ရွှေစည်းခုံ စေတီတော် (အင်းဝ)

အင်းဝရွှေစည်းခုံ စေတီတော်သည် အင်းဝမြို့ဟောင်းရှိ စည်တိုပုံမြို့ရိုး၏ အနောက်တောင်ထောင့်တွင် တည်ရှိသည်။ စေတီကို ပထမအင်းဝခေတ်၊ မင်းကြီးစွာစော်ကဲ (အေဒီ ၁၃၆၇-၁၄၀၀)က မြန်မာသက္ကရာဇ်(၇၃၂)ခု၊ (အေဒီ ၁၃၇၀)တွင် တည်ထားကိုးကွယ်ခဲ့သည်။ မင်းကြီးစွာစော်ကဲ မင်းဖြစ်သောအခါ ပညာသင်ပေးခဲ့သော ငယ်ဆရာ၏ ဘုန်းကြီးလို့သက်တော်ရှည်လိုသော် အနောက်တောင်အရပ်မှာ ဘုရားတည် ဟူ၍ တိုက်တွန်းချက်အရ ရွှေစည်းခုံစေတီကို တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ ဤစေတီကို နောက်ဆက်ခံသည့် ညောင်ရမ်းမင်းအဆက်ဆက် အထူးအလေးအမြတ်ထားခဲ့သော စေတီတစ်ဆူလည်း ဖြစ်သည်။ သာလွန်မင်းလက်ထက်တွင် တစ်ကြိမ်၊ ပြည်မင်းလက်ထက်တွင် တစ်ကြိမ် လုံးတော်ပြည့် ရွှေချတော်မူခဲ့သည်။ ညောင်ရမ်းမင်း၏ အချို့သော အချို့သော ဘာသာရေးအခမ်းအနားများကို ရွှေစည်းခုံစေတီ၌ကျင်းပခဲ့ကြသည်။

စေတီတော်ကြီး၏ ပုံစံမှာ ညောင်ဦးရွှေစည်းခုံ စေတီတော်ကဲ့သို့ ပစ္စယာများ၊ မကရ်းရုပ်ပါ နတ်လမ်းလှေကားများ၊ စေတီရံများနှင့် နောက်ပိုင်းကိုယ်ထည်နှစ်ခုရှိသော ထောင့်ခြင်္သေ့ကြီးများ ထည့်သွင်းတည်ဆောက်ထားသည်။ ခေတ်အဆက်ဆက်တွင် ပြိုကျပျက်စီးမှုများရှိခဲ့သော်လည်း ဂေါပကအဖွဲ့နှင့် ဒေသခံများ စုပေါင်းပြုပြင်မှုဖြင့် စေတီတော်ကို အင်္ဂါရပ်စုံလင်စွာ ဖူးမြင်နိုင်သည်။ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် ကျွမ်းကျင်မှုဆိုင်ရာ ကူညီမှုများပေးအပ်၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. အင်းဝ-ပင်းယဒေသရှိရှေးဟောင်းအဆောက် အအုံများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ စာ-၁၁