ရွှေသဌေးနှင့် သေဘေး
ရွှေသဌေးနှင့် သေဘေး ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။
အကြောင်းအရာ
ပြင်ဆင်ရန်အများသံဝေဂ ဖြစ်ကြစေရန် သံသရာအကြောင်းကို ဖွဲ့ဆိုထားသည်။
ရွှေသဌေးနှင့် သေဘေး
ပြင်ဆင်ရန်စီးမြစ်ရေ၊ အဏ္ဏဝါကဲ့သို့၊ ဖန်ခါခါ သံသရာဝဲမှာဖြင့်၊ နာမ်စဲလျှင် ဝိညာဉ်တွယ်လို့၊ ငရဲအပါယ်လူ့ဘုံနတ်ကယ်နှင့်၊ အမြဲမတည်ဝဲလည်တဲ့ ရဟတ်ကဲ့သို့၊ စွဲဥပါဒ်ဌိနှင့်။
သန္ဓေတည် ရေကြည်က ပျက်တတ်တဲ့၊ ခြေလက်စုံ အင်္ဂါနှင့်၊ မြင်မျက်နှာ ပေါက်လာထွက်တော့၊ ခြောက်ရက်က ရှင်သူရှင်နှင့်၊ ပုခက်တင်အရွယ်က၊ တဆယ်နှစ်ဆယ် သုံးဆယ်ထားလို့၊ လေးငါးဆယ်ခြောက် ခုနစ်နှင့်၊ အလွန်ရှစ်ပါ တရားကိုးဆယ်ထိ၊ သေမျိုးကိုမလွန်နိုင်၊ အခွန်ပိုင်ရိုးရာဘက်ကယ်က၊ ငြိုးရက်နေ့စဉ်။
ပရမတ်ကိုဖြင့်၊ မပြတ်အောင်ဆင်ခြင်၍၊ အရဟတ္တမင် ဓာတ်အသင်္ခတသို့၊ ဝင်ကြကာ ခိုလှုံမိမှ၊ ဇာတိဇရာနှင့်၊ ဗျာဓိမရဏ၊ ဝဋ်ကြမ္မာငြိမ်းတော့မှ၊ ဒွတ္တိံသာ အစအဆုံး၏၊ နိဂုံးမှာချုံးကာထားတဲ့၊ သုံးပါးပြိုင် လက္ခဏာရေးနှင့်၊ ကွာဝေးလှအများပင်၊ ရှာခင်ကြစိတ်ပုတီး။
တမျက်လွှာ စက်ကာမအိပ်ရဘူ့၊ ပရွက်ဆိပ်ကောင် ကျင်ကောင် များကဲ့သို့၊ အသွားအလာနှင့်၊ စားအစာရှာဖွေလို့၊ စပါးရာကဋေ ပတ္တမြား ရတနာရွှေငွေ ဌေးချင်ကြ၊ သေဘေး ဘယ်ခါ ရောက်မည်ဟု၊ မကြောက်နိုင် လူဗိုလ်ပါတို့၊ ဟိုမသာမှာ ငိုရှာသူအပါးက၊ မရဏာတရားဘယ်သူဟောလိမ့်၊ ရယ်မောပျော်ချင်တိုင်းနှင့်၊ သဘင်ဆိုင်းစုံ ခုန်ကာကကြ၊ မျောစရာ ဩဃာသဝတို့၊ မောဟာမှောင် ဒေါမနာသ ငယ်နှင့်၊ လောဘလောင်မီး။
ခက်ဆစ်
ပြင်ဆင်ရန်၁။ ဥပါဒ်ဌီဘင် = ဖြစ်တည်ပျက်တရားသုံးပါး။
၂။ အရဟတ္တမင် = အရဟတ္တမဂ္ဂတရား။
၃။ ဓာတ်အသင်္ခတ = ပြုပြင်မှုမရှိသော နိဗ္ဗာန်။
၄။ ဇာတိဇရာ = ဖြစ်ခြင်းအိုမင်းခြင်းတရား။
၅။ ဗျာဓိမရဏာ = နာဖျားခြင်း သေခြင်းတရား။
၆။ ဒွတ္တိံသာ = ၃၂ ပါးသော ကိုယ်ခန္ဓာအမှတ်စု။
၇။ ဩဃာသဝ = ယိုစီးတတ်သောတရားလေးပါး။
၈။ မောဟာ = မှောင်မိုက်သောတရား။
၉။ ဒေါမနာသ = ဒေါသ မနဿတရား။ ဒေါသနှင့် ယှဉ်သော စိတ်။
၁၀။ လောဘ = အလိုဆန္ဒကြီးခြင်း။
မှတ်ချက်
ပြင်ဆင်ရန်ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။