တိုး၊ ဦး၊ ရွှေတိုက်စိုး
ရကန်လောကတွင် ပထမတန်းစားဟု စံတင်ထိုက်သော ရာမရကန် ဆရာဦးတိုးသည် ၁၁၁၃ ခုနှစ်တွင် စိုင်နံ့သာရွာ၌ ဖွားမြင်လေသည်။ အချို့ကလည်း ရွှေဘိုမြို့အနီး၊ ဆီးတောရွာ တွင် ဖွားမြင်သည်ဟုဆိုကြ၏။ ရဟန်းဘဝနှင့် စာပေကျမ်းဂန် လေ့လာဆည်းပူး၏။ ဆင်ဖြူရှင်မင်းနှင့် စဉ့်ကူးမင်းလက်ထက် တွင် မင်းမှုထမ်း၏။ ထိုစဉ်က ဆောင်းပါးများ၊ သီချင်းများရေး သောကြောင့် ဆောင်းပါးမောင်တိုးဟု နာမည်ကျော်ခဲ့သည်။
ကဗျာလင်္ကာများတွင်သာမက သဒ္ဒါပရမတ် ကျမ်းဂန်၌လည်း နှံ့စပ်သည်။ စာဟောင်းပေဟောင်းတို့၌ နားလည်တတ်မြောက် သဖြင့် မင်းညီမင်းသားမှစ၍ ဗဟုသုတလိုလားသူတို့ အားကိုး အားထားပြုသော ဆရာတစ်ဦးဖြစ်၏။ ရှေးဟောင်း ပေပုရပိုက် တို့ကိုချည်း လေ့လာနေသည်မဟုတ်။ ပတ်ဝန်းကျင်လောကကို သုံးသပ်ကာ လူတို့ပြုမူပြောဆို ကျင့်ကြံပုံတို့ကို မှတ်သားပြီး လျှင် သူ၏စာတွင် ပေါ်လွင်အောင် စပ်ဆိုလေသည်။ မိမိဘဝ ပတ်ဝန်းကျင်နှင့်နီးစပ်သော စာဆိုတစ်ဦးဖြစ်သည်။ မြန်မာ စာပေလောကနယ်တွင်းရှိ အတွေးနှင့်အရေး ဆန်းကြယ်သော စာဆိုတို့တွင် ဦးတိုးသည် ခေါင်းဆောင်တစ်ဦး ဖြစ်လေသည်။
ရာမရကန်ကိုဖတ်လျှင် စာဆိုဦးတိုး၏ဉာဏ်မှာ သာမည သင်ဉာဏ်၊ မှတ်ဉာဏ်၊ ကျက်ဉာဏ်သာမဟုတ်။ ဝမ်းတွင်းပါ ပင်ကိုပါရမီဉာဏ်ဖြစ်ကြောင်း ထင်ရှား၏။ ယင်းသို့ ဉာဏ် ကလည်း ချွန်သည့်ပြင် လောကကိုလည်း လေ့လာ၍ ရေးသား သူ ဖြစ်ရကား၊ ဦးတိုး၏အာဝဇ္ဇန်း ရွှင်လှပေသည်။ ထို့ကြောင့် သူရေးသားသော ရကန်မှာ လူ့လောကအကြောင်းတို့ဖြင့် ဝေဆာ လျက်ရှိသည်။ အထူးသဖြင့် လူ့သဘာဝကို အကဲခတ်လေ့ရှိ သော ဦးတိုးသည် လူတို့ကမောက် ကမပြုကြပုံကို ရယ်စရာဖြစ်အောင် သူ၏ရကန်တွင် စပ်ဆိုခဲ့သည်။ ဤနည်း ဖြင့် လူသားတို့အား လောကဓံတရားကို ခံနိုင်ရည်ရှိ၍ သဘော ထားကြီးလာအောင် လမ်းညွှန်ခဲ့ပေ၏။
ဖွဲ့နွဲ့ရာ၌ ယဉ်ကျေးသိမ်မွေ့တန်သည့် နေရာတွင် များစွာယဉ် ကျေးသိမ်မွေ့၍ ကြမ်းတမ်းသင့်သည့်နေရာ၌ များစွာကြမ်းတမ်း စွာ ရေးနိုင်သူဖြစ်သည်။ ဦးတိုးသည် စကားအဆန်း လက်တန်း ထွင်၍ ရေးသားရန်လည်း ဝါသနာပါ၏။ ထို့ကြောင့် ဦးတိုး၏ ရာမရကန်လာ စကားအဖွဲ့အနွဲ့များကို နာမည်ကျော် စာဆိုအချို့ ကပင် ထပ်၍ အမွှမ်းတင်ကာ အတုလိုက်ရေးသည်ကို တွေ့ရ သည်။
ဤသို့လျှင် အခြားဆရာများက စံနမူနာထား၍ အတု ယူရလောက်အောင် ဦးတိုးသည် စကားကိုနိုင်နင်းစွာ သုံးစွဲနိုင် လေသည်။ ထိုမျှမကသေး ဌာနန္တရ ဝေါဟာ၇၊ ဒေသန္တ၇၊ ဘာသန္တရ စကားရပ်များကို ရေရေလည်လည် ခမ်းခမ်းနားနား တင့်တယ်အောင် တန်ဆာဆင်ကာ နေရာနှင့်လိုက်အောင် ရာမ ရကန်၌ သုံးထားသည်မှာ အလွန်ပင်ချီးကျူးဘွယ်ရာ ကောင်းလှ ၏။ ရာမရကန်၌ ကတ္တား၊ ကံ၊ တြိယာတို့ကို အလိုက်သင့်စွာ သုံးစွဲထားသည်မှာ ဦးတိုးသည် သဒ္ဒါအရာ၌ မည်မျှချက်ခြာ နားလည်ကြောင်း ထင်ရှားစေလေသည်။ စကားအသုံးအနှုန်းတို့ မှာလည်း အပိုမပါ၊ ဟာလပ်ခြင်းမရှိဘဲ နေရာတကာတွင် စေ့စေ့စပ်စပ်ရှိလှ၏။ အသိခက်ခဲသော စကားလုံးများကို မသုံး ဘဲ၊ လူသာမန်တို့ သိလွယ်သော စကားလုံးများကို ရေးသားသူ ဖြစ်လေသည်။ သူရေးသောစာတို့ကို ထောက်ခြင်းဖြင့် ဦးတိုး သည် လူ့စိတ်သဘောကို အကဲခတ်တတ်သူဟု သိသာနိုင်ပေသည်။
လောက၊ ဓမ္မ၊ ရာဇသုံးကြောင်းတွင် ဦးတိုးသည် လောက အကြောင်းကို ပို၍ နိုင်နင်းသူဖြစ်သည်။ လောကကြီး၌ ဖြစ် ပျက်နေပုံကို ကွက်ကွက်ကွင်းကွင်းပေါ်အောင် ရေးသားနိုင်သော စာပန်းချီ ဆရာကြီးတစ်ဦး ဖြစ်ပေသည်။ ရာမရကန်ကို ဦးတိုး သည် ပြီးဆုံးအောင် မရေးသားနိုင်ခဲ့ပေ။ သုကျိတ်မျောက် လျှောက်ခန်းဖြစ်သော အပိုဒ် ၃၄ အဆုံးတွင် အနိစ္စရောက် ရှာလေသည်။ ကျန်အပိုင်းကို ဆက်လက်ရေးသားမည့် ဦးတိုး လိုလူ ပေါ်ဦးမည်လောဟု အိမ်ရှေ့မင်းသားနှင့် ဘိုးတော်ဘုရား တို့မှာ ယူကျုံးမ၇တောင့်တမိကြ၏။ ထိုအခါမှ ရဟန်းဘွဲ့ ဦးဂမ္ဘီ၊ လူအမည် ဦးရွဲက ဆက်လက်ရေးနိုင်ကြောင်း လျှောက် ထားသဖြင့် မင်းတရားကြီးမှာ များစွာဝမ်းမြောက်ရွှင်လန်း ခြင်းဖြစ်၍ ဦးရွဲကိုပင် ဆက်လက်ရေးသားစေ တော်မူလေသည်။ ဦးတိုးသည် ဘိုးတော်မင်းတရားလက်ထက်၌ မြေးတော်စစ်ကိုင်း မင်းဧချင်းကို ရေးသားခဲ့၏။ ၁၁၄၆ ခုနှစ်တွင် အိမ်ရှေ့မင်းသား ကြီး ရခိုင်သို့ ချီသောအခါတွင် ရခိုင်ချီမောင်ဘွဲ့မယ်ဘွဲ့ ရတု များကို ရေးသားဆက်သွင်း၇လေသည်။ ရာမရကန်ကြီးကိုလည်း အိမ်ရှေ့မင်း၏ အမိန့်တော်အရ ရေးသားပြုစုခြင်းဖြစ်၏။ ဦးတိုး၏ လက်ရာများထဲတွင် ရာမရကန်မှာ အကောင်းဆုံးလက်ရာ ဖြစ်လေသည်။
မြန်မာစာပေနယ်တွင် ထင်ရှားလှသည့် စွယ်စုံပညာရှင် ဦးပုညပင်လျှင် ဦးတိုး၏ရာမရကန်မှ သမင်၏ အမူအရာ အဖွဲ့ဖြစ်သော ‘ဆိတ်စာကလေး၊ လိုက်သူနှင့်ဝေးသောအခါ၊ ခေါ်သွေးခေါ်ယောင်၊ နီးပြန်အောင်လို့၊ ခြေတပေါင်ကျိုး၊ နိမ့်မျိုး နိမ့်မြင့်၊ မလှမ်းချင်ချင်၊ လှမ်းချင်ချင်နှင့် သစ်ပင်ကိုခိုတဲ့ကို’ ဟူသည့်စာပိုဒ်ကို အတုယူမှီငြမ်းပြု၍ စလေမြို့ မောင်ရွှေချန် မေတ္တာစာတွင် ‘စိန်ချယ်ရတီ၊ ဝဇီရာဝုတ်၊ မုတ်ပုလဲပွင့်၊ ချိုဝင့် ဝင့်နှင့်၊ ရွှေသမင့်လက္ခဏာ၊ မြက်နံ့သာ မြေညီတွင်၊ တဘက် ခွာ ခြေချီ၍၊ ပီပီလည်း မနင်းပရိယာယ် ရှစ်ဖြာဖြင့်၊ ချစ်စရာ ဖန်ဆင်း၍၊ ဟန်ခင်းကာ ကြော့လိုက်သည့်၊ တောစရိုက်ဘာ သာ’ဟု စာကွန့်တက်စပ်ဆိုခဲ့လေသည်။
ဦးတိုးရေးသားပြုစုခဲ့သည့် စာပေကျမ်းဂန်များတွင် တောင်ငူ မင်း၊ နတ်သျှင်နောင်၏ရတုကို ဖြေဆိုထားသော ကျမ်းတစ် စောင်လည်း ပါဝင်သည်။ ယင်းတောင်ငူမင်းဆိုရတုအဖြေတွင် ဦးတိုးသည် ‘ဆွတ်ပျံ့ဘွယ်အောင်’ချီ ပိုဒ်စုံရတု တစ်ပိုဒ်တည်း ကို ကျမ်းတစ်စောင်တဖွဲ့ဖြစ်သည်အထိ အကိုးအကားများ၊ ဝေဖန်နှိုင်းရှည့်ချက်များနှင့် ခမ်းနားစွာ ဖြေဆိုခြင်းပြုခဲ့လေ သည်။ ထိုကဲ့သို့ အဖြေေ၇းသားရခြင်း၏ အကြောင်းရင်းကား ဤသို့တည်း။ အမရပု၇ ဆင်ဖြူများရှင်မင်းတရားကြီး၏ သားတော် အိမ်ရှေ့ဥပရာဇာသည် စာပေကျမ်းဂန်အရာတွင် ကိုယ်တော်တိုင် လေ့လာလိုက်စား အားပေးချီးမြှောက် လေ့ရှိ သော ပညာရှိပုဂ္ဂိုလ်ကြီး တစ်ပါးဖြစ်သည်။ အိမ်ရှေ့မင်းသား သည် စာပေကျမ်းဂန်၊ သမိုင်း၊ မော်ကွန်း၊ ဗေဒင်အလင်္ကာ၊ ကဗျာ၊ ဧချင်း အစရှိသည့်တို့မှ နက်နဲသောခက်ဆစ်တို့ကို ကြံ စည်လေ့ရှိသောသူဖြစ်သည်။ ယင်းသို့ကြံစည် အားထုတ်ရာတွင် ကျမ်းဂန်နှင့်ဆိုင်လျှင် ကံအခွဲကို၎င်း၊ တီထိစက်ဗေဒင်နှင့် ဆိုင်လျှင် ဓာတ်အခွဲကို၎င်း၊ သမိုင်းနှင့်ဆိုင်လျှင် မဟာသမ္မတ မင်းမှစ၍ စကားကြီးစကားချပ်တို့ကို၎င်း၊ အလင်္ကာသဒ္ဒါနှင့် ဆိုင်လျှင် ပသာဒဒေါသ နည်းလေးဆယ်၊ ဥပစာဆယ်ပါး တို့ကို၎င်း၊ မော်ကွန်းနှင့်ဆိုင်လျှင်လည်း မဂင်္လာစေတီဘွဲ့၊ ဝတ်ရုံကျောင်းဘွဲ့၊ သျှစ်သျှားကန်ဘွဲ့၊ ပုံတောင်နိုင် အစရှိသော မော်ကွန်းများမှ နက်နဲသော ခက်ဆစ်တို့ကို၎င်း၊ ရတုပျို့ ကဗျာ များနှင့်ဆိုင်လျှင်လည်း သျှင်မဟာသီလဝံသ၊ သျှင်မဟာရဋ္ဌသာ ၇၊ နတ်သျှင်နောင်၊ နဝဒေးအစရှိသော စာဆိုများ၏ ရတုပျို့ ကဗျာများမှ ခက်ဆစ်စကားစုတို့ကို၎င်း ကြံစည်မေးမြန်းပြော ဆိုလေ့ရှိသည်။ ယင်းသို့လျှင် အိမ်ရှေ့မင်းသည် စာပေကျမ်းဂန် အရာတွင် ကိုယ်တော်တိုင် စိတ်ဝင်စားခြင်းရှိသည်နှင့်အမျှ သူတစ်ပါးကိုလည်း အားပေးချီးမြှောက်ခြင်း ပြုလေသည်။
ဤယခု နတ်သျှင်နောင်၏ ‘ဆွတ်ပျံ့ဘွယ်အောင်’ချီ ပိုဒ်စုံ ရတုတွင်လည်း ဒုတိယပိုဒ်နှင့် တတိယပိုဒ်များ၌ ‘ရွှေသာပြောင် ဝင်း၊ နန်းပြူတင်းက၊ လေညှင်းမြူးရွှင်၊ ကြည့်စဉ်တွင်၌၊ ဘုန်း အင်ကြီးလှ၊ ဆင်ထိုက်ရသား၊ မမျှပန်းချင်း၊ မွှေးတုကင်းကို’ ဟူ၍လည်းကောင်း၊ ‘ဧကံကျစံ၊ ပေါက်ပြလျှံမျှ၊ ညှာတံပွင့်ချပ်၊ ဖြူလှပ် ပုလဲ၊ ဇော်တစွဲ လျက်၊ ဖြစ်ခဲဆင်းဝါ၊ ပန်းထွဋ်ချာကို’ဟူ၍လည်းကောင်း နက်နဲကွယ်ဝှက်သော အဖွဲ့အနွဲ့ ပါရှိ၍နေပေသည်။ ဤ‘ဆွတ် ပျံ့ဘွယ်အောင်’ချီရတုကို ပန်းထွဋ်ချာဘွဲ့ဟုပင် ခေါ်စမှတ်ပြုခဲ့ ကြသည်။ နက်နဲကွယ်ဝှက်သော ထိုပန်းထွဋ်ချာဘွဲ့ကို အချို့က စွယ်တော်ဖြစ်သည်။ အချို့က မြသပိတ်ဖြစ်သည်။
အချို့ကလည်း သကျမဉ္ဇူဘုရားဖြစ်သည်။ အချို့ကလည်း သရီရဓာတ် တော်မွေတော်ဖြစ်သည် အချို့ကလည်း စွယ်တော် ပန်းဖြစ်သည်ဟု အသီးသီးဉာဏ်ကြီး ဉာဏ်ကျယ် လှယ်ပယ် ဆွတ်ခူး၍ အိမ်ရှေ့မင်းအား အနူးအညွတ် လျှောက်တင်ကြသော် လည်း အိမ်ရှေ့မင်း၏စိတ်၌ နှစ်ခြိုက်ခြင်းမရှိခဲ့ချေ။ ထို့ကြောင့် သက္ကရာဇ် ၁၁၅၁ ခုနှစ် တော်သလင်းလတွင် ဦးတိုးသည် နတ် သျှင်နောင်၏ ‘ဆွတ်ပျံ့ဘွယ်အောင်’ချီ ပိုဒ်စုံရတုမှ နက်နဲကွယ် ဝှက်သော ‘ပန်းထွဋ်ချာ’ဘွဲ့မှာ ထီးဖြူတော်ဖြစ်ကြောင်း အခိုင် အမာ ဖြေဆိုရေးသား၍ အိမ်ရှေ့မင်းအား တင်ဆက်ခဲ့ပေသည်။ ဦးတိုးသည် ဘိုးတော်မင်းတရားလက်ထက်တွင် ဇေယျ ကျော်သူဘွဲ့နှင့် သံတော်ဆင့်အရာ ရွှေတိုက်စိုးအရာခန့်ထား ခံရသည်။ သက္ကရာဇ် ၁၁၅၈ ခုနှစ် အသက် ၄၅ နှစ်တွင် အနိစ္စရောက်လေသည်။
ကိုးကား
ပြင်ဆင်ရန်မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)