ရွှေခြည်ထိုးလုပ်ငန်း
အသုံးအဆောင်၊ အဝတ်အထည်တို့ကို ရွှေခြည်ငွေခြည်၊ ရွှေကြယ် ငွေကြယ်တို့ဖြင့် ပုံဖော်၍ထိုးသည့် လုပ်ငန်းကို ရွှေခြည်ထိုးလုပ်ငန်းဟု ခေါ်သည်။
ရွှေခြည်ထိုးပညာသည် အလောင်းဘုရားလက်ထက်ကစ၍ ထွန်းကားခဲ့သည်ဟု ဆိုကြသည်။ ထိုခေတ်က ရွှေခြည်ထိုးထည်များသည် ယခုခေတ်အထည်များကဲ့သို့ လက်ရာနုသည် မဟုတ်ချေ။ ရွှေဒင်္ဂါးအပြားလိုက်ကို အထည်ကြမ်းကြမ်းပေါ်၌ ကပ်၍ထိုးခြင်း ဖြစ်သောကြောင့် လက်ရာကြမ်းသည်။ အလောင်းဘုရား သားတော် ဆင်ဖြူရှင်မင်းလက်ထက်တွင် ယိုးဒယားကို နိုင်သောအခါ ယိုးဒယားအနုပညာသည်များကို ခေါ်ခဲ့ရာမှအစ မြန်မာနိုင်ငံတွင် ရွှေခြည်ထိုးပညာသည် တိုးတက်လာခဲ့သည်။ အခက်အလက်အရွက်နှင့် ပန်းနွယ်ပန်းခက်ပုံများ စတင် ထိုးတတ်လာကြသည်။ အရုပ်များ ဖော်လာတတ်ကြသည်။ မင်းတုန်းမင်းလက်ထက် ရောက်သောအခါ အနောက်နိုင်ငံမှ ရက်လုပ်သော ကတ္တီပါထည်နှင့် နန်းတွင်းရက်ပိတ်ချောထည်များ ထိုး၍ အသုံးပြုလာခဲ့ကြသည်။ ယခုခေတ်၌မူ ပိုးထည်ပေါ်၌ အထိုးများသည်။
မြန်မာဘုရင်လက်ထက် ရွှေခြည်ထိုးပညာသည်များသည် ရှင်ဘုရင် မိဘုရားတို့ ဆင်မြန်းသော မင်းမြောက်တန်ဆာမှအစ အိမ်ရှေ့မင်း၊ ဝန်ကြီး၊ ဝန်ထောက်၊ မှူးမတ်၊ မတ်တော်၊ စစ်သူကြီးနှင့် ရာထူးရာခံ ရှိသူအားလုံးတို့၏ အဝတ်တန်ဆာမင်းခမ်းတော်များကို ရွှေတိုက်ဝန်၏ အမိန့်အတိုင်း ရွှေတိုက်စာတမ်းနှင့် ကိုက်ညီစွာ ရာထူးအလိုက် လုပ်ဆောင်ကြရသည်။ နောက်မှတစ်ဖန် ဘုရင်းမင်းမြတ်သည် သာသနာတော်သို့ ဝင်ရောက်မည့် ရှင်သာမဏေလောင်းတို့အား၎င်း၊ နားထွင်းမင်္ဂလာပြုမည့်
သူတို့အား ၎င်းမင်းဝတ်တန်ဆာနှင့် ဆင်တူရိုးမှား ဝတ်ဆင်နိုင် ခွင့်ပြုသဖြင့် ဝတ်ဆင်ကြရသည်။
မန္တလေးမြို့ရှိ ရွှေခြည်ထိုးရပ်ကွက်သည် ရှေးမြန်မာဘုရင်များလက်ထက်အခါက ရွှေခြည်ထိုးပညာသည် အမှုထမ်းများ နေထိုင်ရာ အရပ်ဖြစ်သည်။ မြန်မာမင်းများလက်ထက်က ဘုရင့်ရွှေခြည်ထိုး ပညာသည်များသည် ရွှေတိုက်ဝန်၏ ဝန်စုအမှုထမ်းများ ဖြစ်ကြသည်။ မင်းတုန်းမင်းနှင့် သီပေါမင်းလက်ထက်တော်၌ ရွှေခြည်ထိုးအမှုထမ်း လူ ၂ဝ ခန့်ရှိ၍ တစ်ဦးလျှင် ရိက္ခာတော် စပါးတင်း ၃၃ဝ အသနားတော်မြတ်ခံရကြောင်းဖြင့် ဆိုကြသည်။ အခြားရာထူးခံ ပုဂ္ဂိုလ်များ၌လည်း ရွှေခြည်ထိုးပညာသည် သီးသန့်ထား၍ မိမိတို့၏ အဝတ်အထည်ကို ရွှေခြည်ဖြင့် ထိုးလုပ်စေသည်။
မြန်မာဘုရင်လက်ထက် ရွှေခြည်ထိုးပညာသည်များသည် ဘုရင့်မင်းမြောက်တန်ဆာ၊ မိဖုရားကြီး၏ မဟလ္လတာတန်ဆာ၊ အဆောင်ရ မိဖုရားများ၏ ဃနမဋ္ဌကနှင့် မလ္လိကာတန်ဆာ၊ ဝန်ကြီးမှူးကြီးများ၏ သိုရင်းဝတ်လုံနှင့် ဗောင်းခေါင်းဆောင်းများအပြင် ကန့်လန့်ကာ လိုက်ကာ စသော အသုံးအဆောင်များကိုပါ ပြုလုပ်ရသည်။ ရာထူးရာခံမရှိသူများအတွက်မူ ရွှေခြည်ငွေခြည်၊ ရွှေကြယ်ငွေကြယ်တို့အစား လချေးကြယ်စေ့များကို ရိုးရိုးခြည်ဖြင့် ထိုး၍ ပြုလုပ်ပေးရသည်။ ယခုခေတ်၌မူ ဇာတ်အငြိမ့်ပွဲများ၌ မင်းသား မင်းသမီးများ ပုဆိုး၊ ထဘီ၊ မကိုဋ်၊ ခြေနင်း စသည်တို့နှင့် ရှင်ပြုနားသပွဲများတွင် ရှင်လောင်းနှင့် နားထွင်းမည့် အမျိုးသမီးတို့ ဝတ်ဆင်ရန် ပုဆိုး၊ ထဘီ၊ ခေါင်းဆောင်းစည်းပုံ စသည်တို့လောက်ကိုသာ ရွှေခြည်ထိုး ချုပ်လုပ်ကိုင်ကြရသဖြင့် ယင်းလုပ်ငန်း လုပ်ကိုင်သူ အလွန်နည်းပါးလေသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)