ စမ်းသပ် ခဲ့ခြင်းဖြစ်သည်။ ယင်းရေတွင်း သံသတ္တုသည် ဆာလဖြူရစ် အက်ဆစ်နှင့် ဓာတ်ပြုပျော်ဝင်နေကြောင်း၊၊ မဂ္ဂနီစီယံအောက်ဆိုက်နှင့် ပိုတက်စီယံကလိုရိုဒ် ဓာတ်ဆားအနည်းငယ်လည်း ပျော်ဝင်နေကြောင်း သူ၏ သံအဖွဲ့ မှတ်တမ်း၌ ဖော်ပြခဲ့၏ ။

ရေကြည်ဝန် ဦးအေး ပြင်ဆင်ရန်

ဗဒုံမင်းလက်ထက် ၁၇၈၅ ခုနှစ်တွင် အမတ်ကြီးလက်ဝဲသုန်ဒ၏သား ဦးအေးအား ရွှေတောင်စည်သူနော်ရထာဘွဲ့ဖြင့် မြင်းမူရွာစား ရေကြည်ဝန်ရာထူးခန့်အပ်လိုက်ပါသည် ။ ထိုစဉ်က ဦးအေးမှာ ၁၅ နှစ်သားအရွယ်မျှသာရှိပါသေးသည်။ ဗဒုံမင်းလက်ထက်တစ်လျှောက် ရေကြည်ဝန်အဖြစ် အမှုထမ်းခဲ့ရသူဖြစ်၏ ။ ၁၈၁၉ ခုနှစ်တွင် စစ်ကိုင်းမင်း( ဘကြီးတော် ) နန်းတက်လာသောအခါ ဦးအေးကိုပင် မင်းကြီး အတုလမဟာသီဟသူ ဘွဲ့ဖြင့် ရေကြည်ဝန် အရာ ဆက်လက် ခန့်အပ်ခဲ့သည်။ အတွင်းဝန် ရာထူးဖြင့် ပူးတွဲ တာဝန်ထမ်းဆောင်ရသဖြင့် ရေကြည်အတွင်းဝန်ဟု ခေါ်ဆိုကြ၏ ။

ရာထူးအပြောင်းအလဲ ပြင်ဆင်ရန်

စစ်ကိုင်းမင်းလက်ထက်၌ပင် မဟာမင်းလှအား ရေကြည်ဝန်အဖြစ်ပြောင်းလဲ ခန့်အပ်ခဲ့သည်။ ရေကြည်ဝန်မဟာမင်းလှသည် ၁၈၂၄ ခုနှစ် ဘိသိက်မဂင်လာပွဲအပြီးတွင် ရွှေစလွယ် ၉ သွယ်အပါဝင် အဆောင်အရွက်များ ပေးအပ်ချီးမြှင့်ခံခဲ့ရ၏ ။ သာယာဝတီမင်း ( ၁၈၁၉- ၁၈၃၇ ) လက်ထက်တွင် မင်းကြီး အတုလ မဟာဓမ္မိကအား ရေကြည်ဝန်အရာ ခန့်အပ်ခဲ့ပါသညည်။ အတွင်းဝန်တစ်ဦးလည်း ဖြစ်သဖြင့် ရေကြည်အတွင်းဝန်ဟူ၍ ခေါ်ဆိုကြသည်။

ရတနာပုံခေတ် ပြင်ဆင်ရန်

၁၈၅၃ ခုနှစ်တွင် မင်းတုန်းမင်းနန်တက်လာပြီးနောက် ဦးမှိုအား မင်းထင်စည်သူဘွဲ့ဖြင့် ရေကြည်ဝန်အရာခန့်အပ်ခဲ့သည်။ မင်းထင်စည်သူသည် မင်းတုန်း၊ ကနောင်မင်းသားများ နောင်တော် ပုဂံမင်းကို နန်းချရန် ရွှေဘိုသို့ထွက်ခွာစဉ် ဆန်ရေရိက်ခာ ထောက်ပံခဲ့သူဖြစ်သည်။ မင်းထင်စည်သူသည် ကျောက်မြောင်းနယ်တွင် ဩဇာညောင်းသူ တစ်ဦးဖြစ်ဟန်ရှိသည်။ ၁၈၅၃ ခုနှစ် ဧပြီလတွင် မင်းထင်စည်သူအား ဗန်မော်စစ်ကဲအရာပေး၍ အဆောင်အရွက် အစီးအနင်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။ သီပေါမင်းလက်ထက်သို့ ရောက်သောအခါ ရေကြည်ဝန်အရာကို ဦးထူးဆိုသူအား ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။ ဦးထူးသည် သီပေါမင်း ပါတော်မူ သွားပြီးနောက် ကိုလိုနီခေတ်ဦးကာလအထိ သက်ရှိထင်ရှားရှိပါသေးသည်။ ဝက်မစွတ်ဝန်ထောက် ဦးလတ်၏ ၄ ဧပြီ ၁၈၉၂ ရက်စွဲပါ ဒိုင်ယာရီမှတ်တမ်းတွင် ရေကြည်ဝန်ဟောင်း ဦးထူး၏အမည်ကို တွေ့ရှိရသည်။ ထို့ပြင် သီပေါမင်းလက်ထက်၌ ဦးကြံ ဆိုသူ ရေကြည်ဝန်ဦး ရှိခဲ့ဖူးကြောင်း ဝက်မစွတ်ဝန်ထောက်၏ ဒိုင်ယာရီ ( ၃- ၁၁ - ၁၈၉၇ ) ရက်စွဲ၌ တွေ့ရှိရပါသေးသည်။ သို့သော် ရေကြည်ဝန် ရာထူးမှာ ကုန်းဘောင်ခေတ်နှောင်း ကာလတွင် အရေးပါသော ရာထူးတစ်ခု မဟုတ်တော့ပေ။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉