ရေခဲ
သန့်စင်သည့် ရေစစ်စစ်သည် သာမန်ဖိအားသာရှိလျှင် အပူချိန်စင်တီဂရိတ် သုညဒီဂရီ၊ သို့မဟုတ် ဖာရင်ဟိုက် ၃၂ ဒီဂရီသို့ ရောက်သောအခါတွင် ရေခဲအဖြစ်သို့ ပြောင်းသွားသည်။ ဆားပါသည့်ရေ ဖြစ်လျှင် ထိုအပူချိန်၌ မခဲသေးဘဲ စင်တီဂရိတ်နှစ်ဒီဂရီမျှ အောက်သို့လျော့ကျသွားမှ ခဲသည်။ အကယ်၍ ရေကို ခွက်တစ်ခုထဲ၌ ထည့်၍ အပေါ်မှ ဆီလောင်းထားသောခွက်ကို ငြိမ်သက်စွာထားလျှင် ဖာရင်ဟိုက် ၁ဝ ဒီဂရီသို့ ရောက်သွားသည့်တိုင်အောင် ရေမခဲဘဲနေသည်ကို တွေ့ရ၏။ သို့သော် ခွက်ကို အနည်းငယ် လှုပ်ပေးလိုက်ရုံနှင့် ရေခဲသွားသည်ကို တွေ့ရမည်။ ရေခဲခြင်းမှာ ရေသည် အရည်အဖြစ်မှ ပုံဆောင်ခဲများအဖြစ်သို့ ပြောင်းလဲ၍ ထိုပုံဆောင်ခဲကလေးများ သိပ်သည်းစွာ စုစည်းပေါင်းစပ်ကြခြင်းပင် ဖြစ်သည်။ ရေခဲ၏ ပုံဆောင်ခဲများသည် အပ်ချောင်းပုံသဏ္ဌာန်ရှိပြီးလျှင် ခြောက်မြောင့် ရှိကြသည်။
အခြားအရာဝတ္ထုတို့နှင့် မတူသော ရေခဲ၏ ထူးခြားကွဲပြားသည့် အချက်မှာ အခြားအရည်တို့ထက် ခဲသွားသည့်အခါ၌ သိပ်သည်းသွားကြသော်လည်း ရေမှာမူ ခဲသွားသည့်အခါမှ ကြွထလာသောအချက် ဖြစ်သည်။ ရေ၏အသိပ်သည်းဆုံး အပူချိန်မှာ စင်တီဂရိတ် လေးဒီဂရီ ဖြစ်သည်။ ရေသည် ခဲသွားသည့်အခါ၌ ရေ၏ ထုထည်ထက် ၁၁ ပုံ တစ်ပုံမျှ ကြွထလာ၍ ရေထက်ပေါ့သွားသဖြင့် ရေပေါ်၌ ပေါလောပေါ်နေသည်။ ရေခဲကို သဘာဝအလျောက်သာ ရရှိနိုင်သည်မဟုတ်၊ စက်ကိရိယာတို့ဖြင့်လည်း လုပ်ယူနိုင်လေသည်။
ရေကို စက်ကိရိယာတို့ဖြင့် ခဲစေရာတွင် ရေသန့်သန့်ကို ထောင့်မှန်စတုဂံ သတ္တုခွက်များတွင် ထည့်ပေးရသည်။ သတ္တုခွက်များ၏ အရွယ်မှာ အဝမျိုးမျိုး ဖြစ်နိုင်သည်။ ထိုခွက်များတွင် အဖုံးများ မပါရှိစေရပေ။ ပြီးလျှင် ထိုသတ္တုခွက်များကို ဆားရည်တွင် ချပေးရသည်။ ထိုနောက် ဆားရည်အတွင်းသို့ အမ်မိုနီယာရည်များကို ပိုက်များဖြင့် သွင်းပေးရသည်။ အမ်မိုနီယာရည်သည် လွန်စွာအေးသဖြင့် ဆားရည်မှ အပူများကို စုပ်ယူပြီးလျှင် အမ်မိုနီယာရည်ကို ဆူစေကာ အမ်မိုနီယာကို ဓာတ်ငွေ့အဖြစ်နှင့် ပျံသွားစေသည်။ ဆားရည်၏ အပူချိန်သည် ဖာရင်ဟိုက် ၆ ဒီဂရီနှင့် ၁၈ ဒီဂရီအတွင်း၌ ရှိသည်။ သတ္တုခွက်များတွင် ထည့်ထားသော ရေများသည် ဘေးဘက်မှစ၍ ခဲကြသည်။ ထိုကြောင့် ရေခဲအဖြစ်နှင့် ကြွတက်သောအခါတွင် အပေါ်ဘက်သို့သာ ကြွတက်လေသည်။ သတ္တုခွက်များအတွင်းရှိ ရေများ ခဲသွားပြီးသောအခါ ထိုခွက်များကို စက်ဖြင့် မယူပြီးလျှင် ရေနွေးတွင် ချပေးသည်။ ထိုအခါ ရေခဲတုံးများသည် သတ္တုခွက်များအတွင်းမှ ကျွတ်ထွက်လာနိုင်ကြလေသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)