ရေမြင်း (ငါး) ပြင်ဆင်ရန်

ပါဏဗေဒအလိုအားဖြင့် ဟစ်ပိုကမ်းပတ် အန်တိုကိုရမ်ခေါ် ရေမြင်းကို တစ်ခါတစ်ရံ ရေ နဂါးဟုလည်း ခေါ်ကြသည်။ ထို ငါးသည် ဆင်နတ်သီးဒီးမျိုးရင်းတွင် ပါဝင်လေသည်။ ရေမြင်း သည် ထူးခြားသည့် ပုံသဏ္ဌာန်ရှိသော ငါးကလေးဖြစ်သည်။ မြင်းကလေးတစ်ကောင်၏ ဦးခေါင်းနှင့် ထိုငါးကလေး၏ ဦးခေါင်းသည် တူသဖြင့် ယင်းအားရေမြင်းဟု အမည်ပေးကြခြင်း ဖြစ်သည်။ အပူပိုင်းနှင့် သမပိုင်းဒေသရှိ ပင်လယ်သမုဒ္ဒရာများ တွင် ရေမြင်းမျိုးစိတ်ပေါင်း လေးဆယ်ခန့် ရှိသည်ကို တွေ့ရ သည်။

ရေမြင်း၏ကိုယ်လုံးသည် နဂါး၏ကိုယ်နှင့် တူခြင်းကြောင့် ရေနဂါးဟုလည်း ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။ ကိုယ်ပေါ်၌ အရိုး ကဲ့သို့ မာကျောသော အခွံနှင့် ဆူးများရှိသည်။ ရေမြင်း၌ ရှည် လျားသော နှုတ်သီးနှင့် အဖျား၌ သေးငယ်သောပါးစပ် ရှိသည်။ ထို့ပြင် ရေမြင်း၌ စူ၍ထွက်နေသော မျက်စိများလည်း ရှိသည်။ ရေမြင်း၏ အရွယ်သည် နှစ်လက်မမှ နှစ်ပေအထိ ရှည်၍ သွယ်ပြောင်းသောအမြီးဖြင့် ရေထဲ၌ ပေါက်သော ပင်လယ် ကျောက်ပွင့်အပင်များတွင် ရစ်ပတ်ကာ မတ်မတ်နေတတ်သည်။ အမြီး၌ ဆူးတောင်မရှိချေ။ ကျောဆူးတောင်၊ ရင်ဆူးတောင်များ ဖြင့်သာ ကူးလူးသွားလာသည်။ ရေကူးမသန်ချေ။ အင်္ဂလန်ပြည် လန်ဒန်မြို့ တိရစ္ဆာန်ဥယျဉ်အတွင်း၌ ထိုကဲ့သို့ ထူးခြားသော တိရစ္ဆာန်များကို မွေးမြူရန် အထူးပြုလုပ်ထားသည့် ကန်များ ရှိသည်။ အဖိုသည် မိမိအမြီးအောက်ဘက်၌ ရှိသော အိတ်ထဲ တွင် ဥများကို သယ်ယူကာ ထိုအိတ်ထဲ၌ပင် သားပေါက်စေ သည်။ ရေမြင်း၏ အရောင်၊ ဆူးနှင့် အခွံမာများသည် မှော်ပင် များနှင့် တူသဖြင့် ယင်းအား ရုတ်တရက် မမြင်နိုင်ချေ။ ရေမြင်းသည် အနီးအနား၌ ဖြတ်သန်းသွားလာသော ရေ သတ္တဝါငယ်ကလေးများနှင့် အခြားငါးမျိုးများ၏ ဥများကို စုပ်ယူ၍ စားသောက်လေသည်။ ကင်းဝန်မင်းကြီးသည် မြန်မာ သက္ကရာဇ် ၁၂၃၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ သံတော်အရာရှိ ကြီးအဖြစ် သွားရောက်စဉ်အခါ ပါရစ်မြို့ရှိ ဗူးလွန်ဥယျာဉ်သို့ အလှည့်အပတ် အကြည့်အရှု သွားရောက်သည့်အကြောင်း ပြင်သစ်နိုင်ငံသွား နေ့စဉ်မှတ်တမ်းစာတမ်းတွင် ဖော်ပြရာ၌- .၎င်းဥယျာဉ်အတွင်း တိုက်ကြီးတစ်ခုနှင့် လှောင်၍ မွေးထားသည့် ငါးအမျိုးမျိုးများကို တွေ့မြင်ရသည်မှာ အရှည် တစ်ညိ|ုခန့် တစ်ထွာခန့် နဂါးရုပ်ငယ်ကဲ့သို့ ကျောက်ကုန်းလယ် တွင် ဆူးတောင်ကို လှုပ်လျက်၊ ဥက္ခောင်းကို အထက် အမြီးကို အောက်ထား၍ ရေထဲတွင် မတ်ရပ်သွားသည့် ရေမြင်းခေါ်သည့် ငါး၊ .ဆိုခဲ့သည့် ရေတိရစ္ဆာန်မျိုးများတွင် ရေမြင်းခေါ်သည့် တိရစ္ဆာန်ကို ငါတို့မြန်မာနိုင်ငံ ရွှေတိုက်တွင် နဂါးသေခြောက် အမှတ်အသားနှင့် တွေ့မြင်ဖူးသည်။ဟု ရေမြင်းအကြောင်း ပါရှိလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)