ရောမကက်သလစ်ဂိုဏ်းပြင်ဆင်

ရောမကက်သလစ်ဂိုဏ်းသည် ယနေ့ကမ္ဘာပေါ်တွင် သန်းပေါင်းငါးရာကျော်မျှ သော ခရစ်ယန်တို့ ယုံကြည် ကိုးကွယ်သည့် ခရစ်ယန်အယူဝါဒဆိုင်ရာ ဂိုဏ်းတစ်ခု ဖြစ် သည်။ ကမ္ဘာပေါ်ရှိ တိုင်းပြည်အသီးအသီးမှ လူမျိုးတစ်ရာ တို့အလယ်တွင် ကာလ၊ ဒေသမရွေး ကက်သလစ်ဂိုဏ်းဝင် များကို တွေ့ရသည်။ ဤကက်သလစ်ဂိုဏ်း၏ အယူဝါဒမှာ သခင်ယေဇူး (သခင်ယေရှု) ဟောကြားတော်မူခဲ့သော မေတ္တာ ဒေသနာတော်များသာ ဖြစ်သည်။ ( ခရစ်တော်၊ ယေရှု-။) ကက်သလစ်ဂိုဏ်းဝင်အပေါင်းတို့သည် မိမိတို့၏ ယုံကြည်မှု တွင် သဘောချင်းတိုက်ဆိုင်သဖြင့် တူညီသော ကိုယ်ကျင့်တရား ရှိကြပြီးလျှင် ဝိညာဉ် နာမ်သဘောတရား အယူဝါဒ သဘော တရားများနှင့် သက်ဆိုင်သော ကိစ္စအရပ်ရပ်တို့၌ သခင်ယေဇူး ၏ ကိုယ်စားလှယ်တော် ရဟန်းမင်းကြီး၏ ဩဇာကို နာယူကာ ညီညွတ်စည်းလုံးကြသည်။ ရဟန်းမင်းကြီး၏ သာသနာရေးနှင့် စပ်လျဉ်းသော သွန်သင်ချက်များကို ယုံကြည်ကျင့်ကြံကြသည့် ကက်သလစ် ဂိုဏ်းဝင်တို့သည် တမလွန်ဘဝတွင် ကောင်းကင် ဘုံ၌ ထာဝရ သုခချမ်းသာ ခံစားကြရ၏။ ( ပုပ်ရဟန်းမင်းစနစ် နှင့် ပုပ်ရဟန်းမင်းများ -- ။)

အရင်းခံမူလ အစဦး၌ ထာဝရ မြတ်စွာဘုရားသခင်သည် ကမ္ဘာ လောကကို ဖန်ဆင်းတော်မူပြီးနောက် တန်ခိုးကြီး၍ ဝိညာဉ် များသာဖြစ်သော ကောင်းကင်ဘုံ တမန်တော်သိကြားများကို ဖန်ဆင်းတော်မူသည်။ သိကြားများကို ကောင်းကင်ဘုံသုခ ချမ်းသာ စံစားခွင့် ပြုတော်မမူမီ၊ စုံစမ်းခံ အခြေအနေတွင် ထားခိုက် သိကြားအချို့ မာနထောင်လွှား၍ ငရဲသားနတ်မိစ္ဆာ ဘဝ ရောက်သွားခဲ့သည်။ ဘုရားသခင်အား သစ္စာတည်ကြည် သော ကျန်သိကြားမင်းများသည် ထာဝရကောင်းကင်ဘုံ သုခ ချမ်းသာ စံစားခွင့် ရကြ၏။

ထိုနောက် ဘုရားသခင်သည် ကမ္ဘာ့ပထမဆုံး လူဦးဖိုမ အာဒန်နှင့် ဧဝတို့၏ ကာယကို မြေမှုန့်ဖြင့် ဖန်ဆင်း တော်မူ၍ နာမ်ဝိညာဉ်သက် သွင်းပေးတော်မူသည်။ အာဒန်နှင့် ဧဝတို့ကို အို၊ နာ၊ သေရေး ဒုက္ခဘေးနှင့် ခပ်သိမ်းသော ဒုစရိုက်တို့မှ ကင်းစေလျက် ဆုကျေးဇူးတော်များ ပေးသနား တော်မူသည်။ ထိုသူနှစ်ဦးသည် ကမ္ဘာဦး မိဘနှစ်ပါးဖြစ်၍ ကမ္ဘာ့လူသားမှန်သမျှသည် ယင်းတို့မှ ဆင်းသက်ပြန့်ပွားလာကြ သည်။

လူ၏ ဝိညာဉ်သည် နာမ်သဘောတရားဖြစ်၍ အသိဉာာဏ် ရှိသည့်ပြင် လွတ်လပ်သော ဆန္ဒရှိသည်။ ထို ဝိညာဉ်သည် နာမ်သဘောတရား ဖြစ်သည့်အလျောက် သေကျေပျက်စီးခြင်း မရောက်နိုင်ချေ။

မိစ္ဆာနတ်ဆိုး သွေးဆောင်သောကြောင့် ကမ္ဘာဦး မိဘ နှစ်ပါးသည် ဘုရားသခင်၏ ပညတ်တော်ကို လွန်ဆန်မိသော အပြစ်ကို အပြစ်ရင်းဟု ခေါ်သည်။ ထိုအပြစ်ရင်းသည် လူဟူသမျှသို့ ကူးစက်လာသဖြင့် ကောင်းကင်ဘုံ ချမ်းသာ စံစားထိုက်ခွင့် ပျောက်ဆုံးရသည့်ပြင် အို၊ နာ၊ သေရေး ဒုက္ခ ဘေးများကိုလည်း လူဟူသမျှ ခံကြရသည်။ သို့သော်လည်း မဟာကရုဏာတော်အရှင်ထာဝရ မြတ်စွာဘုရားသခင်သည် လူအပေါင်းတို့ကို ကယ်ချွတ်၍ ကောင်းကင်ဘုံ သုခလမ်းတော် သို့ ပြန်လည်ညွှန်ပြတော်မူမည့် ကယ်တင်ရှင်တစ်ပါးကို ဤ လောကသို့ စေလွှတ်တော်မူမည်ဟု ကမ္ဘာဦး မိဘနှစ်ဦးတို့အား ဗျာဒိတ်တော် ထားတော်မူခဲ့လေသည်။

ကယ်တင်ရှင် ခရစ္ဆတူးသခင် လူအပေါင်းတို့ကို ကယ်တင်မည့်အရှင် ဤလောကသို့ ကြွလာတော်မမူမီ ရှေးအတီတေကာလ၌ ဘုရားသခင်သည် ဂျူးလူမျိုး (ယဟူဒီလူမျိုး)ကို ရွေးကောက်တော်မူ၍ ထိုသူတို့၏ ပရောဟိတ်များမှတစ်ဆင့် ဤလောကသို့ ကယ်တင်ရှင်တစ်ပါး ကြွလာတော်မူမည့်အကြောင်းကို အစဉ်မပြတ် သတိပေးတော် မူခဲ့သည်။ ထို ကယ်တင်မည့်အရှင်၏ အကြောင်းချင်းရာများ ကိုလည်း ဖွင့်ဟ မိန့်ကြားတော်မူခဲ့သည်။ ကက်သလစ် သာသနာ၏ နက်နဲသော ယုံကြည်ချက် တစ်ရပ်မှာ ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့် သန့်ရှင်း သော ဝိညာဉ်တော်ဘုရားဟူသော ပုဂ္ဂိုလ်တော်သုံးပါးသည် ဘုရားတစ်ဆူတည်း ရှိတော်မူခြင်း ဖြစ်သည်။ ဒုတိယပုဂ္ဂိုလ် သားတော်ဘုရားသည် ကမ္ဘာဦးမိဘနှစ်ပါးတို့အား မြတ်စွာဘုရား ဗျာဒိတ်ထားတော် မူခဲ့သော ကယ်တင်ရှင်ဖြစ်သည်။ ထိုကယ် တင်ရှင်သည် ဂျူးလူမျိုးတို့ ဌာနီ၊ ပယ်လက်စတိုင်ပြည် နာဇရက် မြို့သူမာရီယာ(မေရီ)ခေါ် ကညာစင်တစ်ဦးထံတွင် ဘုရားတန်ခိုးတော်မြတ်အားဖြင့် သန္ဓေစွဲယူ၍ လူ့ဘုံသို့ ကြွ လာတော်မူသည်။ ကညာစင် မာရီယာသည် ဗိတ္တလေဟင်မြို့ (ဗက်သလီဟမ်မြို့)၌ မိမိသားတော်ကို မျက်နှာသန့်စင် ဖွားမြင် တော်မူပြီးနောက် ယေဇူးခရစ္ဆတူး (ခရစ်တော်ယေရှု)ဟူ၍ အမည်မှည့်ခေါ်တော်မူသည်။ မာရီယာသည် သားတော် ယေဇူးကို မျက်နှာသန့်စင်ရသော်လည်း သက်ဆုံးတိုင် ကညာ စင်ပင် ဖြစ်တော်မူသည်။

သခင်ယေဇူး ခရစ္ဆတူးသည် အပြစ်ရင်းမှ ကင်းလွတ်တော် မူသည်။ ဘုရားအဖြစ်တော်မှ လူအဖြစ်တော်သို့ ကူးပြောင်းလာ တော်မူသော်လည်း ကိုယ်တော်၌ မကွဲကွာနိုင်သော ဘုရားဇာတိ နှင့် လူ့ဇာတိ ပေါင်းစပ်လျက် ရှိသည်။ သခင်ယေဇူးသည် ပယ်လက်စတိုင်တစ်ခွင်သို့ လှည့်လည် တော်မူ၍ မေတ္တာဒေသနာတော်ကို ဟောကြားတော်မူခဲ့သည်။ ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့ကြည်ညိုရန်၊ ကိုယ်နှင့် အမျှ သူတစ်ပါးအပေါ် မေတ္တာထားရန် သွန်သင်တော်မူခဲ့သည်။ နားပင်းသူကို ကြားစေခြင်း၊ ကန်းသူကို မြင်စေခြင်းနှင့် ခပ် သိမ်းသော ဝေဒနာရှင်တို့အား ချမ်းသာပေးတော်မူသည့်ပြင် သေသူကိုပင် ရှင်စေသော တန်ခိုးအံ့ဖွယ်ရာများလည်း ပြတော် မူခဲ့သည်။ကိုယ်တော်ရှင် ဟောကြားတော်မူခဲ့သမျှသော ဒေသနာ တော်များနှင့် ပြတော်မူခဲ့သော တန်ခိုးအံ့ဖွယ်ရာများအကြောင်း ကို ဓမ္မသစ်ကျမ်းစာတွင် အထင်အရှား ဖော်ပြထားလျက် ရှိသည်။

နောက်ဆုံး၌ သခင်ယေဇူးသည် လူအပေါင်းတို့၏ အပြစ် များကို ဆပ်ဖြေရန် ကာလဝါရီတောင်ပေါ်တွင် လက်ဝါးကား တိုင်(လက်ဝါးကပ်တိုင်)ပေါ်၌ အသက်တော် စွန့်လွှတ်တော်မူ ခဲ့သည်။ ထိုမှ သုံးရက်မြောက်သောနေ့တွင် မိမိ၏တန်ခိုးတော် အားဖြင့် ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ သခင်ယေဇူး ရှင်ပြန် ထမြောက်တော်မူခြင်းသည် ကိုယ်တော်အရှင် အမှန်ပင် အနန္တ ဘုရားသခင် ဖြစ်တော်မူကြောင်း၊ ကိုယ်တော်ဟောကြားတော် မူခဲ့သော ဒေသနာတော်သည် တရားစစ် တရားမှန်ဖြစ်ကြောင်း၊ ထိုတရားတော်ကို ယုံကြည်ကျင့်ကြံသူတို့သည် တစ်နေ့တွင် ရှင်ပြန် ထမြောက်မည့်အကြောင်း သက်သေခံသော အမှတ် လက္ခဏာတော်ပင် ဖြစ်သည်။ ဤသို့ဖြင့် လူတို့အား ကယ် ချွတ်တော်မူရန် ဘုရားသခင်၏ ဗျာဒိတ်တော် ပြည့်စုံခဲ့သည်။ သို့သော် အဆုံးတိုင် မရောက်သေး။ ဘုရားသခင်၏ မဟာ ကရုဏာတော်သည် ကာလသုံးပါးအတွင်း ကမ္ဘာတွင်ရှိသည့် လူ အပေါင်းတို့အတွက် ဖြစ်တော်မူသည်။

သခင်ယေဇူးသည် ပယ်လက်စတိုင်တွင် နှစ်ပေါင်း ၃၃ နှစ်ကြာမျှ သီတင်းသုံးတော်မူခဲ့သည်။ ကိုယ်တော်အား ယုံကြည် ဆည်းကပ်သူ တပည့်များထဲမှ နောင်တွင် တရားတော်ကို ဆက် လက်ဟောပြောရန် တမန်တော်ကြီး တစ်ကျိပ် နှစ်ပါးကို ရွေးကောက်တော်မူခဲ့သည်။ ထိုတမန်တော်ကြီး တစ်ကျိပ်နှစ်ပါး တို့သည် မေတ္တာတရား ကရုဏာတရားတို့နှင့် ပြည့်ဝကြသည်။ သခင်ယေဇူးသည် အသက်တော် မစွန့်မီ တမန်တော်ကြီး တစ်ကျိပ် နှစ်ပါးကို ရဟန်းသိက္ခာတော်ပေး၍ ဆရာတော်ကြီး များအဖြစ် တင်မြှောက်တော်မူခဲ့သည်၊ သာသနာရေးနှင့် သက် ဆိုင်သော ဩဇာအာဏာ အပြည့်အစုံကိုလည်း အပ်နှင်းတော် မူခဲ့သည်။ တမန်တော်ကြီးများ၏ အရိုက်အရာကို ခံယူကြ မည့်သူ အဆက်ဆက်တိုင် ဤဩဇာအာဏာများ သက်ရောက် စေသည်။

တမန်တော်ကြီး တစ်ကျိပ်နှစ်ပါးအနက် ရှင်ပီတာ(စိန် ပီတာ)ကို နာယကအဖြစ် ခန့်အပ်တော်မူခဲ့သည်။ ဤသို့ဖြင့် ရှင်ပီတာသည် ကက်သလစ်သာသနာ၌ ပထမဆုံးသာသနာပိုင် ရဟန်းမင်းကြီး ဖြစ်လာတော်မူသည်။ သခင်ယေဇူးသည် ရဟန်း မင်းကြီးရှင်ပီတာကို ဘာသာဝင်များအား တရားတော်၏အနက် အဓိပ္ပာယ် ဖွင့်ဟသွန်သင်ရာတွင် မှားယွင်းခြင်းမှ လုံးဝကင်းစေ သော အခွင့်အာဏာကို ပေးအပ်တော်မူခဲ့သည်။ ရဟန်းမင်းကြီး ရှင်ပီတာ၏ အရိုက်အရာတော်ကို အနာဂတ်ကာလတွင် ဆက်ခံ ကြမည့် ပုဂ္ဂိုလ် အဆက်ဆက်တို့သို့လည်း ထိုအခွင့်အာဏာ တော်ကို သက်ရောက်စေသည်။ သို့ရာတွင် ဤထူးခြားသော အခွင့်အာဏာတော်သည် သာသနာရေးမှတစ်ပါး အခြားအရေး ကိစ္စများနှင့် လုံးဝမသက်ဆိုင်ချေ။

တမန်တော်ကြီးများသည် ယေရုဇလင် (ဂျရူးဆလမ်း)မြို့မှ ကမ္ဘာအရပ် လေးမျက်နှာသို့ သခင်ယေဇူး၏ ဒေသနာတော်ကို ဆက်လက်ဟောပြောရန် ထွက်ခဲ့ကြသည်။ တရားတော်ကို သက်ဝင်ယုံကြည်သူ များလာ သည်နှင့်အမျှ သာသနာနယ် လည်း ကျယ်ဝန်းလာခဲ့သည်။ တမန်တော်ကြီး တစ်ပါးစီသည် သာသနာနယ် တစ်နယ်စီကို အုပ်ထိန်းလျက် မိမိအား ကူညီ၍ တရားတော်ကို ဆက်လက်ဟောပြောရ် သံဃာတော်များနှင့် ဆရာတော်များကို ရွေးကောက်သိက္ခာပေးတော်မူခဲ့ကြသည်။ ယနေ့ ကက်သလစ်သာသနာ ကက်သလစ်သာသနာတော် ထွန်းကားလာခဲ့သည်မှာ ယခု နှစ် (၁၉၆၈)အထိဆိုလျှင် နှစ်ပေါင်းနှစ်ထောင် နီးပါး ကြာခဲ့ ပေပြီ။ ပထမဆုံး ရဟန်းမင်းကြီး ရှင်ပီတာ၏ အရိုက်အရာ တော်ကို ဆက်ခံခဲ့ကြသော ရဟန်းမင်းကြီးများလည်း အပါး ပေါင်း ၂၆ဝ ကျော် ရှိခဲ့လေပြီ။

ယနေ့ ဤကက်သလစ်ဂိုဏ်းဝင်များသည် ကမ္ဘာ့တိုင်းပြည် အသီးသီးမှ လူမျိုးတကာတို့အလယ်တွင် ပျံ့နှံ့ နေထိုင်လျက် သာသနာရေး၌ ရဟန်းမင်းကြီး ပဲ့ပြင်သွန်သင်တော်မူသည့် အတိုင်း ယုံကြည်ကျင့်ကြံကြရသကဲ့သို့ မိမိတို့ နေထိုင်ရာ တိုင်းပြည် အစိုးရအပေါ်တွင်လည်း အထူး သစ္စာစောင့်သိ ရိုသေကြရသည်။ မိမိတိုင်းပြည် မိမိလူမျိုးကို အထူးချစ်ရ သည့်ပြင် တိုင်းပြည်နှင့်လူမျိုး ကြီးပွားတိုးတက်ရေးတွင် စွမ်းအားရှိသမျှ ပါဝင်ဆောင်ရွက်ကြရန် ဝတ္တရားရှိသည်ဟု ကက်သလစ်တရားတော်က သွန်သင်ထားပေသည်။[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)