ရွှေစံချိန်စံနစ် ဆိုသည်မှာ ရွှေအလေးချိန်နှင့် အမျိုးအစား ကို မူတည်သော ငွေကြေးအခြေခံစံနှုန်းကို ဖော်ပြသည့်ငွေကြေး စံနစ်တစ်မျိုး ဖြစ်သည်။ ထိုရွှေစံချိန် စံနစ်အရဆိုမူ ရွှေကို လွတ်လပ်စွာ ဒင်္ဂါးသွန်းလုပ်နိုင်၍ ရွှေဒင်္ဂါးများကို တရားဝင်ငွေ အဖြစ် သုံးစွဲနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖြန့်ဖြူးနိုင်ခွင့် ရှိသည့် အပြင်၊ အခြားငွေကြေး အမျိုးအစားများ၏ တန်ဖိုးကိုလည်း ရွှေဒင်္ဂါးများ၏ တန်ဖိုးနှင့် ညှိနှိုင်း၍ ထိန်းသိမ်းထားရှိနိုင်သည်။ အဆိုပါ ရွှေစံချိန်စံနစ်ကို ငွေကြေးလဲလှယ်ရေး နှုန်းထား များ ခိုင်မြဲတည်တံ့အောင် တီထွင်ထားသည့် နည်းတစ်မျိုးဟူ၍ ကောင်းစွာ မှတ်ယူနိုင်လေသည်။ အကြောင်းအမျိးမျိုးကြောင့် ငွေကြေးလဲလှယ်ရေး နှုန်းထားများ အတက်အကျဖြစ်တတ်၍ ထိုသို့ နှုန်းထားများ အတက်အကျရှိပြီးလျှင် တည်ငြိမ်မှုမရှိခြင်း ကြောင့်လည်း သာမန်အချိန်အခါများ၌ပင်လျှင် အပြည်ပြည် ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးနှင့် ဘဏ္ဍာရေးကိစ္စများကို များစွာ ထိခိုက်တတ်လေသည်။ ယင်းနှုန်းထားများ အကောင်း အဆိုးကို ချိန်ထိုးခြင်းဖြင့် ရွှေစံချိန်စံနစ်ကို ယခုခေတ်တွင် တစ်ခါတစ်ရံ ကာကွယ်သမှုပြုကြပေသည်။ ထိုစံနစ်ကို မည် သည့်ရည်ရွယ်ချက်ဖြင့်မျှ တီထွင်ခဲ့ခြင်းမဟုတ်ပေ။ မူလ ကနဦးက ငွေကြေးများကို သတ္တုအမျိုးမျိုးဖြင့် ပြုလုပ်ပြီးနောက် ရွှေသည် ထူးခြားသောသတ္တု ဖြစ်သည့်အလျောက် အချိန်ကာလ အားလျော်စွာ ငွေကြေးဆိုင်ရာ သတ္တုဖြစ်လာရပေသည်။

ခေတ်ငွေစက္ကူများမှာ ရွှေဒင်္ဂါးလက်ထက်မှ တစ်စတစ်စ တိုးတက်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပထမအဆင့် တိုးတက် လာပုံမှာ ငွေစက္ကူအချို့ကို ရွှေဖြင့် အထောက်အခံပြု၍လည်းကောင်း၊ ရွှေဖြင့် လဲလှယ်ခွင့်ပေး၍လည်းကောင်း ရွှေဒင်္ဂါးများနည်းတူ ထုတ်ဝေ ဖြန့်ဖြူးခဲ့ခြင်းပင် ဖြစ်သည်။ ဘဏ်ငွေစက္ကူများမှာ ဘဏ်များက ပေးဆပ်ရန် တာဝန်ရှိသော ကြွေးမြီသဖွယ် ဖြစ်ခြင်းကြောင့် အစကပင် ရွှေဖြင့် လဲလှယ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ အကယ်၍ ဘဏ်စက္ကူများကို ရွှေဖြင့် လွတ်လွတ်လပ်လပ် လဲယူနိုင်ခွင့် မရှိပါက ဖြန့်ဖြူးသုံးစွဲနိုင်သည့် ငွေကြေးဟူ၍ လူအများက ယုံကြည်စိတ်ချမည် မဟုတ်သည်နှင့်အမျှ အသိအမှတ်ပြုကြမည် မဟုတ်ချေ။

အလားတူစွာ ဘဏ်အပ်နှံငွေများ ထားရှိကြခြင်းနှင့် ဘဏ်ချက်လက်မှတ်များ ထုတ်ပေးခြင်းများ တစ်စ တစ်စ ပြုလုပ်လာခဲ့ရာမှ ငွေကြေးစံနစ်မှာ တစ်ထစ်တိုးတက်လာခဲ့ လေသည်။ ထိုဘဏ်ချက်လက်မှတ်များကိုပင်လျှင် ယုံကြည်မှု ရစေရန် ရွှေဖြင့် လဲလှယ်ယူခွင့် ပေးခဲ့ခြင်းဖြစ်သည်။ ဦးစွာ၌ ဘဏ်ငွေစက္ကူများနှင့် ဘဏ်တွင် အပ်နှံထားသည့် ငွေများမှာ ရွှေဒင်္ဂါးများ အများပါဝင်သော ငွေကြေးအားလုံး၏ တစ်စိတ် တစ်ဒေသမျှသာ ဖြစ်သည်။ ထိုနောက် ဘဏ်ငွေစက္ကူများနှင့် အပ်ငွေများ တဖြည်းဖြည်း များပြားလာပြီးလျှင် ငွေကြေး အားလုံး၏ ကြီးမားသော အစိတ်အပိုင်းကြီး ဖြစ်လာခဲ့သည့် နောက်ပိုင်း၌ပင် ယင်းတို့ကို နှစ်ပေါင်း အတန်ကြာ ရွှေနှင့် လဲလှယ်ခွင့် ရရှိနိုင်ခဲ့ပေသည်။ ရွှေနှင့် ငွေစက္ကူကို ပြိုင်တူ ဖြန့်ဖြူးနေသရွေ့ ရွှေနှင့် စက္ကူကို တန်ဖိုးတစ်မျိုးစီထားကာ ဖြန့်ဖြူးနေရန်လည်း မဖြစ် နိုင်ခြင်းကြောင့် တစ်မျိုးနှင့်တစ်မျိုး လွတ်လပ်စွာ လဲ လှယ်နိုင်ခွင့် ရှိအပ်ပေသည်။ ပထမကမ္ဘာစစ်ကြီးအတွင်းတွင် ရွှေဒင်္ဂါးများ လုံးဝသုံးစွဲခြင်း မရှိလှတော့သည်မှ စ၍ ဘဏ်ငွေ စက္ကူများကို ရွှေနှင့် ရွေးယူခွင့်ရရှိစေရန်လည်း မလိုတော့ပေ။ ယခုခေတ်အခါတွင် တွဲဖက်၍ ဖြန့်ဖြူးလျက်ရှိသော ကြေးနီ၊ ငွေနှင့် အခြား သတ္တုဒင်္ဂါးများမှအပ ကမ္ဘာပေါ်တွင် သုံးစွဲနေကြ သော ငွေကြေးများမှာ စက္ကူငွေချည်းပင် ဖြစ်ကြပေသည်။ ထို စက္ကူဖြင့်လုပ်သော ငွေကို ပုံသေအချိုးကျ သတ်မှတ်ထားသော နှုန်းအတိုင်း တရားဥပဒေအရ ပြဋ္ဌာန်း၍ ရွှေဖြင့် အချုပ်အချယ် မရှိ အပြန်အလှန် လဲလှယ်ခွင့်ရှိပါက ရွှေစံချိန်စံနစ်တွင်ပင် တည်ရှိနေခြင်း ဖြစ်သည်။ ထိုငွေစက္ကူကို ပုံသေနှုန်း သတ်မှတ် ထားရှိ၍ ရွှေဖြင့် လဲလှယ်နိုင်သည့်နည်းမှာ ငွေကြေးစံနစ် သတ် မှတ်ထားရှိ၍ ရွှေဖြင့် လဲလှယ်နိုင်သည့်နည်းမှာ ငွေကြေးစံနစ် ၏ တီထွင်ဖန်တီးမှုတစ်ရပ်မဟုတ်ဘဲ ရာစုနှစ်ပေါင်း အတန် ကြာ ကာလက စ၍ တဖြည်းဖြည်း အကြောင်းအားလျော်စွာ ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။

အဆိုပါ ရွှေစံချိန် စံနစ် ပေါ်ပေါက်လာရာတွင် အဆင့် ဆင့်အားဖြင့် ခြားနားသိရှိရန်အလို့ငှာ အမည်ဝေါဟာရ တစ်မျိုးစီ ပေးထားပေသည်။ ရွှေဒင်္ဂါးချည်းသာလျှင် ဖြန့်ဖြူး သုံးစွဲရသော ငွေကြေးစံနစ်မျိုးကိုပင် ဖြစ်စေ၊ သို့တည်းမဟုတ် ရွှေဒင်္ဂါးများကို ငွေစက္ကူများနှင့်တကွ တွဲဖက်၍ ဖြန့်ဖြူး သုံးစွဲ ရသည့် ငွေကြေး စံနစ်မျိုးကိုပင် ဖြစ်စေ ရွှေစံချိန်ပြည့် စံနစ်ဟု ခေါ်ဝေါ်ကြသည်။ ရွှေဒင်္ဂါးများကို မဖြန့်ဖြူးဘဲ ထားရှိစေကာမူ ဗဟိုဘဏ်က ဥပဒေအရ တာဝန်ယူလျက် ပုံသေနှုန်း သတ် မှတ်ပြီးနောက် ရွှေကို အကန့်အသတ်မရှိငွေကြေးဖြင့် အရောင်း အဝယ်ပြုလုပ်လျှင် ရွှေသတ္တုစံချိန်စံနစ်ဟု ခေါ်တွင်သည်။ အကြောင်းမှာ ငွေကြေးကို ရွှေဒင်္ဂါးနှင့် လဲနိုင်ခွင့်မရှိဘဲ ရွှေတုံး နှင့်သာ လဲယူနိုင်သည့်အတွက်ကြောင့်ပင် ဖြစ်ပေသည်။ အခြား နည်းစံနစ် တစ်မျိုးမှာ ဗဟိုဘဏ်တိုက်က ဥပဒေအရ တာဝန် ယူ၍ ရွှေဖြင့်လဲလှယ်နိုင်ခွင့်ရှိသော ငွေကြေးအမျိုးအစားတစ်ခု ကို ဘဏ်ငွေစက္ကူနှင့် လဲလှယ်ယူရမည် ဖြစ်သည်။ ထိုစံနစ်ကို ရွှေလဲလှယ်ရေး စံချိန်စံနစ်ဟု ခေါ်တွင်သည်။ သို့ဖြစ်၍ ရွှေစံချိန်စံနစ်သည် မည်သည့်အသွင်သဏ္ဌာန်ကို ဆောင်စေကာမူ ဖြန့်ဖြူးသုံးစွဲလျက်ရှိသော ငွေကြေး၏ပမာဏအားဖြင့်သော်လည်းကောင်း၊ တန်ဖိုးအားဖြင့်သော်လည်းကောင်း တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ဖြစ်စေ ရွှေနှင့် ဆက်သွယ်လျက်ပင် ရှိလေသည်။

ခေတ်သစ်ရွှေစံချိန် စံနစ်၏ အကျိုးပြုသော လုပ်ငန်း နှစ်ရပ်မှာ(၁) ပြည်တွင်း၌ ဖြန့်ဖြူးထားသော ငွေကြေးချင်း လဲလှယ်ရေးနှုန်းများ တည်ငြိမ်မှုရရှိစေရန် ထိန်းသိမ်းခြင်းတို့ပင် ဖြစ်သည်။

ပြည်တွင်း၌ ဖြန့်ဖြူးထားသော ငွေကြေး၏ပမာဏကို ကြီး ကြပ်ထိန်းသိမ်းသည့် လုပ်ငန်းရပ်မှာ ဗဟိုဘဏ်၏ ငွေကြေး ထုတ်ဝေနိုင်သော အာဏာကို အတိအကျ ကန့်သတ်ထားခြင်း ပင် ဖြစ်သည်။ မည်သည့် ဗဟိုဘဏ်မဆို မိမိပိုင် ရွှေများကို အရေးပေါ်ကိစ္စအတွက် အသုံးပြုနိုင်ရန် သီးသန့်ထားရှိသည်။ သို့သော် မိမိပိုင် ရွှေအင်အား အထောက်အခံ ရှိသည်ထက် ပို၍ ဥပဒေအရ ငွေစက္ကူများကို ထုတ်လုပ်နိုင်ခွင့် မရှိချေ။ သို့မှသာ လျှင် ထုတ်ဝေဖြန့်ဖြူးထားသော ငွေကြေး၏ပမာဏကို ရုတ် တရက် တရားလွန် များပြားလာခြင်း မရှိစေရန် အကြမ်းအား ဖြင့် ထိန်းသိမ်းထားနိုင်သည်။ ထိုလုပ်ငန်းရပ်ကို ပြည်တွင်းရွှေ စံချိန်စံနစ်ဟု ခေါ်သည်။

ငွေကြေး၏ ပြည်ပတန်ဖိုး မယိမ်းမယိုင်စေဘဲ တည်တံ့ရန် ရည်ရွယ်သည့် ဒုတိယလုပ်ငန်းရပ်ကို အပြည်ပြည်ဆိုင်ရာ ရွှေ စံချိန်စံနစ်ဟု ခေါ်ဝေါ်သည်။ ထိုအပြည်ပြည်ဆိုင်ရာ ရွှေစံချိန် စံနစ်၏ အဓိကရည်ရွယ်ချက်မှာ ဖြန့်ဖြူးထားသော ငွေကြေးကို ရွှေနှင့် ယင်းတို့၏ အခြေခံစံနှုန်းကို မှီး၍ သတ်မှတ်ထားသည့် အချိုးကျတန်ဖိုးအလိုက် လဲလှယ်နိုင်ခြင်းပင် ဖြစ်သည်။ ပြည် တွင်းနှင့် အပြည်ပြည်ဆိုင်ရာ စံချိန်စံနစ်များ ထားရှိသော နိုင်ငံ တွင်းတွင် ရွှေကို သီးသန့်ဟူ၍ နှစ်မျိုးထားရှိတတ်ကြသည်။ တစ်မျိုးမှာ လက်ကိုင် သိမ်းဆီးထားရှိရန် ဖြစ်၍ တစ်မျိုးမှာ သုံးစွဲရန် ဖြစ်လေသည်။

ရွှေစံချိန်စံနစ် ဖြစ်ပေါ်လာပုံနှင့် ရှေ့အလားအလာ ဗြိတိန်နိုင်ငံသည် ၁၈၂၁ ခုနှစ်မှ စတင်၍ ရွှေစံချိန် စံနစ်ကို အသုံးပြုခဲ့သည်။ ထိုအချိန်အခါ မတိုင်မီက ငွေသတ္တု သာလျှင် ကမ္ဘာတွင် သုံးစွဲသည့် အဓိကငွေကြေးဆိုင်ရာ သတ္တု ဖြစ်ခဲ့၍ ပထမကမ္ဘာစစ်ကြီးဖြစ်ပြီးနောက် ဥရောပတိုက်ရှိ နိုင်ငံ များက မိမိတို့ပြည်တွင်းသုံး ငွေကြေးကို ရွှေဖြင့် အခြေခံ အထောက်အထားပြု၍ ခိုင်မြဲအောင် ပြုလုပ်လာကြပေသည်။ များသောအားဖြင့် ရွှေလဲလှယ်ရေး စံချိန်စံနစ်ကို အနှံ့အပြား အသုံးပြုကြပေသည်။ ထိုစစ်ကြီး ပြီးဆုံးသည့်နောက်ကာလတွင် ဗဟိုဘဏ်များ တိုးတက်များပြားလာသည်နှင့်အမျှ ရွှေစံချိန်စံနစ် ကို ငွေကြေး ပြန်လည်ထူထောင်ရန် အုတ်မြစ်သဖွယ် ချခဲ့သော် လည်း နောက်နှစ်ပေါင်း အနည်းငယ်အတွင်း၌ပင် ထိုစံနစ်ကို စွန့်ခဲ့ကြသည်။ ၁၉၂၅ ခုနှစ် ဧပြီလတွင် ဗြိတိန်နိုင်ငံက ရွှေ စံချိန် စံနစ်ကို ပြန်လည်အသုံးပြုခဲ့ပြီးနောက် ၁၉၃၁ ခုနှစ် စက်တင်ဘာလတွင် ခေတ္တရပ်စဲခဲ့ပြန်သည်။ အနောက်ဥရောပ တိုက်ရှိ အရေအတွက်အားဖြင့် တစ်လက်ခုပ်စာမျှရှိသော တိုင်းပြည်အနည်းငယ်ကသာ ငွေကြေးလဲလှယ်ရေးလုပ်ငန်းများ ကို ပြင်းထန်စွာ ကြီးကြပ်ပြီးလျှင် ရွှေစံချိန်စံနစ်ကို အားကိုး တစ်ခု ပြုခဲ့လေသည်။ သို့သော် နောက်နှစ်ပေါင်းများစွာ မကြာ မီပင် နိုင်ငံအများအပြားက ထိုရွှေစံချိန်စံနစ်ကို တစ်ဖန် စွန့် လွှတ်ခဲ့ပြန်သည်။ ယင်းသို့ စွန့်လွှတ်ခဲ့ခြင်းမှာ ကမ္ဘာအရပ်ရပ်ရှိ ငွေကြေးဆိုင်ရာ အာဏာပိုင်များက ယခင် စစ်မဖြစ်မီကကဲ့သို့ ရွှေစံချိန်စံနစ်ကို အားကိုးအားထားမပြုကြသောကြောင့် တစ်ကြောင်း၊ ငွေလဲလှယ်ရေး နှုန်းထားများ ပိုမိုတည်ငြိမ်မှု ရှိစေလိုသောကြောင့် တစ်ကြောင်း ဖြစ်လေသည်။ စစ်၏ ဒဏ်ရာဒဏ်ချက်များကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် စီးပွားရေး ကမောက်ကမဖြစ်ပြီးလျှင် ကုန်ဈေးနှုနန်းများလည်း ကြီးမား လာခဲ့သဖြင့် ရွှေစံချိန်စံနစ်ကို အမှီသဟဲပြုနေရန်လည်း မဖြစ် နိုင်တော့သည့်အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေး စံနစ်ကို ပြန်လည်ထူထောင်လာခဲ့ရာမှ ထိုရွှေစံချိန်စံနစ်သည် ပျောက် ကွယ်လုနီးနီးပင် ရှိခဲ့လေသည်။ အထူးသဖြင့် စစ်ပြီးခေတ်တွင် ငွေကြေးလဲလှယ်ရေးနှုန်းထားများ တည်ငြိမ်မှု ရရှိနိုင်ရန် ပိုမို လိုအပ်လာပေသည်။ ဗဟိုဘဏ်များကလည်း ရွှေစံချိန်စံနစ်ကို လက်ခံကျင့်သုံးရန် မလိုလားကြခြင်းသည် ရွှေအသုံးမဝင်ခြင်း ကြောင့် မဟုတ်ပေ။ ရွှေကိုမူ သူ့ထက်ငါပင် ရယူပိုင်ဆိုင်လို ကြသည့် လက္ခဏာပေါ်ပေါက်လျက် ရှိသေးသည်။ အမှန်စင်စစ် ရွှေစံချိန်စံနစ်ကို စွန့်ပစ်ခြင်းမှာ ကန့်သတ်သော ချေးနှုန်းဖြင့် ရွှေအရောင်းအဝယ် မပြုလုပ်ခြင်းမျှသာ ဖြစ်ပေသည်။ ကမ္ဘာ နိုင်ငံများအဖို့ ငွေပေးငွေချေ ပြုလုပ်ကြရာတွင် ရွှေသာလျှင် အမြဲတမ်း အသုံးဝင်မည့် ကြားနေဝတ္ထုပစ္စည်း ဖြစ်ပေသည်။ ကမ္ဘာ့တိုင်းနိုင်ငံကြီးများတွင် ရွှေကိုပင် လက်ကိုင်ထားကြ၏။ ရွှေအများဆုံးရှိသည့် တိုင်းပြည်ကြီးများကလည်း ရွှေ၏တန်ဖိုး ကို မယုတ်မလျော့စေရန် အာရုံစူးစိုက်၍ စိတ်ဝင်စားစွာ ကြိုး စားကြမည်မှာ မလွဲပေ။

ရွှေသည် ပြည်တွင်းတွင် ပြိုင်ဖက်မရှိ သုံးစွဲနိုင်သည့် ငွေ ကြေးအနေနှင့် အရည်အချင်းမရှိ ဖြစ်သွားသည့်တိုင်အောင် လူ အများက နှစ်သက်ခုံမင်ကြ၍ တန်ဖိုးထားကြခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးလောကတွင် ထားရှိ သင့် ထားရှိအပ်သော ပြည်တွင်းကြိုက် ရောင်းချဖလှယ်နိုင် သည့် ဝတ္ထုပစ္စည်းအဖြစ် ဂုဏ်ထူးဝိသေသ ရှိနေပေဦးမည်။ သို့ဖြစ်၍ အမေရိကန်ပြည်ထောင်စုတွင်၎င်း၊ အခြားတိုင်းပြည် အများအပြားတွင်၎င်း ရှေ့မျှော်မှန်းနိုင်သော ခေတ်တစ်လျှောက် လုံး၌ မူလစံချိန်စံနစ်နှင့် အလွန်အမင်း ကွာခြားခြင်းမရှိသည့် စံနစ်ကို ထားရှိကောင်းထားရှိ ကျင့်သုံးနေမည်ဟု ထင်မြင်ယူဆ ရပေသတည်း။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)