ရွှေရေးဆောင်ဆရာတော် (မြန်မာ ၁၂၁၉-၁၂၉၇) ပြင်ဆင်ရန်

ရွှေရေးဆောင်ဆရာတော်သည် ရွှေပြည်ရန်အောင် အနောက်လက် ကျောက်ဆောင်မြို့အပိုင်ဖြစ်သော ယခု မြင်းခြံ ခရိုင် တောင်သာမြို့နယ် မန်ကျည်းချိုရွာတွင် သက္ကရာဇ် ၁၂၁၉ ခု၊ ဝါဆိုလဆန်း ၈ ရက် တနင်္ဂနွေနေ့၌ ဖွားမြင်တော်မူသည်။ မိဘများမှာ ရွှေပြည်ရန်အောင် မြင်းတပ်မှူး ဦးကြာဝင်းနှင့် ဇနီး ဒေါ်ကြွယ်တို့ ဖြစ်သည်။ သားသမီး ခြောက်ယောက် အနက် စတုတ္ထမြောက်သား ဖြစ်သည်။ ငယ်မည်မှာ ဦးကြည် ဖြစ်သည်။

ဆရာတော်၏မိဘများသည် အမရပူရမြို့သို့ ပြောင်းရွေ့ နေထိုင်ကြလျက် ဆရာတော်လောင်း မောင်ကြည် ဆယ်နှစ် သားအရွယ်တွင် မန္တလေးမြို့ မြောက်ပြင်မင်္ဂလာမဟာဇောတိ ကာရာမတိုက်၌ သီတင်းသုံးနေထိုင်သော ချောင်းဆုံဆရာတော် အရှင်တေဇဝန္တာဘိဓဇထံ အပ်နှံ၍ သူငယ်ဆိုင်ရာ စာများကို သင်ကြားစေသည်။

ရွှေရေးဆောင်ဆရာတော်သည် ငယ်ဆရာရင်းဖြစ်သော အရှင်ဇေဝန္တာဘိဓဇထံတွင် ပညာသင်ကြား၍ ဆဲ့နှစ်နှစ်သား အရွယ်သို့ ရောက်သောအခါ မင်းတုန်းမင်းကြီး၏ တောင်ညာစံ စကြာဒေဝီ မဟေသီမိဖုရား ခေါင်ကြီး ရှေ့တော်တွင် ပထမ ပြန်ဆိုလေသည်။ ထိုနောက် ဆဲ့သုံးနှစ်သားအရွယ်သို့ ရောက် သောအခါ သုဓမ္မာစရပ်တော်တွင် ပထမငယ် ပြန်ဆို၍ ဆဲ့လေး နှစ်သားအရွယ်တွင် ပထမလတ်၊ ဆဲ့ငါးနှစ်သားအရွယ်သို့ ရောက်သောအခါ၌ကား ပထမကျော် ပြန်ဆိုတော်မူလေသည်။ ရွှေရေးဆောင်ဆရာတော်လောင်းသည် ငယ်ဆရာ ဦးတေဇဝန္တာဘိဓဇထံ၌ပင် ရှင်သာမဏေအဖြစ်သို့ ရောက်ခဲ့ သည်။ ဘွဲ့တော်မှာ ရှင်အနုရုဒ္ဓ ဖြစ်သည်။ သုဓမ္မာစရပ်၌ ပထမပြန်လေးကြိမ် ပြန်ဆိုပြီးသည်နောက် ငယ်ဆရာဖြစ်သော အရှင်တေဇဝန္တာဘိဓဇသည် ချောင်းဆုံရွာသို့ ပြန်ကြွတော်မူ သောခါ ဆရာတော်လောင်း သာမဏေကို မင်္ဂလာမဟာဇောတိ ကာရာမတိုက်ကြီး၏ ဦးစီးနာယကဖြစ်တော်မူသော သုဒဿန ဓဇ ဓမသာမိ သီရိပဝရမဟာဓမ္မရာဇာဓိရာဇ ဂုရုတံဆိပ်တော်ရ မင်္ဂလာစံကျောင်း ဆရာတော်ဘုရားကြီးနှင့် နောင်အခါ မိုင်းခိုင်း ဆရာတော်ဟု ထင်ပေါ်ကျော်စောတော်မူလတ္တံ့သော ပထမစာချ ဆရာတော်တို့ထံ အပ်နှံခဲ့လေသည်။

ရွှေရေးဆောင်ဆရာတော်သည် အသက်နှစ်ဆယ်ပြည့်သော အခါ သက္ကရာဇ် ၁၂၃၉ ခုနှစ်တွင် မန္တလေးမြို့ မင်္ဂလာစံ ကျောင်းတိုက်အတွင်း ခဏ္ဍသိမ်၌ စံကျောင်းဆရာတော်ဘုရား ကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်တော်မူလေသည်။ ရဟန်းဘွဲ့မှာ ရှင်အာဒိစ္စရံသီ ဖြစ်သည်။ ရဟန်းဒါယကာကား စလေမြို့စား လှေသင်းအတွင်းဝန်မင်းကြီး သီရိမဟာဇေယျ ကျော်ထင် ဖြစ်သည်။ လှေသင်းအတွင်းဝန်မင်းကြီး သီရိမဟာ ဇေယျကျော်ထင်သည် ဘုရင့်အမိန့်တော်ဖြင့် သုဓမ္မာစာပြန်ပွဲ သဘင်ကြီးကို နှစ်နှစ်တိုင်တိုင်ဆက်ကာ ကြပ်မ ဆောင်ရွက်ရ သည် ဖြစ်သောကြောင့် ရွှေရေးဆောင် ဆရာတော်လောင်း၏ အရည်အခြင်းကို ကိုယ်တွေ့မျက်မြင် အထင်အရှား သိသဖြင့် စံကျောင်းဆရာတော်ဘုရားကြီးနှင့် မိုင်းခိုင်းဆရာတော်တို့အား လျှောက်ထားတောင်း ပန်ပြီးလျှင် ရဟန်းဒါယကာပြုလျက် ချီးမြေ|ာက်ထောက်ပံ့ခြင်း ဖြစ်လေသည်။

ရဟန်းအဖြစ်သို့ ရောက်ပြီးနောက်၌လည်း စံကျောင်းတိုက် ၌ပင် နေထိုင်လျက် စံကျောင်းဆရာတော် ဘုရားကြီးနှင့် မိုင်း ခိုင်းဆရာတော်တို့ထံ၌ ပိဋကတ်စာပေများကို ဆက်လက် သင် ကြားနည်းခံ၍ မိမိကလည်း တစ်ဆင့် စာသင်သားတို့အား စာပေပို့ချတော်မူသည်။ သက္ကရာဇ် ၁၂၅၇ ခုနှစ်တွင် မိုင်းခိုင်း ဆရာတော်သည် စံကျောင်းတိုက်၌ပင် များစွာသော စာသင်သား တို့အား ပိဋကတ်စာပေတို့ကို ပို့ချကာ နေရစ်တော်မူသည်။ ဆရာတော် အရှင်အာဒိစ္စရံသီသည် သက္ကရာဇ် ၁၂၆ဝ ပြည့်နှစ်တွင် ဆရာရင်းဖြစ်သူ မိုင်းခိုင်းဆရာတော် ဘုရားကြီး ခေါ်တော်မူချက်အရ စံကျောင်းတိုက်မှ ရွှေရေးဆောင်ကျောင်း တိုက်သို့ ရွေ့ပြောင်းကြွရောက်ကာ မိုင်းခိုင်းဆရာတော်ဘုရား ကြီး၏ လက်အောက်တွင် စာပေပို့ချတော်မူရလေသည်။ သက္ကရာဇ် ၁၂၆၁ ခုနှစ် တပေါင်းလပြည့်ကျော် ဆဲ့သုံးရက်နေ့ တွင် မိုင်းခိုင်းဆရာတော်ဘုရားကြီး ပျံလွန်တော်မူသဖြင့် ဆရာ တော် အရှင်အာဒိစ္စရံသည် ရွှေရေးဆောင်တိုက်ကြီး၏ ဦးစီး နာယက ဂဏဝါစက စာချပုဂ္ဂိုလ်ကြီးအဖြစ်သို့ ရောက်လေ သည်။ ထိုအခါမှစ၍ ရွှေရေးဆောင်ဆရာတော်ဦးကြည်ဟု ထင် ပေါ်ကျော်ကြားလေသည်။ ဆရာတော်ကား ငယ်မည်ဖြင့် ထင်ရှား တော်မူသည့် ဆရာတော် ဖြစ်သည်။

ရွှေရေးဆောင် ကျောင်းတိုက်ကြီးကား သက္ကရာဇ် ၁၁၅၃ ခုနှစ် ပြာသိုလဆန်း ၁၁ ရက်နေ့တွင် အမရပူရ ပထမမြို့တည် နန်းတည် ဘိုးတော်မင်းတရားကြီး၏ တောင်ရွှေးရေးဆောင် မိဖုရား သီရိမဟာမင်္ဂလာဒေဝီ ဆောက်လုပ်လှူဒါန်းခဲ့သော ကျောင်းတိုက်ကြီးဖြစ်သည်။ ဝေယန်စံလွတ်ဟူ၍ ကျောင်း မည် ကမ္ပည်းစိုက်ခဲ့ သော်လည်း ကျောင်းဒါယိကာမကို အစွဲ ပြု၍ ရွှေရေးဆောင်ကျောင်းတိုက် ဟူ၍သာ တွင်လေသည်။ ရွှေရေးဆောင်ဆရာတော်ကား မန္တလေးမြို့တွင် စာသင် သားတို့အား စာပေပို့ချရာ၌ လွန်စွာနာမည်ကြီးသော ဆရာ တော်ဖြစ်သည်။ ပါဠိ ပိဋကတ်ကျမ်းဂန်များသာမက သက္ကတ ဗျာကရုဏ်းကျမ်း၊ ဗေဒင်ကျမ်းတို့ကို တတ်ကျွမ်းတော်မူ လေသည်။

ရွှေရေးဆောင်ဆရာတော်ဘုရားကြီးသည် မန္တလေးမြို့တွင် ခိုဝင်ရောက်ရှိလာသော တပည့်စာသင်သား မြောက်မြားစွာတို့ အား ပိဋကတ်ကျမ်းဂန်တို့ကို ချပို့တော်မူရင်း အောက်ပါကျမ်း တို့ကိုလည်း ရေးသားပြုစုတော်မူလေသည်။

  1. ဂမ္ဘီရတ္ထမည်သော စံကျောင်းနိယံ
  2. ဂမ္ဘီရတ္ထနိယာမ ဝိသဇ္ဇနာ၊
  3. ဌပနာပဉ္စက၊ ဌပနာဆက္ကအထွက် အတက်
  4. နိပါတတ္ထ ဝိဘာဝနီ
  5. ဘေဒစိန္တာဋီကာ နိဿယ
  6. သုဗောဓ ဇာတက ဗေဒင်ကျမ်း
  7. သောတုဇန ဟိတကာရီ
  8. သိမ်လင်္ကာ
  9. ဟာရကောက်လင်္ကာ
  10. ဧကက္ခရကောသလင်္ကာ

ထိုပြင် အောက်ပါကျမ်းများကိုလည်း ပြင်ဆင်တော်မူခဲ့ လေသည်။

  1. စလင်းဆရာတော် မဟာဝါဂဏ္ဌိ
  2. နေတ္တိပါဠိတော် နိဿယ
  3. မုဒ္ဓဗောဓ နိဿယ
  4. ဘေဒစိန္တာ ဋီကာဟောင်း
  5. ဝိနယသင်္ဂဟ ဋီကာဟောင်း၊ ဋီကာသစ်

ရွှေရေးဆောင်ဆရာတော် အရှင်အာဒိစ္စရံသီသည် သက် တော် ၇၈ နှစ်၊ ဝါတော် ၅၈ ဝါအရ သက္ကရာဇ် ၁၂၉၇ ခုနှစ် ဦး တန်ခူးလပြည့်ကျော် ၄ ရက် တနင်္ဂနွေနေ့တွင် ပျံလွန်တော် မူလေသည်။

  • (ဤရွှေရေးဆောင်ဆရာတော်၏ အတ္ထုပ္ပတ္တိကို (၁) ဆရာ

တော်ကိုယ်တိုင်ရေးသည့် ဂမ္ဘီရတ္ထနိယာမ ဝိသဇ္ဇနာကျမ်း နိဂုံး နှင့် (၂) ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း)ရေးသည့် ရွှေရေး ဆောင် ထေရုပ္ပတ္တိကထာကျမ်းတို့ကို ကြည့်ရှုလေ့လာ တိုက် ဆိုင် ရေးသားပါသည်။) [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)