ရွှေအင်းတောင်စေတီတော် သည် တောင်တွင်းကြီးမြို့၏ အလယ်တွင် တည်ရှိသည်။[]

ရွှေအင်းတောင်စေတီ

သမိုင်းကြောင်း

ပြင်ဆင်ရန်

တောင်တွင်းကြီးမြို့ကို တည်ထောင်သည့် သဂရမင်း ငါးဆက်မြောက် ပိတ်ရောင်မင်းလက်ထက်တွင် ဖြစ်၏။ မြတ်စွာဘုရား ပွင့်တော်မမူမီ နှစ် ၃၀၀ ခန့်တွင် မဇ္ဈိမဒေသ၊ သင်္ကဿနဂိုရ်ပြည်တွင် မင်းဆက် ပြတ်ခဲ့သည်။ ထိုအခါ ဘေရိန္ဒမင်းကြီး ကိုးကွယ်ခဲ့သည့် ကဿပဘုရားရှင်၏ ဥဏ္ဏလုံမွေရှင်တော်သည် ပိတ်ရောင်မင်းကြီးထံသို့ ရောက်ရှိခဲ့သည်။ ထိုအခါ မင်းကြီးသည် ဝမ်းမြောက်စွာ ဌာပနာ၍ စေတီတော် တည်ခဲ့သည်။

မင်းကြီးသည် စေတီတော် တည်ဆဲအချိန်၌ ဆုံးပါးခဲ့သည်။ ထို့ကြောင့် သားတော်ဖြစ်သူ သံတောင်မင်းသည် အတောင် ၃၀ အထိ ဆက်လက် တည်ခဲ့သည်။[]

ပြုပြင်မွမ်းမံမှုများ

ပြင်ဆင်ရန်

သာသနာနှစ် ၁၀၁ ခုနှစ်တွင် ပန်ထွာမင်းသမီးသည် ပြုပြင်ကာ ထီးတော်တင်ခဲ့သည်။

သာသနနာနှစ် ၉၀၈ ခုနှစ်တွင် တောင်တွင်းကြီးမြို့ကို ဒုတိယအကြိမ်တည်ထောင်သည့် မင်းပြောင်မင်းရောင် ညီနောင်လေးပါးတို့သည် ပြုပြင်ခဲ့သည်။

သက္ကရာဇ် ၃၅၈ ခုနှစ်တွင် တောင်တွင်းမင်း သီဟပတေ့လက်ထက်တွင် စေတီတော်ကို ဉာဏ်တော် ၆၆ တောင်အထိမြှင့်ကာ တည်ထားခဲ့သည်။ အရှေ့ရိုးမမှ ကျောက်ပြားများကို သယ်ဆောင်ကာ စေတီတော်၏ မုခ်ဦးလေးဖက်တွင် လှေကားထစ်များ ခင်းတော်မူခဲ့သည်။ ကုန်းတော်ကိုလည်း မြှင့်တင်ခဲ့သည်။

ဘိုးတော်ဘုရားသည် သက္ကရာဇ် ၁၁၄၇ ခုနှစ်၊ သီတင်းကျွတ်လဆုတ် ၉ ရက်နေ့တွင် နန်းတက်ပြီးနောက် ရွှေအင်းတောင်ဘုရားအား ဝတ္တုကံမြေ လှူခဲ့သည်။ ဝတ္တုကံမြေလှူကြောင်းကို ၁၁၅၅ ခုနှစ်တွင် ကျောက်စာရေးထိုးခဲ့သည်။

သက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် မြေငလျင်ဒဏ်ကြောင့် စေတီတော်၏ ပထမဖောင်းရစ်အထက်မှ ပြိုကျခဲ့သည်။ မြောက်ထားဝယ်မင်းကြီး မဟာမင်းခေါင်ဘွဲ့ခံ ဦးညိုရောင်သည် ကြီးမှူးကာ စေတီတော်ကို ဉာဏ်တော် ၆၈ တောင်အထိ မြင့်အောင် ပြုပြင်ခဲ့သည်။

၁၂၁၉ ခုနှစ်တွင် မြေငလျင်လှုပ်၍ ပြိုပျက်ခဲ့ပြန်သည်။ တောင်တွင်းကြီးမြို့ မြောက်ဘက်၊ ဗိုလ်မင်းလှ တန်ဆောင်ဘွဲ့ခံ ဦးဖဲသည် ကြီးမှူးကာ ဉာဏ်တော် ၇၃ တောင်မြင့်အောင် ပြုပြင်ခဲ့သည်။

၁၂၅၁ ခုနှစ်တွင် စေတီတော်နှင့် အရုဏ်ခံတန်ဆောင်း ပြာသာဒ်များ မီးလောင်ခဲ့သည်။ ထို့ကြောင့် သမန္တသီရိဝဏ္ဏဘွဲ့ခံ ဦးရွှေအိက ပြန်လည်ပြုပြင်ခဲ့သည်။ ရွှေသင်္ကန်းကပ်ကာ စရပ်၊ တန်ဆောင်းများ ဆောင်လုပ်ခဲ့သည်။[]

အတိုင်းအတာများ

ပြင်ဆင်ရန်

စေတီတော်သည် ဉာဏ်တော် ၇၅ တောင်၊ ထီးအမြင့် ၁၅ တောင် ရှိသည်။ စေတီအရံ ၄၁၄ ဆူ ရှိသည်။[]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၅၃၊ ၂၅၄။