ရွှေနတ်တောင်ဘုရား
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ရွှေနတ်တောင် ဘုရားသည် ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံတွင် ထင်ရှား၍ တန်ခိုးကြီးဘုရားစေတီတော်တို့တွင် တစ်ဆူအပါအဝင် ဖြစ်သည်။
ရွှေနတ်တောင်ဘုရား | |
---|---|
အချက်အလက်များ | |
ကိုဩဒိနိတ် | 18°38′13″N 95°12′05″E / 18.636944°N 95.201320°Eကိုဩဒိနိတ်: 18°38′13″N 95°12′05″E / 18.636944°N 95.201320°E |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံ | မြန်မာနိုင်ငံ |
ရွှေနတ်တောင် ဘုရားသည် ရွှေတောင်မြို့တောင်ဘက် လေးမိုင်အကွာ ဒေဝါဂီရီခေါ် ရွှေနတ်တောင်ကုန်း မြင့်ပေါ်တွင် တည်ရှိသည်။ စေတီတော်ဆိုင်ရာ သမိုင်းဟောင်း၊ သမိုင်းလတ်များအပြင် ပါဠိဘာသာဖြင့် ရေးသားထားသော သမိုင်းသစ် စသည်ဖြင့် အထင်အရှားရှိသည်။ သမိုင်းအဆိုအရ မြတ်စွာဘုရားသခင်သည် သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူပြီးနောက် တစ်နှစ်မြောက်ဖြစ်သော သက္ကရာဇ် ၁ဝ၄ ခုနှစ်တွင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်မှ ယခု ရွှေနတ်တောင် ဘုရားတည်ရာ ဒေဝါဂီရိတောင်သို့ အရံသံဃာမပါ ကိုယ်တော်တစ်ပါးတည်းသာလျှင် တောင်စောင့်နတ်ကြီးအသွင့်ဖြင့် ကြွ ရောက်တော်မူသည်။ ထိုကာလက ယင်းတောင်ကြီး၏ အနီးရှိ ယခု ရွှေတောင်မြို့နေရာ ဖြစ်သော ကဉ္စနဂီရိနိဂုံးသူ နိဂုံးသားတို့သည် ဘာသာအလိုက် စရိုက်အားလျော်စွာ နတ်ကိုးကွယ်ကြရာ ထိုတောင်ကြီးပေါ်၌ နတ်ကွန်းဆောက်၍ တပေါင်းလတိုင်း ထိုတောင်စောင့်နတ်ကြီးကို ဆည်းကပ်ပသတင်မြှောက် ပူဇော်ကြသည်။
ဒေဝါဂီရိတောင်ထိပ်ပေါ်သို့ ဘုရားရှင် ကြွတော်မူသည်ကာလ နတ်ဗြဟ္မာတို့လည်း ပူဇော်ရန် အသီးအသီး ရောက်လာကြကုန်သည်။ ထိုအခါ တောင်အလုံးသည် ဘုရားရှင်၏ရောင်ခြည်တော်တို့ဖြင့် တစ်လျှပ်လျှပ် ထွန်းပ၍ နေလေသည်။ ယင်းသို့ အလျှံအဝါတောက်ပပုံကို မြင်ရသောနိဂုံးသူ နိဂုံးသားတို့သည် တအံ့တဩဖြစ်ကာ နောက်တစ်နေ့နံနက်တွင် တောင်သို့ တက်၍ ကြည့်ကြရာ သိကြားမင်းခင်းအပ်သော ပလ္လင်ညောင်စောင်း၌ နတ်သားအသွင် ဘုရားရှင်ကို တွေ့မြင်ရသည့်အခါ သူတို့ကိုးကွယ်သော နတ်မင်း ကိုယ်ထင် ပြသည်ဟု ယူဆကြကုန်သည်။ ဘုရားသခင်အား နတ်ကြီးအမှတ်ဖြင့် ရှိခိုးပူဇော်ကြ၍ ဘုရားသခင်ဟောတော်မူသော တရားကို နာယူကြသည်တွင် အချို့သောပရိသတ်သည် သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလ မြဲကြကုန်သည်။ ဘုရားသခင်သည် ခုနစ်ရက်ပတ်လုံး တရားဒေသနာများ ဟောတော်မူပြီးနောက် ရှစ်ရက်မြောက်သောနေ့၌ နိဂုံးသူ နိဂုံးသားတို့ ကိုးကွယ်ဆည်းကပ်ရန် ဘုရားရှင်ကိုယ်စား နတ်သားအသွင်ဖြင့် နိမ္မိတရုပ်ပွားတော်ကို ထားတော်မူခဲ့ကာ ရာဇဂြိုဟ်သို့ ပြန်ကြွတော်မူသည်။ နိဂုံးသူ နိဂုံးသားတို့သည် ရုပ် ပွားတော်ကို ပျက်ပြားဆုတ်ယုတ်ခြင်း မရှိစေရန် အင်္ဂတေအုတ်ရိုးတို့ဖြင့် ပုထိုးစေတီငုံ၍ တည်လေသည်။ စေတီတော်တည်ကြရာတွင် နေ့တွင် လူတို့ကတစ်ရစ် တည်၍ ညဉ့်တွင် နတ်တို့ကတစ်ရစ် တက်တည်သည်ဟု အဆိုရှိသည်။ ထို့ကြောင့် သမိုင်းရင်း၌ 'လူနတ် နှစ်လီ၊ တစ်ရစ်စီ၊ စေတီရွှေနတ်တောင်'ဟု ဆိုသည်။ စေတီ တော်ဘုရားပွဲကိုလည်း နိဂုံးသူနိဂုံးသားတို့သည် ရှေးဦးမဆွ ကျင်းပပြုလုပ်မြဲအတိုင်း နှစ်စဉ် တပေါင်းလ၌ ကျင်းပကြရာ ယခုခေတ်တိုင်ပင် ဖြစ်သည်။ နတ်ကြီးနေရာတောင်တွင် ရွှေတောင်၊ ရွှေတုံးကြီးကဲ့သို့ အရောင်အဝါများ တဖိတ်ဖိတ်တောက်သည်ကို အစွဲပြု၍ ရွှေနတ်တောင်ဟု တွင်ရာမှ ယင်းတောင်ပေါ်၌ တည်ထားသော ဘုရားသည် ရွှေနတ်တောင်ဘုရားဟု ကျော်ကြားခဲ့လေသည်။ ရွှေနတ်တောင်ဘုရားကို ဒွတ္တပေါင်မင်းကြီးမှအစ မင်းအပေါင်းတို့သည် ဆက်လက်ပြုပြင် ကိုးကွယ်ကြသည်။ ဒွတ္တပေါင်မင်းကြီးလက်ထက်တွင် မိဖုရားနှစ်ပါး ဖြစ်ကုန်သော ပိဿနိုးနှင့် စန္ဒာဒေဝီတို့သည် ပျက်စီး ယိုယွင်းနေသော ရွှေနတ်တောင်ဘုရားကို အုတ်အင်္ဂတေများ ရှင်းလင်းပြီးနောက် ဘုရားရှင်၏ဓာတ်တော် ပေါင်း ၁၈၂ ဆူကို ရတနာကြုတ်ဖြင့်ထည့်ကာ ဌာပနာ၍ ရွှေစေတီတော်တစ်ထပ်၊ ငွေစေတီတစ်ထပ် မွမ်းမံပြီးလျှင် အုတ်ရိုးစေတီ ၁၅ တောင် အမြင့် တည်သည်။ ဒွတ္တပေါင်မင်းကြီးကလည်း စေတီတော် ပြီးစီးသောအခါ နေထွက်နေဝင်အခါတွင် စေတီတော် အရိပ်ထွက်သမျှ ဌာနကို ဘုရားမြေဖြစ်စေ၊ ဤနယ်မြေမှ ထွက်သမျှ အခွန်ကို စေတီတော်၌ ဆွမ်းတော်ဝတ်၊ ဆီမီးဝတ် ဖြစ်စေဟု လှူ၍ တပေါင်းလတိုင်း ပွဲလမ်းသဘင် ဆင်ယင်ကျင်းပ ပူဇော်သည်။ ထိုနောက် ပုဂံပြည် တရုတ်ပြေးမင်း၏သားတော် ပြည်စား သီဟသူသည် ခမည်းတော် မှာထားချက်အရ ခမည်းတော်လက်စွပ်ကို ရောင်းချ၍ ရွှေနတ်တောင်စေတီတော်ကို ထပ်မံ ပြုပြင်ရာ ဉာဏ်တော် ၄၄ တောင်မြင့်လေသည်။ တောင်ငူဘုရင် တပင်ရွှေထီးလက်ထက်တွင်လည်း ကိုယ်တော်လုံးပတ်ပြည့် ရွှေသင်္ကန်း ကပ်ခဲ့သည်။ ကုန်းတော်ရင်ပြင်ဝယ် တင့်တယ် ထူးဆန်း ခြူးပန်းခြူးနွယ် အသွယ်သွယ်သော ရတနာတို့ဖြင့် ခြယ်လှယ်အပ်သော ရွှေပြာသာဒ်တော်ကိုလည်းကောင်း၊ စောင်းတန်းလှေကား များစွာသော အရုဏ်ခံ တံဆောင်းတို့ကိုလည်းကောင်း ဆောက်လုပ်လှူဒါန်းတော်မူသည်။ ယင်းသို့ မင်းအဆက်ဆက် ပြုပြင်ပူဇော်ခဲ့ရာ ယခုအခါ စေတီတော်သည် ထီးတော်မပါ ဉာဏ်တော် ၆၄ တောင် ရှိသည်။ ထီးတော်ပါမူ အတောင် ၈ဝ မြင့်သည်။ စေတီတော်၏ ဝန်းကျင်ပတ်လည်တွင် စေတီရံ ၁၇ ဆူနှင့် ရွှေပန်းခိုင်ကြီး ၁၅ ခိုင် ရှိသည်။ ဘုရားကုန်းတော်ပေါ်၌ ကြေးခေါင်းလောင်းပေါင်း ၂၁ လုံး၊ ထီးတိုင်ပေါင်း ၁၄ ခုနှင့် ဘုရားဖူးပရိသတ်တို့ နားနေရန် သုံးထပ်ဇရပ်ကြီးနှင့်တကွ ဇရပ်စုစုပေါင်း ၁၅ ခု ရှိသည်။ မြန်မာနိုင်ငံ ဗြိတိသျှလက်အောက်၌ ရှိစဉ် အိန္ဒိယနိုင်ငံတွင် ခွဲရေးတွဲရေး ပြဿနာပေါ်ပေါက်လာရာ ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ခွဲရေးအောင်မြင်သည်ကို အမှတ်ရစိမ့်သောငှာ ဘုရားကုန်းတော်ပေါ်၌ပင် ကျောက်စာတိုင် စိုက်ထူထားသည်ကို တွေ့ရသည်။ စေတီတော်ကုန်း၏ တောင်ဘက်တွင် နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်များ တန်ဆောင်းရှိ၍၊ ယင်းသို့ သွားရာလမ်းတွင် ဝင်္ကပါတောင်လမ်း ရှိသည်။[၁]
ရွှေနတ်တောင်ဗုဒ္ဓပူဇနိယပွဲတော်ပွဲ
ပြင်ဆင်ရန်ရွှေနတ်တောင်ဗုဒ္ဓပူဇနိယပွဲတော်ပွဲကို တပေါင်းလဆန်း(၈)ရက်မှ တပေါင်းလပြည့်နေ့အထိ ကျင်းပသည်။ စေတီ၏ မြောက်စောင်းတန်းမှ မယားမာန်းကျေရွာ၊ အရှေ့ဘက်လယ်ကွင်းများအထိ ဆောက်လုပ်ထားသော ဆိုင်ခန်းပေါင်း (၇၀၀)ခန့်ရှိပြီး လယ်ယာသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ်အထည်၊ ကလေး ကစားစရာ ဆိုင်ခန်းများစွာ ခင်းကျင်းရောင်းချသည်။ ရွှေနတ်တောင်စေတီဘုရားပွဲတော်သို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ နွားလှည်းများဖြင့် လာရောက်လေ့ရှိရာ ဘုရားပွဲတော်အနီးတွင် စခန်းချထားသည့် လှည်းအစီးရေ (၁၀၀၀)ကျော်လေ့ရှိသည်။ ရွှေနတ်တောင်စေတီဘုရားပွဲတော်သည် မြန်မာနိုင်ငံတွင် လှည်းများဖြင့် လာရောက်ဆင်နွှဲသည့် ပွဲတော်များ တွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပေါင်းတည်၊ သဲကုန်း၊ ပုတီးကုန်း၊ ရွှေတော်မြို့နယ်များအတွင်းရှိ ကျေးရွာများ၊ ကျီးသဲ၊ ညောင်စာရေး အစရှိသည့် ဧရာဝတီမြစ်ကမ်းနားမှ ကျေးရွာများမှဒေသခံများသည် နွားလှည်းများဖြင့် လာရောက်ကြသည်။
အခြားဖက်ရှူ့ရန်ဆောင်းပါးများ
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)