ရေဆင်
ရေဆင်ဆိုသော သတ္တဝါ ရှိမရှိ ယခုတိုင် အငြင်းပွားဆဲဖြစ်သည်။ သို့သော် ဆင်သမားတိုင်းကတော့ ရေဆင်တကယ်ရှိကြောင်း ပြောဆိုနေကြဆဲပါ။ ရေဆင်သည် ရေထဲတွင် ငါးများကဲ့သို့ နေနိုင်ပြီး ကုန်းပေါ်တွင် နာရီအနည်းငယ် အသက်ရှုနေထိုင်နိုင်သည်။ ရေဆင်သည် ဆင်ပုံစံအသေးစားလေးဖြစ်ပြီး အရွယ်အစားမှာ အလျားလေးလက်မ၊ ငါးလက်မ၊ အမြင့် သုံးလက်မခန့် ရှိသည်ဆိုသည်။ ရေထဲရှိ ရေမှော်ပင်များကို စားသောက်ကာ အသက်ရှင်နေကြပြီး ညအခါကြမှ ကုန်းပေါ်သို့ တက်တတ်သည်ဟုဆိုသည်။ ကျောက်ဆောင်ကျောက်တုံးများ ပေါသောရေအိုင်များတွင် အနေများတတ်သည်။ ရေဆင်သည် အဆိပ်ပြင်းသည်ဟု ဆိုကြသည်။ ရေဆင်ရှိသော နေရာများကို ကုန်းဆင်ကြီးများ မလာရဲကြပေ။ ရေဆင်ကိုက်လျှင် ချက်ချင်းသေတတ်သည်ဟု သိရသည်။
၁၉၇၀- ပြည့်နှစ်လောက်တွင် ရေဆင်အကြောင်း ဟိုးလေးတစ်ကျော်ကျော် ဖြစ်ဘူးလေသည်။ ၁၉၇၀- ပြည့်နှစ်၊ ဩဂုတ်လ(၁၃)ရက် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတွင် သံတွဲမြို့နေ တိရစ္ဆာန်ဆေးကုဆရာဝန် ဦးဘမြိုင်ကိုယ်တိုင် ရေဆင်အမတစ်ကောင်၊ အထီးတစ်ကောင်(အသေ)ကို တံငါသည်များမှတဆင့် ရရှိခဲ့ဖူးကြောင်း ပါရှိလေသည်။ ရေဆင်အမကို ၁၉၃၀-ပြည့်နှစ်တွင် စစ်တွေခရိုင်၊ ပေါက်တောမြို့၊ သရွန်ဂါကျွန်းအုပ်စု အပါအဝင် ဆံတော်ရှင်ကျွန်းတောင်ဘက်ကမ်းမှ ရရှိခဲ့သည်။ ရေဆင်အထီးကို ၁၉၃၅-ခုနှစ်တွင် သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မဒင်ကျွန်း၊ ငဆောက်ကျေးရွာ အနောက်ဘက်မှ ရရှိခဲ့ဖူးကြောင်း ရေးသားထားသည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာကိုယ်တိုင် ပျဉ်းမနား တောင်တွင်းကြီးနယ် ပဲခူးရိုးမအနောက်ဘက် သစ်တောအတွင်း ကျောက်ရေအိုင် တစ်ခုမှ ရေဆင်တစ်ကောင် အရှင်ဖမ်းမိခဲ့သည်ဟု ရေးသားခဲ့သည်။ ရေဆင်အမ၏ အရောင်သည် မွဲပြာ၍ ချောမွေ့သည်။ ခြေနှင့်လက်ပါရှိသည်။ ခြေချောင်းငယ် လေးချောင်းစီပါသည်။ အထက်အောက် အံ့သွားနှစ်ချောင်းစီ တွေ့ရသည်။ ဆင်မတစ်ကောင်၏ အစိတ်အပိုင်းပါရှိသည်။ အသားစားသည့် လက္ခဏာမရှိ၊ ရေမှော်များသာ စားသည်။ ရေဆင်အထီးသည် မီးခိုးရောင်သန်းသော အဖြူရောင်ရှိသည်။ ခြေချောင်း လေးချောင်းစီရှိသည်။ အဖြူရောင်အစွယ်ရှိပြီး လုံးပတ်မှာ မီးခြစ်ဆံချောင်းခန့် ရှိသည်။ အထက်အောက် အံ့သွား ပါရှိသည်။ မျိုးပွားအင်္ဂါ အပြည့်အစုံ ပါရှိသည်။
မန်လည်မြို့ဟောင်းရှိ မန်လည်ဆရာတော်ပြတိုက်တွင် မီးခြစ်ဆံချောင်းခန့်ရှိသော ရေဆင်စွယ်ကို ပြသထားလေသည်။ တစ်ချိန်က ရုပ်ရှင်မင်းသားတစ်ဦးသည် နိုင်ငံတော်ကို ထူးဆန်းသည့် ရေဆင်(အသေ)တစ်ကောင်ကို လှူဒါန်းကြောင်း သတင်းစာထဲတွင် ပါရှိလေသည်။ ထိုလှူဒါန်းလိုက်သော ရေဆင်သည် ရေဆင်အစစ်မဟုတ်ဘဲ မြေကြွက်ကို လုပ်ထားကြောင်း စာရေးဆရာ သာဂဒိုးက စိုက်ပျိုးရေးပြတိုက်သို့ တင်ပြအသိပေး ဖော်ထုတ်ဖူးသည်။ ထိုသို့ ဇာတ်လမ်းများကြောင့် အထောက်အထား လက်ဆုပ်လက်ကိုင် ပြစရာမရှိသဖြင့် ရေဆင်ဆိုသည်မှာ ပုံပြင်ပမာဖြစ်သွားခဲ့ရလေသည်။
ကိုးကား
ပြင်ဆင်ရန်- ဖိုးကျော့၏ ဆင်သင်္ချိုင်း ရှာပုံတော်နှင့် အခြားဝတ္ထုတိုများ၊
- မောင်ကြည်သန့်၏ အငြင်းပွား အမှတ်လွဲ လူသိနည်း မြန်မာဖြစ်ရပ်(၁၀ဝ)၊
- သာဂဒိုး၏ စာနယ်ဇင်း စွမ်းအား အသုံးမှားသော် ဆောင်းပါး၊