ရော့သချိုင်း
ကမ္ဘာ့ငွေရေး ကြေးရေးကို လှုပ်ရှား ကစားနိုင်သဖြင့် ကျော်ကြားလာသူများမှာ ရော့သချိုင်း အမည်ခံ ယဟူဒီမိသားစု တစ်စု ဖြစ်သည်။ ၁၉ ရာစုနှစ်အတွင်းက ဥရောပတိုက်ငွေစေဃး ကို ရော့သချိုင်း မိသားစုက ချုပ်ကိုင်ခဲ့သည်။ ထိုမိသားစုသည် ငွေချေး၍ စီးပွားလမ်းဖြောင့်သူများ ဖြစ်၏။ ထိုခေတ်အခါက နိုင်ငံ ကြီးဟူသမျှတို့သည် ယင်းတို့ထံမှ ငွေကို ချေးယူသုံးစွဲခဲ့ ရလေသည်။
ငွေချေး၍ စီးပွားရှာသည့်လမ်းစကို ဖော်သူမှာ မီယာ အမ္မရှဲရော့သချိုင်း (ခရစ် ၁၇၄၃-၁၈၁၂)ဖြစ်သည်။ ဂျာမနီ နိုင်ငံ၊ ဖရင့်ဖတ်-အွန်-သ-မန်းမြို့၊ ယဟူဒီရပ်ကွက်တွင် ဖွားမြင်၍ ငွေလဲလှယ်ရေးဌာနတစ်ခုကို ဖွင့်လှစ်တည်ထောင် ခဲ့သည်။ ရော့သချိုင်းဟူသော အမည်မှာ မျိုးရိုးဆက်အမည် မဟုတ်ချေ။ မိမိတို့၏ ဆိုင်အမှတ်တံဆိပ်ဖြစ်သော ဒိုင်းနီဟု အဓိပ္ပာယ်ရသည့် ဂျာမန်စကားလုံးသာ ဖြစ်သည်။ မီယာ လက်ထက်မှ စ၍ ထိုအမည်ကို ခံယူခဲ့လေသည်။ မီယာ ရော့သချိုင်းသည် မိဘရိုးရာ လက်ငုတ်ဖြစ်သော ငွေချေးသည့် လုပ်ငန်းကို လုပ်ကိုင်ခဲ့ရာမှ နောင်တွင် ကျယ်ပြန့်သောဘဏ် လုပ်ငန်းကို အခြေစိုက်မိခဲ့လေသည်။ မီယာ ကွယ်လွန်သော အခါ လုပ်ငန်းကြီးကို သားငါးယောက်တို့အား လွှဲအပ်ခဲ့သည်။ ထိုသား ငါးယောက်စလုံးသည် ဖခင်၏ ငွေရေး ကြေးရေး လုပ်ငန်း၌ ကျွမ်းကျင်သူများ ဖြစ်ကြသည်။
၁၈ ရာစုနှစ် ကုန်ခါနီးနှင့် ၁၉ ရာစုနှစ်အစပိုင်း၌ ဖြစ် ပွားသော နပိုလီယန်စစ်ပွဲများကြောင့် ရော့သချိုင်း ဘဏ် လုပ်ငန်းသည် နိုင်ငံတကာသို့ ကျယ်ပြန့်သွားကာ ထင်ရှားလာ လေသည်။ သားအကြီးဆုံး အင်ဆမ်မီယာ ရော့သချိုင်း(ခရစ် ၁၇၇၃-၁၈၅၅)က ဖရန့်ဖတ်မြို့ရှိ ဘဏ်တိုက်ကို အုပ်ချုပ် သည်။ ဒုတိယသား ဆောလမွန် ရော့သချိုင်း (ခရစ် ၁၇၇၄- ၁၈၅၅)က ဗီယင်းနားမြို့တွင် ဘဏ်တိုက်တစ်ခု ဖွင့်၍ အုပ်ချုပ် သည်။ တတိယသား နေသန်ရော့သချိုင်း(ခရစ် ၁၇၇၇-၁၈၃၆) က အင်္ဂလန်ပြည်၊ မန်ချက်စတာမြို့တွင် ဘဏ်လုပ်ငန်းကို တည်ထောင်သည်။ စတုတ္ထသား ကာလရော့သချိုင်း (ခရစ် ၁၇၈၈-၁၈၅၅)က နေပယ်မြို့တွင်၎င်း၊ သားအငယ်ဆုံး ဂျိမ်း ရော့သချိုင်း (ခရစ် ၁၇၉၂-၁၈၆၈)က ပါရစ်မြို့တွင်၎င်း ဘဏ်တိုက်များ ဖွင့်၍ အသီးအသီး အုပ်ချုပ်ကြသည်။ ထိုသို့အားဖြင့် ရော့သချိုင်း မိသားစုတို့၏ ဘဏ်လုပ်ငန်း သည် ဥရောပတိုက်အနှံ့အပြား၌ အခြေစိုက်မိလေ၏။ ထိုကြောင့် ဥရောပတိုက် နိုင်ငံရေးကိစ္စများတွင် ရော့သချိုင်းတို့သည် ဝင်ရောက်ခြယ်လှယ်နိုင်ကြသည်။ စစ်ပွဲများဖြစ်ပွားလာသော အခါ တိုင်းပြည်များသို့ ငွေထုတ်ချေးခြင်းအားဖြင့် စီးပွား တိုးတက်လာခဲ့၏။ တိုင်းပြည် ကြီးပွားရေးလုပ်ငန်းများ၌လည်း ကူညီထောက်ပံ့ခဲ့ကြသည်။ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့တွင် အမျိုးသား ပညာရေးစံနစ်ကို တည်ထောင်ရာ၌ ကူညီခဲ့၏။ ဥရောပတိုက်ရှိ အခြားနိုင်ငံများတွင် စက်မှုလက်မှု လုပ်ငန်း ဖွံ့ဖြိုးရေးအတွက်လည်း ကူညီထောက်ပံ့ခဲ့ကြသည်။ နေသန် ရော့သချိုင်း၏သား လိုင်ယိုနယ် ဒါရော့သချိုင်း (ခရစ် ၁၈ဝ၈-၁၈၇၉)သည် ဆူးအက်တူးမြောင်း အစုရှယ်ယာ များ ဝယ်ယူရန်အတွက် ဗြိတိသျှဝန်ကြီးချုပ် ဒစ်ဇရေလီအား ငွေထုတ်ချေးခဲ့သည်။ လိုင်ယိုနယ်သည် ယဟူဒီအယူဝါဒကို သက်ဝင်ယုံကြည်သူထဲမှ ပထမဦးဆုံး အင်္ဂလိပ်ပါလီမန်သို့ အမတ်အဖြစ် တက်ရောက်ရသူ ဖြစ်သည်။ သူ၏သား နေသန် မီယာ ရော့သချိုင်း(ခရစ် ၁၈၄ဝ-၁၉၁၅)သည် ပထမဦးဆုံး ဗဲရွန်ဘွဲ့ ချီးမြှင့်ခြင်းခံရသော ယဟူဒီအမျိုးသား ဖြစ်ပေသည်။ ထိုဗဲရွန်ဘွဲ့ကို ဆက်ခံသူ လိုင်ယိုနယ် ဝေါ်လတာ ရော့ သချိုင်း (ခရစ် ၁၈၆၈-၁၉၃၇)သည် ပါဏဗေဒပညာရှင်ဖြစ်၍ ၁၈၉၉ ခုမှ ၁၉၁ဝ ပြည့်နှစ်အထိ အင်္ဂလိပ်ပါလီမန်လွှတ်တော် အမတ်အဖြစ် ဆောင်ရွက်ခဲ့သည်။ လန်ဒန်မြို့ရှိ တော်ဝင် အသင်းသားတစ်ဦးလည်း ဖြစ်၏။
ရော့သချိုင်း အဆက်အနွယ်တို့သည် ယဟူဒီအမျိုးသားတို့ ကြီးပွားရေးအတွက်လည်း များစွာ ကူညီထောက်ပံ့ခဲ့ကြသည်။ ဥရောပတိုက်တွင် နာဇီများ တန်ခိုးကြီးလာချိန်၌ ရော့သချိုင်း တို့၏ လုပ်ငန်းမှာ များစွာ ထိခိုက်နစ်နာခြင်း ဖြစ်ခဲ့ရသည် သာမက၊ နာဇီတို့၏ ည|ဉ်းပန်းမှုကြောင့် တိုင်းပစ် ပြည်ပစ် ထွက်ပြေး တိမ်းရှောင်ခဲ့ကြရလေသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)