ရေပြင်ညှိဆည်
အချို့သောတူးမြောင်းများ၌ ရေပြင်ညှိဆည်များ တပ်ဆင် ထားသည့်အကြောင်းကို ကြားဖူးကြပေမည်။ ရေပြင်ညှိဆည် ဆိုသည်မှာ တူမြောင်းအတွင်း မြင့်ရာမှ နိမ့်ရာသို့ဖြစ်စေ၊ နိမ့် ရာမှ မြင့်ရာသို့ဖြစ်စေ သင်္ဘောများ တက်ဆင်းသွားလာနိုင် အောင် ရေမျက်နှာပြင်ကို နှိမ့်ပေး၊ မြှင့်ပေးနိုင်သော စီမံချက် ဖြင့် ဆောက်လုပ်ထားသည့် သေတ္တာပုံသဏ္ဌာန် ရေကန်အရှင် ပင် ဖြစ်၏။ ရေကန်ပေါင်နှင့် အောက်ခံများကို ကွန်ကရိဖြင့် ပြုလုပ်ထား၍ အထက်ဘက်နှင့် အောက်ဘက်တွင် ဖွင့်နိုင် ပိတ်နိုင်သော သံမဏိတံခါးအရှင်ကြီးများ တပ်ဆင်ထားသည်။ ရေသွင်းရေလွှတ်ပေါက်များကိုလည်း တပ်ဆင်ထားသည်။ ရှေးကဆိုလျှင် တူးမြောင်းများကို နေရာတိုင်း၌ ဖောက် ချင်သလို မဖောက်နိုင်၊ မြေမျက်နှာပြင်ညီသော ဒေသများ၌သာ ဖောက်လုပ်နိုင်ခဲ့ပေသည်။ တိုးတက်လာသော အင်ဂျင်နီယာ ပညာ၏ ကျေးဇူးကြောင့် ၁၄ ရာစုနှစ်၊ သို့မဟုတ် ၁၅ ရာစု နှစ်လောက်တွင် ရေပြင်ညှိဆည်များ ဆောက်လုပ်သည့်အတတ် ကို တတ်ကျွမ်းနားလည်ပြီးသည့် နောက်တွင်ကား တူးမြောင်း ဖောက်လုပ်သည့် လုပ်ငန်းသည် အဆပေါင်းများစွာ လွယ်ကူ လာပေတော့သည်။
ကမ္ဘာကျော် ပနားမားတူးမြောင်းကြီးတွင် တစ်နေရာ၌ သင်္ဘောများကို ပေ ၈ဝ အမြင့်သို့ တစ်ဆင့်ပြီး တစ်ဆင့် တင် ပေးရသော တာဝန်ကို ထမ်းဆောင်ရသည့် ဂါတွန်းရေပြင်ညှိ ဆည်များ ရှိသည်။ အလျားပေ ၁ဝဝဝ၊ အနံ ပေ ၁၁ဝ၊ အနက် ၈၁ ပေရှိကာ ကွန်ကရိကုဗကိုက်ပေါင်း နှစ်သန်းဖြင့် ဆောက်လုပ်ထားခြင်း ကို ထောက်၍ မည်မျှကြီးမားသည့် ရေပြင်ညှိဆည်ကြီး ဖြစ်မည်ကို ခန့်မှန်းနိုင်လောက်ပေသည်။ ကမ္ဘာပေါ်ရှိ အကြီးဆုံးသင်္ဘောကြီးပင် လွယ်ကူချောင်ချိစွာ ဖြတ်သန်းသွားလာနိုင်အောင် ကြီးမားပေသည်။ ထိုရေပြင်ညှိ ဆည်ကြီးတွင် ရေကို ဖွင့်ပိတ်ပေးနိုင်သည့် ဧရာမသံမဏိတံခါး ကြီးများ တပ်ဆင်ထားသည့်အနက် တံခါးတစ်ခုမှာ ခြောက်ထပ် တိုက်မက မြင့်၍ အထူခုနစ်ပေ၊ အကျယ် ၆၅ ပေရှိရကား တန်ချိန် ၅ဝဝ ခန့် အလေးစီးသည်ဟု ဆို၏။ ထိုမျှကြီးမား လေးလံသော်လည်း ထိုတံခါးကြီးများကို လျှပ်စစ်ဓာတ်အားဖြင့် အလွယ်တကူပင် ဖွင့်နိုင် ပိတ်နိုင်ပေသည်။ ရေသွင်းရေလွှတ် ပေါက်ပေါင်းမှာ ၁ဝ၅ ခု ရှိလေသည်။
သင်္ဘောတစ်စီးသည် ထိုရေပြင်ညှိ ဆည်ကြီးကို အနိမ့်မှ အမြင့်သို့ ကျော်ဖြတ်လိုသောအခါ ရေပြင်ညှိဆည်၏ အထက် ဘက်ရှိ တံခါးများကို ပိတ်ထားပြီးလျှင် အောက်ဘက်ရှိ တံခါး များကို ဖွင့်ထားရသည်။ ပြီးလျှင် ကမ်းနဖူးတစ်လျှောက်တွင် ခုတ်မောင်းသော မီးရထားခေါင်းတွဲမှ ကြိုးများဖြင့် ထိုသင်္ဘော ကို ပထမဆင့် ရေပြင်ညှိဆည်ထဲသို့ ဆွဲသွင်းပေးသည်။
ထိုနောက် သံမဏိတံခါးများကို ပိတ်၍ ဒုတိယဆင့် ရေပြင်ညှိ ဆည်နှင့် ရေမျက်နှာပြင်ချင်း ညီလာသည့်တိုင်အောင် ရေသွင်း ပေးရသည်။ ထိုနောက် ပထမနှင့် ဒုတိယဆည် အကြားရှိ သံမဏိတံခါးကို ဖွင့်၍ သင်္ဘောကို ဒုတိယဆည်အတွင်းသို့ ခုတ်မောင်းစေပြီးလျှင် တတိယဆည်အတွင်းရှိ ရေနှင့် ရေ မျက်နှာပြင် ညီအောင် ရေသွင်းပေးရပြန်သည်။ ဤနည်းဖြင့် သင်္ဘောသည် တစ်နာရီအတွင်း ပေ ၈ဝ မျှ အမြင့်သို့ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာပြီးသော် တူးမြောင်း တစ်လျှောက် ဆက်လက်၍ ခုတ်မောင်းသွားနိုင်လေသည်။ ထူးခြားချက်တစ်ခုမှာ အဆိုပါ ရေပြင်ညှိဆည်ကြီးတွင် အတက် အဆင်း သင်္ဘောနှစ်မျိုးအတွက်ရအောင် တံခါးနှစ်ထပ်သဘော ဖြင့် စီမံထားသောကြောင့် သင်္ဘောအချို့က နိမ့်ရာမှ မြင့်ရာသို့ တက်နေသည့်အချိန်မှာပင် အမြင့်မှအနိမ့်သို့ဆင်းသည့် သင်္ဘော များကလည်း ဆင်းနေနိုင်ပေသည်။
ဂျာမနီနိုင်ငံကို ဖြတ်၍ မြောက်ပင်လယ်မှ ဗောလတစ် ပင်လယ်အရောက် ဖောက်လုပ်ထားသည့် ကီးတူးမြောင်း တစ်ဖက်တစ်ချက်တွင် ရှိသော ရေပြင်ညှိဆည်ကြီးများမှာ ပနားမားတူးမြောင်းရှိ ရေပြင်ညှိဆည်တို့ထက်ပင် ကြီးသည်ဟု သိရသည်။ ထိုတူးမြောင်းကို ၁၈၈၇ ခုနှစ်တွင် စတင်၍ ဆောက်လုပ်ပြီးလျှင် ၁၈၉၅ ခုနှစ်တွင် အပြီးသတ်သည်။ မကြာသေးသောနှစ်များအတွင်းက ထိုတူးမြောင်းကို ပြန်လည် ပြုပြင်ခဲ့ရာ ယခုအခါတွင် ထိုတူးမြောင်း၏ အတိမ်ဆုံးနေရာ သည် ၃၆ ပေ နက်၍ တူးမြောင်း၏ အောက်ဘက်တွင် ၁၄၄ ပေ ကျယ်သည်။ အပေါ်မျက်နှာပြင်အကျယ်မှာ ၃၃၅ ပေ ဖြစ် သည်။ အဆိုပါတူးမြောင်းသည် ၆၁ မိုင်ရှည်လေသည်။ အင်္ဂလန်နိုင်ငံရှိ မန်ချက်စတာတူးမြောင်းသည် ၃၅ ၁/၂ မိုင်သာ ရှည်သော်လည်း တူးမြောင်းများတွင် အထူးခြားဆုံးဟု ဆိုနိုင် ပေသည်။ ရေပြင်ညှိဆည် အစုံပေါင်း ငါးစုံရှိသည်။ ထို ရေပြင်ညှိ ဆည်များဖြင့် ရေပြင်ကို ပြုပြင်ပေးနိုင်၍ မန်ချက် စတာမြို့နှင့် ပင်လယ်ကမ်းခြေတို့၏ မျက်နှာပြင်အနိမ့်အမြင့် ခြားနားချက် ၅၈ ၁/၃ ပေသည် ပပျောက်သွားပြီးလျှင် မန်ချက်စတာမြို့ကို ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်စေလေသည်။ ဆွီဒင်နိုင်ငံရှိ ယားတာတူးမြောင်းတွင်လည်း ရေပြင်ညှိ ဆည် ပေါင်း ၅၈ ခုမျှ ရှိ၏။ ဆူးအက်တူးမြောင်းတွင်မူ ရေပြင်ညှိ ဆည် ဆို၍ တစ်ခုမျှ မရှိချေ။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)