ရေပူစမ်းနှင့် မီးတောင်သည် သဘောတွင် တူလေသည်။ မီးတောင်တွင် အရည်ပျော်နေသော ကျောက်များ ပန်းထွက်လာ ၍ ရေပူစမ်းတွင် တွင်းထွက်ပစ္စည်းများ ပျော်ဝင်ပါရှိသည့် ရေပူ များ ပန်းထွက်လာသည်။ ရေပူစမ်းများသည် မီးတောင်များရှိခဲ့ ဖူးသော နေရာမျိုးတွင် ရှိတတ်သည်။ ထိုနေရာမျိုးတွင် မြေ မျက်နှာပြင် အနီး၌ အပူရှိန်အတော်များများ ရှိနေသေးသည်။ များသောအားဖြင့် ရေပူစမ်းများသည် မြစ်များနှင့် အိုင်များအနီး အနားတွင် ဖြစ်ပေါ်တတ်သည်။

အမေရိကန်ပြည်ထောင်စု ယဲလိုးစတုန်း အမျိုးသားဥယျာဉ်ရှိ ရေပူစမ်းတစ်ခု

မြေမျက်နှာပြင်၏ အောက်ဘက် အတော်နက်ရှိုင်းသော နေရာတွင် ရေသည် မြေကြီးအတွင်း စီးဆင်းနေ၏။ မြေမျက်နှာပြင်မှ မြေကြီးအတွင်း အတော်ပင်နက်သည်အထိ အခေါင်း တစ်ခုလည်း ဖြစ်ပေါ်နေ၏။ ရေအေးများသည် ဤအခေါင်း တစ်လျှောက်မှ စိမ့်ဝင်သွား၍ အလွန်ပူသော ကျောက်များ ရှိရာသို့ ရောက်သွားသည်။ ထိုနောက် အခေါင်းမှာ ရေပြည့် သွား၏။ အောက်ဘက်ကျသော ရေသည် ကျောက်များ၏ အပူရှိန်ကြောင့် ပူလာလေသည်။ သို့သော် အပေါ်ဘက်ရှိ ရေထုကြောင့် ဆူတက်မလာနိုင်ပေ။

တဖြည်းဖြည်းနှင့် အောက်ဘက်ရှိ အပူချိန် ရေဆူမှတ် လွန်သည်အထိ ပူလာသောအခါတွင် ရေနွေးငွေ့များ ဖြစ်လာ ကာ ရေပွက်များက အခေါင်းရှိ ရေအချို့ကို မြေမျက်နှာပြင်ရှိ ထွက်ပေါက်အပြင်သို့ ပင့်တင်ပေး လိုက်၏။ ဤသို့အားဖြင့် ရေထုသည် ပေါ့လာ၍ ရေအတော်များများ ရေနွေးငွေ့အဖြစ် ပြောင်းလဲသွားသည်။ ထိုအခါ ရေထုကို ပိုမိုပင့်တင်ပေး လိုက်ပြန်၍၊ ထိုနောက်တွင် အခေါင်းအောက်ပိုင်းနားရှိ ရေ အားလုံး ရုတ်ခြည်း ရေနွေးငွေ့များ ဖြစ်သွားပြီးလျှင် ကျန် ရေများကို ရေနွေးငွေ့အဖြစ် ပန်းထွက်စေလေသည်။ အေးသွား ပြန်၍ မြေကြီးအတွင်း အခေါင်းသို့ ရောက်သည်အထိ စိမ့်ဝင် သွားလေသည်။

ရေပူစမ်းများသည် ရေပူများကို ပန်းထုတ်ကြရာ၌ အချိန်မှန်မှန် ပန်းထုတ်ကြသည်လည်း ရှိ၏။ တစ်ကြိမ်နှင့် တစ်ကြိမ် အချိန်ချင်း မတူကြသည်လည်း ရှိ၏။ အချို့သည် တစ်နာရီအတွင်း အကြိမ်ပေါင်းများစွာ ပန်းထွက်နေတတ်၏။ အချို့ကား တစ်ကြိမ်နှင့် တစ်ကြိမ် နာရီပိုင်း ရက်ပိုင်းသာမက လပိုင်းနှင့်ပင် ချီ၍ ကွာခြားပြီးလျှင် ပန်းထွက်တတ်လေသည်။ ထိုပြင် အချို့ရေပူစမ်းများသည် ပေအနည်းငယ်မျှသာ မြင့်လျက် ပန်းထွက်နေတတ်၍ အချို့မှာမူ ပေ ၂၃ဝ ခန့် မြင့်သည်အထိ ရေပူများ ပန်းထွက်နေတတ်လေသည်။

ရေပူစမ်းတွင် မြေမျက်နှာပြင်သို့ တက်လာသော ကတော့ ပုံသဏ္ဌာန် မီးတောက်ထိပ်ဝမျိုး ရှိတတ်သည်။ ထိုအပေါက်မှ အချိန်မှန်မှန်လိုပင် ရေပူနှင့် ရေနွေးငွေ့များ ပန်းထွက်နေလေ့ ရှိသည်။ အချို့ ရေပူစမ်းများက ရွံ့များကို ပန်းထုတ်တတ်လေ သည်။ အချို့ရေပူစမ်းများတွင် ကြက်ဥကိုပင် ပြုတ်နိုင်အောင် ရေပူသည်။

ရေပူစမ်း၏ ပတ်ဝန်းကျင်တွင် တွင်းထွက်ပစ္စည်းများ အစု အပုံဖြစ်နေသည်ကို တွေ့ရတတ်သည်။ ထိုသို့ ဖြစ်ရသည်မှာ ရေပြန်အေးသွားခြင်းနှင့် အငွေ့ပျံခြင်းတို့ကြောင့်သာမက အထူး သဖြင့် အယ်လဂျေခေါ် အပင်ငယ်ကလေးများက ရေအတွင်းရှိ ဆီလီကာနှင့် အခြား တွင်းထွက်ပစ္စည်းများကို စုပ်ယူကြခြင်းကြောင့် ဖြစ်သည်။ ထိုအစုအပုံများ၏ လှပသော အရောင် များမှလည်း ထိုအပင်ငယ်ကလေးများ ရှိနေကြခြင်းကြောင့် ဖြစ် လေသည်။

ရှေးအခါက အိုက်စလန်ကျွန်း၌သာ ရေပူစမ်း အများ အပြားရှိသည်ဟု ထင်မှတ်ခဲ့ကြ၏။ သို့သော် အမေရိကန်ပြည်ထောင်စု ဝိုင်အိုမင်းပြည်နယ်၊ ယဲလိုးစတုန်း အမျိုးသား ဥယျာဉ်အတွင်း၌ရှိသော ရေပူစမ်းများသည် ကျန်ကမ္ဘာပေါ်ရှိ ရေပူစမ်းများထက်ပင် အရေအတွက်အားဖြင့် များပြားသေး သည်။ နယူးဇီလန် ကျွန်းတွင်လည်း ရေပူစမ်း အများအပြား ရှိသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ အနှံ့အပြားတွင် အထူးသဖြင့် ရှမ်းပြည်နယ်တွင်လည်း ရေပူစမ်းများ ရှိသည်။ ပန်းထွက်လာ သည့် ရေပူများတွင် များသောအားဖြင့် ဓာတ်ဆားများ ပါလာ လေ့ရှိသည်။ ပါလာသည့်ဓာတ်ဆားများအနက် လိုင်းဆာလဖိတ် နှင့် မဂ္ဂနီရှာ ဆာလဖိတ်တို့ကများ၍ အယ်လကာလီများလည်း အနည်းအကျဉ်း ပါလာတတ်သည်။ ထိုအယ်လကာလီများတွင် လည်း ပိုတက်အယ်လကာလီသာ အပါများလေသည်။ ထိုရေပူစမ်းများသည် များသောအားဖြင့် ဂေါက်နာနှင့် ရူမက် တစ်ဇင်ရောဂါ တာရှည်စွဲကပ်နေသူများအတွက် များစွာ အကျိုး ဖြစ်ထွန်းစေနိုင်သည်ဟု ဆိုလေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)