ရေဝတထေရ်

ဗုဒ္ဓဝင် ရဟန်း

ဂေါတမမြတ်စွာဘုရား၏ ဓမ္မသေနာပတိ ဖြစ်တော်မူသော လက်ယာတော်ရံ အရှင်သာရိပုတ္တရာ၏ ညီတော်အငယ်ဆုံး သည် ရေဝတ ဖြစ်သည်။ အရှင်သာရိပုတ္တရာ အလောင်းတော် ဖြစ်သော ဥပတိဿသည် ဝင်္ဂန္တပုဏ္ဏားနှင့် သာရီပုဏ္ဏေးမတို့မှ မွေးဖွားသော သားသမီး ခုနစ်ဦးအနက် အကြီးဆုံး ဖြစ်သည်။ ဥပတိဿ၏အောက်တွင် ဥပသေနဟူသော ဒုတိယသား တစ်ယောက်၊ စာလာဟူသော သမီးတစ်ယောက်၊ ဥပစာလာ ဟူသော သမီးတစ်ယောက်၊ သီသူပစာလာဟူသော သမီး တစ်ယောက်၊ စုန္ဒဟူသော သားတစ်ယောက်နှင့် ရေဝတဟူသော သားတစ်ယောက်ကို ဆက်ကာ ဆက်ကာ ဖွားမြင်လေသည်။


အရှင်သာရိပုတ္တရာ အလောင်း ဥပတိဿ ရဟန်းပြု သွားသောအခါ ညီဖြစ်သူ ဥပသေနသည် အရှင်သာရိပုတ္တရာကို ချစ်ခင်၍ ကျောင်းတော်သို့ တစ်လတစ်ကြိမ် လာရောက်လေ့ရှိရာ တစ်နေ့သ၌ မြတ်စွာဘုရား၏ တရားတော်ကို နာရသဖြင့် သစ္စာတရားကို မြင်သောကြောင့် ထိုနေ့ပင် သာသနာတော်သို့ဝင်၍ ရဟန်းပြုလေသည်။

နှမများဖြစ်ကြသော စာလာ၊ ဥပစာလာနှင့် သီသူပစာလာ တို့သည်လည်း သာသနာတော်၌ ဘိက္ဓုနီများ ပြုလုပ်ကြ၍ ရဟန္တာများ ဖြစ်ကြကုန်သည်။ စုန္ဒအမည်ရှိသည့် အရှင်သာရိပုတ္တရာမထေရ်မြတ်၏ ညီတော်ငယ်သည်လည်း နောင်တော်နှင့် အစ်မတော်များထံသို့လာရာတွင် အရှင်သာရိပုတ္တရာက ဝတ်စားတန်ဆာကို ချွတ်စေ၍ ရှင်သာမဏေပြုပေးတော်မူရာ ခုနစ်နှစ်သား အရွယ် ထိုသာမဏေငယ်ကလေးသည် ဆံချသည့်အဆုံး၌ပင် တစပဉ္စကကမ္မဋ္ဌာန်းကို ပွား၍ ရဟန္တာ ဖြစ်သွားလေသည်။

အရှင်သာရိပုတ္တရာ၏ မယ်တော်ဖြစ်သော သာရီပုဏ္ဏေးမကြီးကလည်း သားသမီးခုနစ်ယောက် ရှိသည့်အနက် သား အငယ်ဆုံး ရေဝတကလေး တစ်ယောက်သာ အိမ်၌ ကျန်ရစ် တော့သဖြင့် ရဟန်းမပြုနိုင်စေရန် အမျိုးမျိုး အကြံထုတ်လျက် ရှိနေရာမှ နောက်ဆုံးတွင် ရေဝတကလေးကို ခုနစ်နှစ်အရွယ် ငယ်စဉ်ကပင် လက်ထပ်ထိမ်းမြား၍ အိမ်ထောင်မဦသံယောဇဉ်ကြိုးဖြင့် ချည်နှောင်ထားရန် ကြံစည်စိတ်ကူးမိလေသည်။ မယ်တော်က ထိုသို့ သာသနာတော်သို့ ဝင်၍ ရဟန်းပြုခြင်းကို မလိုလားသဖြင့် အတားအဆီးပြုလုပ်လိမ့်မည်ကို သိတော်မူသော အရှင်သာရိပုတ္တရာ မထေရ်မြတ်က သီတင်းသုံးဖော်ဖြစ်သော ရဟန်းတို့အား 'ငါ့ညီရေဝတ ရှင်ရဟန်းပြုလိုပါသည် ဆို၍ ကျောင်းသို့ရောက်လာလျှင် ချက်ချင်းသာ ရှင်သာမဏေ ပြုပေးကြကုန်လော့'ဟု မှာကြားထားတော်မူလေသည်။

သာရီပုဏ္ဏေးမကြီးသည် မိမိ၏ သားအငယ်ဆုံး ရေဝတ အား မနီးမဝေးရွာတစ်ရွာ၌ ရှိသော အမျိုးဇာတ်၊ ဂုဏ်ရည်တူ အမျိုးသမီးကလေးတစ်ဦးနှင့် စေ့စပ်‌ကြောင်းလမ်းပြီးလျှင် ထိမ်းမြားလက်ထပ်ရန် ရက်သတ်မှတ် လိုက်လေသည်။ ချိန်း ထားသည့်နေ့သို့ ရောက်သောအခါ ရေဝတကို မင်္ဂလာဆောင် သတို့သားအဖြစ် ကောင်းမွန်စွာ ဝတ်စားတန်ဆာ ဆင်ယင်စေ၍ အခြွေအရံ မြောက်မြားစွာနှင့် သတို့သမီး၏အိမ်သို့ ခေါ်ဆောင် သွားလေသည်။ မင်္ဂလာပွဲ ဆင်ယင်သောအခါ သတို့သမီး၏ ကြီးပွားချမ်းသာခြင်းကို လိုလားတောင့်တကြသည့်အတိုင်း သတို့သမီး၏ ဆွေမျိုးတို့က 'သင့်အဖွား သိအပ်သောတရားကို သင်လည်း သိပါစေ၊ သင့်အဖွားကဲ့သို့ ကြာမြင့်စွာ အသက် ရှည်ပါစေ'ဟု ဆုပေးကြလေသည်။

ထိုအခါ ရေဝတသတို့သားက သတို့သမီး၏ အဖွားကား အဘယ်သူဖြစ်သနည်းဟု မေးလေလျှင် အသက် ၁၂ဝ ရှိလျက် သွားကျိုး၊ ဆံဖြူ၊ အရေတွန့်၊ မှည့်စွဲ၍ နံရိုးကြဲတဲရှိသော အမေ အိုကြီးကို ညွှန်ပြကြသဖြင့် သတို့သမီးကလေးသည်လည်း သို့ ဖြစ်ဦးမည်လော ဆက်၍မေးမြန်းသောအခါ အကယ်၍ အသက်ရှည်လျှင် ဤသို့ပင် ဖြစ်ရလိမ့်ဦးမည်ဟု ဖြေရာ ပါရမီ အခံ ရင့်ကျက်ပြီးသူ ရေဝတသတို့သားသည် ဤမျှ လှပ တင့်တယ်သော ကိုယ်ကိုပင် အိုမင်းခြင်းသည် ဤမျှ ဖောက်ပြန်ခြင်းသို့ ရောက်စေဦးမည်ပါတကား၊ ငါ၏ နောင်တော်ကြီးသည် ဤဆင်းရဲခြင်းကို မြင်သည်ဖြစ်လတ္တံ့။ ငါလည်း ယနေ့ပင် ထွက်ပြေး၍ နောင်တော်ကြီးကဲ့သို့ ရဟန်း ပြုတော့အံ့ဟု အကြံဖြစ်လေသည်။

မင်္ဂလာပွဲ ပြီးစီးသောအခါ မိဘတို့သည် သတို့သမီးငယ် ကို ရေဝတသတို့သားနှင့်အတူ ယာဉ်ငယ်တစ်ခုကို စီးစေလျက် ရွာသို့ ခေါ်ဆောင်ခဲ့လေသည်။ ထွက်ပြေးရန် အကြံရှိသော ရေဝတသည် ခရီးသွား၍ အတန်ငယ်ကြာသောအခါ ကိုယ်လက်သုတ်သင်လိုပါသည်ဟု အကြောင်းကြားရာ ယာဉ်ငယ်ကို ရပ်ပေးသဖြင့် ချုံတစ်ချုံ၌ ခေတ္တမျှ နေပြီးလျှင် ယာဉ်ငယ်သို့ ပြန်သွား၏။ နောက်ခရီး အနည်းငယ် သွားမိပြန်သော ယခင်အတိုင်းပင် ဆိုပြန်သဖြင့် ယာဉ်ငယ်ကို ရပ်ပေးကြပြန်သည်။ ယခင်အတိုင်း ချုံတစ်ချုံတွင် ခေတ္တမျှနေပြီးလျှင် ယာဉ်ငယ်သို့ ပြန်လာ၍ ခရီးဆက်ကြပြန် သည်။ တစ်ဖန် ခရီးအတန်ငယ် သွားမိပြန်သောအခါ ယခင် အတိုင်းပင် အကြောင်းပြသဖြင့် ယာဉ်ငယ်ကို ရပ်ပေးလေ သည်။ ထိုအခါ ရေဝတသည် ကျင်ကြီးကျင်ငယ် ထရကွခြင်းခံ နေရပြီဟု ယူဆကြပြီးလျှင် အစောင့်အရှောက်များကို တင်းကြပ် စွာ မပြုကြတော့ပေ။ နောက်ဆုံးအကြိမ်တွင် ရေဝတသည် ရှေးနည်းအတူ ပြောပြန်ရာ ယာဉ်ကို ရပ်ပေးကြရပြန်သည်။

ထိုအခါ ရေဝတသည် ဆင်းပြီးလျှင် သင်တို့ရှေ့မှ သွားနှင့်ကြ ကုန်၊ ကျွန်ုပ်ကား ဖြည်းဖြည်းသာ နောက်မှလိုက်ပါလာအံ့ဟု ဆို၍ ချုံတစ်ခုသို့ ရှေးရှု၍ ထွက်ခွာသွားလေ၏။ မိဘဆွေမျိုး များသည် ရေဝတနောက်မှ လိုက်လာလိမ့်မည်ဟု စိတ်ချယုံ ကြည်၍ ယာဉ်ကို မောင်းနှင်လျက် သွားမြဲပင် ဆက်၍သွားကြ လေသည်။ ရေဝတကား ထိုချုံကွယ်မှ လျင်မြန်စွာ ထွက်ပြေး လျှင် ရဟန်းသုံးကျိပ်တို့နေရာသို့ ရောက်ရှိသွားသဖြင့် ရဟန်း တော်များကို ရှင်သာမဏေ ပြုပေးတော်မူကြရန် တောင်းပန် လေသည်။ ရဟန်းတော်များကလည်း ရေဝတကို အရှင်သာရိ ပုတ္တရာ၏ ညီတော်အငယ်ဆုံးမှန် မသိကြသေးသဖြင့် ရုတ်တရက် ရှင်သာမဏေ ပြုလုပ်မပေးကြသော်လည်း ရေဝတ၏ လျှောက်ထားချက်အရ ဓမ္မသေနာပတိကြီး၏ ညီတော်အငယ်ဆုံး မှန်း သိသည်နှင့်တစ်ပြိုင်နက် ရှင်သာမဏေ ပြုလုပ်ပေးကြလေကုန်သည်။ ဓမ္မသေနာပတိကြီး ဖြစ်တော်မူသော အရှင်သာရိ ပုတ္တရာထံသို့လည်း သတင်းပို့ပေးတော်မူကြလေသည်။

သာရိပုတ္တရာ မထေရ်မြတ်သည် ထိုသို့ ညီတော်အငယ်ဆုံး ရှင်သာမဏေဖြစ်ပြီ ဆိုသည်ကို သိသည်နှင့် တစ်ပြိုင်နက် သာမဏေကလေးအား စောင့်ရှောက်ရမည့်တာဝန် ရှိသည်က တစ်ကြောင်း၊ သာသနာတော်၌ ပျော်ပိုက်သည် မပျော်ပိုက်သည် တို့ကို သိလိုသည်ကတစ်ကြောင်းတို့ကြောင့် ထိုအကြောင်းများ ကို လျှောက်ထားပြီးလျှင် မြတ်စွာဘုရားထံ ခွင့်ပန်လေသည်။ ထိုအခါ အလုံးစုံသောအရာကို သိတော်မူသော မြတ်စွာဘုရားက ရေဝတသာမဏေ၏ ကမ္မဋ္ဌာန်းအန္တရာယ် ဖြစ်မည်ကို သိတော်မူ သဖြင့် 'သာရိပုတ္တရာ သည်းခံဦးလော့'ဟု ဆို၍ တားမြစ်တော် မူ၏။ အတန်ကြာလတ်သော် အရှင်သာရိပုတ္တရာမထေရ်မြတ်က မြတ်စွာဘုရားသို့ ဒုတိယအကြိမ် ခွင့်ပန်တော်မူပြန်၏။ ထိုအခါ မြတ်စွာဘုရားက 'သာရိပုတ္တရာ သည်းခံဦးလော့၊ ရေဝတထံသို့ ငါကိုယ်တော်တိုင်ပင် လိုက်တော်မူအံ့'ဟု ဆို၍ တားမြစ်တော်မူ ပြန်သည်။

ရေဝတသာမဏေလည်း ထိုရဟန်းတော်များ၏ အထံ၌ သာနေလျှင် လိုက်လံရှာဖွေသူများနှင့်တွေ့က ပြန်၍‌ခေါ်သွားကြ မည်ကို စိုးရိမ်သဖြင့် ကမ္မဋ္ဌာန်းတရားကို သင်ယူကာ သပိတ် သင်္ကန်းများကို ယူပြီးလျှင် ထိုအရပ်မှ ထွက်ကြွတော်မူလေ၏။ အစဉ်သဖြင့် လူအသိနည်းသောအရပ်ကို ရှာဖွေလျက် ကြွတော် မူရာ ကြမ်းတမ်းဆိုးရွားလှသည့် ရှားတောကြီးတစ်တောသို့ ရောက်သွားလေ၏။ ထိုရှားတောကြီးသည် မြေလည်း မညီ မညွတ်၊ ဆူးငြောင့်ခလုတ်လည်း ပေါများသည်။ ဆွမ်းအတွက် လည်း ခက်ခဲသောနေရာ ဖြစ်သည်။ သို့သော် ထိုရှားတော၌ပင် ဝါဆိုတော်မူ၍ တရားကို အားထုတ်တော်မူရာ ဝါတွင်း၌ပင် ပဋိသမ္ဘိဒါပတ္တ ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူလေသည်။ ဝါကျွတ်၍ ပဝါရဏာပြုပြီးသောအခါတွင် အရှင်သာရိ ပုတ္တရာမထေရ်က ညီတော်အထွေးဆုံးထံသို့ သွားရန် ခွင့်ပန် တော်မူပြန်ရာ 'ငါလည်းလိုက်တော်မူအံ့'ဟု မိန့်တော်မူ၍ ရဟန်း ၅ဝဝ တို့နှင့်တကွ ရေဝတသာမဏေရှိသည်ဟု ကြားရ သောအရပ်သို့ ကြွတော်မူလေသည်။

အရှင်ရေဝတသည် မြတ်စွာဘုရား သံဃာတော် ၅ဝဝ တို့ နှင့်အတူ ကြွလာတော်မူသည်ကို သိ၍ ဂန္ဓကုဋီတိုက်ကို၎င်း၊ ကျောင်း ၅ဝဝ တို့ကို၎င်း၊ စင်္ကြံ ၅ဝဝ၊ နေသန့်ရာ ညဉ့်သန့်ရာ တို့ကို၎င်း ဖန်ဆင်းတော်မူလေသည်။

မြတ်စွာဘုရားသခင်သည် ရှင်ရေဝတံထံ၌ တစ်လမျှ သီတင်းသုံး နေထိုင်တော်မူပြီးလျှင် ပြန်ကြွသောအခါ၌ အရှင် ရေဝတသည် မြတ်စွာဘုရား ကြွတော်မူရာသို့ မလိုက်ဘဲ မြတ်စွာဘုရားနှင့် နောင်တော်ကြီး အရှင်သာရိပုတ္တရာမထေရ် တို့ကို သင့်လျော်ရုံမျှသာ လိုက်ပို့၍ ထိုရှားတောအရပ်သို့ပင် ပြန်ကြွ၍ သီတင်းသုံးတော်မူသည်။ ထိုနောက် မြတ်စွာဘုရား သခင်သည် ဇေတဝန်ကျောင်းတော်တွင် အရိယာသံဃာတော် တို့၏ အစည်းအဝေး၌ အရှင်ရေဝတထေရ်ကို အာရညက ဧတဒဂ်အရာ၌ ထားတော်မူလေသည်။[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)