ရွှေမုဋ္ဌောစေတီတော် သည် ကလေးဝမြို့တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ စေတီတော်သည် သလ္လာဝတီချင်းတွင်းမြစ်ကမ်းထပ် မြစ်သာမြစ်ဆုံတောင်ပေါ်တွင် တည်ရှိသည်။ [၁]

သမိုင်းကြောင်း ပြင်ဆင်ရန်

သာသနာနှစ် ၂၀၄ ခုနှစ်တွင် နွယ်ပတ်မြို့ (ကလေးဝမြို့) တွင် နန္ဒရာဇာမင်း၏ သားတော်ဖြစ်သူ လန္တပါလရာဇာသည် မင်းပြု၏။ လန္တပါလရာဇာသည် အသောကမင်းကြီးနှင့် မင်းပြိုင်ဖြစ်၏။ အသောကမင်းကြီးသည် စေတီတော်တည်ရန် ဓာတ်တော်များ ပိုဆောင်ခဲ့၏။

ထို့ကြောင့် သာသနာနှစ် ၂၂၅ ခုနှစ်တွင် ချင်းတွင်းမြစ်တစ်လျှောက် ဧရာဝတီမြစ်ဆုံကျအောင် မုဋ္ဌောကိုးဆူကို တည်ခဲ့သည်။

မုဋ္ဌောကိုးဆူ၏ ပထမတစ်ဆူကို သလ္လာဝတီမြစ်ဆုံတွင် တောင်ပေါ်၌ တည်ထားတော်မူ၏။ အတောင် ၄၀ အနက်တူးကာ ရတနာတိုက်ဖွဲ့၍ ဓာတ်တော်များကို ဌာပနာခဲ့သည်။ ဌာပနာကို ပိတ်ကာ ကျောက်စေတီတော်ကို တည်ခဲ့သည်။ ဘုရားအား ဝတ်ပြုရန်အတွက်လည်း အိမ်ထောင်စု ၅ စုကို တာဝန်ပေးခဲ့သည်။ ကျန်ရှိသည့် ဓာတ်တော်များကိုမူ မြတ်ကြုတ်ဖြင့် ထည့်ကာ နန်းတော်ဦး၌ ပူဇော်ထားရှိခဲ့သည်။[၁]

ပြုပြင်မွမ်းမံမှုများ ပြင်ဆင်ရန်

သက္ကရာဇ် ၄၅၀ ခုနှစ်တွင် အလောင်းစည်သူမင်းသည် တိုင်းခန်းလှည့်လည်ရာတွင် ရွှေမုဋ္ဌောဘုရားကို ပြုပြင်ခဲ့သည်။

သက္ကရာဇ် ၁၂၆၉ ခုနှစ်တွင် စေတီတော်သည် ယိုယွင်းပျက်စီးလာခဲ့သည့်အတွက် ဦးစံမင်း မိသားစုက ကြီးမှူးကာ ဒါယကာ ဒါယကာမတို့က ပြုပြင်ခဲ့သည်။

သက္ကရာဇ် ၁၃၀၃ ခုနှစ်တွင် ဦးကွန်းလုံးနှင့် ဦးလူခန့်တို့က ကြီးမှူးကာ ပြုပြင်ခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၄၅၊ ၂၄၆။