ရှောဟိဏီမည်သော မာဂဓဘာသာသာကို အထက်၌ ရှိသော ဣသရေကျနှင့် ရောဟဏီဟု မြန်မာတို့ခေါ်သော နက္ခတ်ကို ရာဇမတ္တဏ်ကျမ်း နက္ခတ္တာဘိဓာန အပိုင်း၌ “ရောဟိဏီ-ပဒုမာယောနိ” အစချီဂါထာဖြင့် ရောဟဏီ နက္ခတ် ပရိယာယ် (၁၈)ပါး ပြပြီး ပရိယာယ်အားလုံးပင် “ဗြဟ္မာ” ဟူ၍ အဓိပ္ပာယ်ရပေသည်။

အဘိဓာန်ဋီကာတွင်ကား “ကမလသမ္ဘဝတ္တာ၊ ကြာ၌ ကောင်းစွာဖြစ်၍၊ ကမလေ၊ ကြာ၌၊ ရုဟတိ ဝဍ္ဎတိ၊ ကြီးပွားတတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ရောဟိဏီ၊ ရောဟဏီ မည်၏”ဟူ၍ တွေ့ရသည်။ ကြာ၌ဖြစ်ပြီး ကြာ၌ကြီးသည့် ဗြဟ္မာဟု အဓိပ္ပာယ်ရပေသည်။

ပါတ္တရသာဒိ ကျမ်းက နက္ခတ် လုံးရေ (၅) လုံး ပြ၍ အသွင်သဏ္ဌာန်မှာ လှည်း၊ သူကြွယ်သား၊ ကြက် တိုက်နှင့် ငါး (၂) ကောင်ပုံဟန် ရှိကြောင်း ဆိုထားပေသည်။

ဂြဟသျှန္တိကျမ်းတွင် နက္ခတ် (၅) လုံး၊ အဆင်း၊ (၃) ထောင့်ရှိကြောင်း ပြဆိုလျက် လဃုသင်္ဂြဟကျမ်း၌မူ နက္ခတ် (၅) လုံး၊ လှည်းဦးသဏ္ဌာန်ရှိကြောင်း ရေးသားထားပေသည်။ အာကာသသျှတ္တရကျမ်း၌ (၁၀) လုံး နက္ခတ်၊ ငါးကျင်း ပွက်သဏ္ဌာန်ဟု ညွှန်းဆိုပြီး သိင်္ဃဗောဓကျမ်း၌မူ နက္ခတ် (၅) လုံး၊ အဆင်းသဏ္ဌာန် မပါရှိပေ။ ကပ္ပဝဏ္ဏနာ ဝတ္ထုတွင် လှည်းဦးသဏ္ဌာန်၊ နက္ခတ် (၅) လုံးဟု ပြဆိုထားပေသည်။ “ရွှေမင်ရေး ပုရပိုက်ဖြူတွင် နက္ခတ် (၁၀) လုံး မြေခွေး ဦးခေါင်း၊ ဦးခေါင်းသဏ္ဌာန် ဟူ၍ နှစ်မျိုး နှစ်ပုံ ရေးလျက်ရှိသည်”ဟု ဝေါဟာရလီနတ္တဒီပနီက ညွှန်းဆိုထားသော်လည်း အာရှတိုက် သုတေသန စာစောင်အတွဲ ၆ မှ ကူးယူ ဖော်ပြသည့် မြန်မာနက္ခတ်ပုံတွင်မူ-မြွေဦးခေါင်း တစ်မျိုးတည်းကိုသာ တွေ့ရပေသည်။ သေနင်္ဂဗျူဟာကျမ်း‌၌ကား အုပ်ဆောင်းသဏ္ဌာန် (၇) လုံးဟု ဖော်ပြထားသည်။

ရောဟဏီ နက္ခတ်ကို ဗြဟ္မာစောင့်ကြောင်း၊ အစိုးရကြောင်း ရာဇမတ္တဏ်ကျမ်းတွင် တွေ့ရပေသည်။ []

  1. နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက မုံရွာ